သြဂုတ် ၂၉၊၂၀၂၆။သုည/People’s Spring
ရန်ကုန်မြို့မှာ ဖူဆယ်ဘောလုံးပွဲကြည့်ရှုပြီး အဆောင်ကိုပြန်လာစဉ် တစ်ပတ်ကြာ အဆက် အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ကို ပြန်တွေ့ပြီ ဖြစ်ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၉) မှာ ထုတ်ပြန်ပါတယ်။
အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး အပြန်ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်ပိုင်း အဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာ သြဂုတ် ၂၉ ရက်မှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ အသင်းကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စိတ်ပူပန်သူအားလုံး စိတ်အေးချမ်းသာနိုင်ပြီ ဖြစ်ကြောင်း ချင်းလန်းအသင်းက ဆိုပါတယ်။
ယင်းဖော်ပြချက်ကို ပြည်သူတွေက မယုံကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကို လမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။
Pa Lung ကို အမြန်လမ်းတနေရာမှ သွားပြန်ခေါ်ခဲ့ရတယ်လို့လည်း ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းအချို့ ဆိုပါတယ်။
“နေပြည်တော်ဘက်သွားတဲ့ အမြန်လမ်းတနေရာကနေ သွားခေါ်ခဲ့ရတယ် ကြားတယ်။ အတိအကျတော့ မပြောတတ်ဘူး။ လူတစ်စု ဖမ်းခေါ်သွားတယ်လို့ပဲ သိရတယ်” လို့ ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်ကပေါ်တာဆွဲတာကို ပျူစောထီးတွေ၊လူမိုက်တွေ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတွေ၊ရဲနဲ့စစ်သားတွေက အဓိကလုပ်နေကြတာဖြစ်ပါတယ်။ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစုဆောင်းရသူတွေကို ပြန်လည်ရောင်းချတဲ့ဈေးကွက်လည်းရှိနေပြီး ကျပ်သိန်းဆယ်ဂဏန်းကနေ၊သိန်းရာနဲ့ချီပြီးအထိ ရှိနေတယ်လို့စုံစမ်းသိရပါတယ် ။
အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။
နိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာ စစ်တပ်က စစ်သားသစ်တွေကိုသာအဓိကအသုံးပြုနေပြီးသေဆုံဒဏ်ရာရသူ ၊ထွက်ပြေးသူ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူတွေလည်းများနေပါတယ်။ဒါကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာတွေ စစ်တပ်ထိန်းချုပ်ဒေသတွေမှာ ပိုမိုပြုလုပ်နေပါတယ် ။ဒါကြောင့်တော်လှန်ရေးတပ်တွေ စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်သတိပြုပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့ ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။


















































