People’s Spring
ဝေးကွာလှတဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေရဲ့ တင်းမာမှုဟာ နယူးယောက်မြို့လယ်ပန်းခြံကြီး(Central Park)နဲ့ ဘလောက် တစ်ဝက်စာလောက်အကွာ၊ သဲကျောက်တွေနဲ့ ဆောက်လုပ်ထားရာ လူနေတိုက် တစ်လုံးအထိ ကူးစက် ရောက်ရှိနေပါတယ်။
ငါးထပ်အဆောက်အအုံရဲ့အပေါ်ဆုံး နှစ်ထပ်မှာ အာဏာသိမ်း မြန်မာစစ်တပ်ကို သစ္စာခံတဲ့ အရာရှိတွေ နေထိုင်နေပါတယ်။ အောက်က သုံးထပ်ကတော့ အာဏာသိမ်း စစ်တပ်ကို တရားဝင် အစိုးရအဖြစ် လက်မခံဘဲအာဏာ ဖီဆန် ရပ်တည်နေတဲ့ သံအရာရှိ တစ်ဦးရဲ့ ပိုင်နက်လို့ သတ်မှတ်နိုင်ပါတယ်။
အဲဒီ သံအရာရှိကြီးကတော့ ဦးကျော်မိုးထွန်းပါပဲ။သူဟာ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရောဂါဆိုးကြီးဖိစီးနေတဲ့ကာလထဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအစိုးရ ကိုယ်စားလှယ် အနေနဲ့ နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ လပိုင်းလောက်အကြာမှာတော့ သူကိုယ်စားပြုတဲ့ ရွေးကောက်ခံမြန်မာအစိုးရကိုစစ်တပ်ကဖယ်ရှားပြီး အာဏာသိမ်းလိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး ဦးကျော်မိုးထွန်းဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအတွက် အလုပ်လုပ်ပေးဖို့ အစဉ်တစိုက်ဖီဆန်ပြီး ငြင်းဆိုခဲ့ပါတယ်။

Public Service Announcement

သူဟာ စစ်ခေါင်းဆောင်တွေကိုအာခံရပ်တည်ရင်းကုလသမဂ္ဂမှာရှိနေတဲ့သူ့ရဲ့ရာထူးနေရာကိုရော၊သူနေထိုင်ရာနေရာကိုပါ အလျှော့မပေးစတမ်း ကာကွယ်ထားခဲ့ပါတယ်။ အဲဒီ ခိုင်မာမြဲမြံတဲ့အားထုတ်မှုကပဲ မြန်မာနိုင်ငံရဲ့ ရှည်လျားကြမ်းတမ်းတဲ့ ဒီမိုကရေစီရေး ရုန်းကန်မှုတွေအတွက် ပြတင်းပေါက် တံခါးတစ်ချပ် ဖြစ်နေခဲ့ပါတယ်။
တစ်ချိန်တုန်းကဦးကျော်မိုးထွန်းရဲ့လက်အောက်ကအမှုထမ်းတွေဖြစ်ခဲ့ပြီး အခုတော့ စစ်တပ်ကို သစ္စာခံသွားတဲ့ အရာရှိတွေရော၊ ဦးကျော်မိုးထွန်းရဲ့ အဖွဲ့သားတွေကပါ သူတို့ ထိန်းသိမ်းထားတဲ့ အဆောက်အအုံ အစိတ်အပိုင်း နေရာတွေမှာ လူမရှိဘဲ ထွက်မသွားရဲကြပါဘူး။ ပြိုင်ဘက်တွေက ဒါကို အခွင့်ကောင်းယူပြီး သော့ပြောင်းခတ်သွားတာမျိုး လုပ်မှာကိုနှစ်ဖက်စလုံးကစိုးရိမ်နေကြပါတယ်။
“သော့ကတော့ကျွန်တော်တို့ကိုင်ထားတာပါ”လို့ မကြာသေးခင်က စာရေးသူက ကုလသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ် ရုံးဆီ သွားရောက်ချိန်မှာ ဦးကျော်မိုးထွန်းက ပြောပြပါတယ်။ အပေါ်ထပ်က မလိုလားစရာ အိမ်နီးချင်းတွေနဲ့ပတ်သက်လို့တော့“သူတို့က ကျွန်တော်တို့ ဘာလုပ်သလဲဆိုတာကို တောက်လျှောက် စောင့်ကြည့်နေတာဗျ။ ဒီနေ့ ခင်ဗျားလာတဲ့ အကြောင်းကိုလည်း သူတို့ အစီရင်ခံကြလိမ့်မယ်”လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းဖယ်ရှားလိုက်တဲ့ အရပ်သား အစိုးရကို ကုလသမဂ္ဂက တရားဝင် မြန်မာ အစိုးရအဖြစ် သတ်မှတ်ထားဆဲပါ။ တစ်ဖက်မှာတော့အခုသီတင်းပတ်မှာကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင် ဦးကျော်မိုးထွန်းရဲ့ နေရာကို ဖိအားပေးဖို့ မြန်မာစစ်တပ်က ပိုပြီး အရှိန်မြှင့် ကြိုးစားလာပါတယ်။
နိုင်ငံတကာ အသိအမှတ် ပြုမှုကို အငမ်းမရ လိုချင်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရတဲ့ ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သူ့ကိုယ်သူ သမ္မတဂုဏ်ပုဒ် ကောက်တပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့လို နိုင်ငံခေါင်းဆောင်တွေနဲ့ ကော်ဇောနီ လျှောက်လမ်းပေါ် အတူလျှောက်ပြတဲ့ ပုံရိပ်တွေကို ဖန်တီးယူလာနေပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လမှာတော့အရပ်သားအစိုးရ မျက်နှာဖုံး တပ်ထားတဲ့ အာဏာသိမ်း စစ်တပ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာတော့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂမှာ ဆက်ရှိနေခွင့်ရဖို့ ဒေါ်လာ ၂.၆ သန်းလောက်ကို မလျော်မကန် အသုံးပြုခဲ့ကြောင်း စွပ်စွဲရေးသားထားပါတယ်။ စစ်တပ်ဟာ ဦးကျော်မိုးထွန်းကို ဝရမ်းပြေး၊ သူခိုး၊ သစ္စာဖောက်စတဲ့ အသုံးအနှုန်းတွေနဲ့လည်း အမျိုးစုံ ပုတ်ခတ်ခဲ့ဖူးပါတယ်။ ဒီလထဲမှာတော့ အဲဒီ အပုပ်ချ ဝေါဟာရတွေကို စစ်တပ်က ပိုပြီး ဖောဖောသီသီ သုံးစွဲလာသလို ဦးကျော်မိုးထွန်းကို ဖမ်းဆီးဖို့ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (အင်တာပိုလ်)နဲ့ပါ ချိတ်ဆက်ထားတယ်လို့ ပြောပါတယ်။
“ဒီနှစ်မှာသူတို့ကအစွမ်းကုန် ပုံအောပြီး ကြိုးစားလာတာဗျ”လို့ ၂၀၂၁ ကတည်းက စစ်တပ်က အသိအမှတ် မပြုကြောင်း ကြေညာတာ ခံထားရတဲ့ ဦးကျော်မိုးထွန်းကပြောပါတယ်။ ၂၀၂၁ နောက်ပိုင်း စစ်တပ်ဟာ သူ့ပတ်စ်ပို့တ်ကို ပယ်ဖျက်ခဲ့သလို ကုလသမဂ္ဂဆိုင်ရာမြန်မာသံရုံးရဲ့ဘဏ်အကောင့်ကို ထိန်းချုပ် ပိတ်ဆို့ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ကြောင်း သူက ရှင်းပြပါတယ်။
စစ်တပ်ကို ဖီဆန်ခဲ့တဲ့ သူ့ရဲ့ အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့် တစ်ခုကတော့ ၂၀၂၁ ခုနှစ်တုန်းက ကုလသမဂ္ဂ ဌာနချုပ်ထဲမှာမိန့်ခွန်းပြောရင်းစစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်းလက်သုံးချောင်းထောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက လုံခြုံရေး ကောင်စီ မိန့်ခွန်းမှာ ဦးကျော်မိုးထွန်းက လုံခြုံရေး ကောင်စီဟာ မြန်မာနဲ့ ပတ်သက်ပြီး အပ်နှင်းခံထားရတဲ့တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ထည့်သွင်းစွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့အဲဒီနောက်ပိုင်းနှစ်တွေနည်းတူ ဒီလမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်းပဲ ဦးကျော်မိုးထွန်းဟာ မိန့်ခွန်းပြောခွင့် ရဖွယ် မရှိပါဘူး။
၂၀၂၁ တုန်းက ဦးကျော်မိုးထွန်းဟာ သူ့အသက်ကို လုပ်ကြံမယ့် အခြေအနေ တစ်ခုကို ကြုံတွေ့ခဲ့ရဖူးပါတယ်။နောက်တော့သူ့အတွက် လပေါင်း အတော်ကြာအောင် အမေရိကန် အစိုးရက လုံခြုံရေး စီစဉ်ပေးခဲ့ရပါတယ်။“Costco (လက္ကား စျေးဝယ်စင်တာ)ကိုတောင် ကျွန်တော်က ကျည်ကာ ဗင်ကားနဲ့ သွားခဲ့ရတာ”လို့ သူ့ရဲ့အပတ်စဉ်လိုအပ်တဲ့ ကုန်စုံတွေ သွားဝယ်ယူရတဲ့ အကြောင်းကို ဦးကျော်မိုးထွန်းက ပြောပြပါတယ်။
သူ့မိသားစုလည်း ထိခိုက်ခံစားရတာတွေ ရှိခဲ့တာပါပဲ။
နယူးယောက်မှာရှိတဲ့ သံအမတ်ကြီး အိမ်တော်မှာ သုတ်ထားတဲ့ ဆေးတွေထဲ ခဲဓာတ်တွေ ပါဝင်နေတာကြောင့် သူတို့ မိသားစု အနေနဲ့ အဲဒီမှာ ဆက်မနေသင့်ဘူးလို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အကြံပေးပါတယ်။ဒါပေမဲ့ အိမ်ကိုစစ်တပ်ကသိမ်းယူသွားမှာကို စိုးရိမ်လို့ ဒါမျိုး အဖြစ်မခံနိုင်ကြောင်း ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာအဲဒီတုန်းကတောက်တောက်ပြေးတတ်စအရွယ် သားငယ်လေးကို ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေး ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့မိသားစုက ဆက်နေခဲ့ပါတယ်။ နောက်တော့ အမေရိကန်ရောက် မြန်မာပြည်သူတွေရဲ့ စေတနာအလျောက် ဝိုင်းဝန်း အကူအညီပေးမှုနဲ့အတူ အိမ်ကို ဆေးပြန်သုတ်ခဲ့ကြပါတယ်။

အခုတော့သူ့သားလေးဟာအသက် ၇ နှစ် ရှိနေပြီဖြစ်ပြီးခဲဓာတ်နဲ့ ထိတွေ့မိခဲ့တဲ့ဒဏ်ကြောင့် စကားပြောဆိုမှု အပိုင်းမှာ ဖွံ့ဖြိုးမှု နည်းနည်း နောက်ကျနေကြောင်း ဦးကျော်မိုးထွန်းက ပြောပြပါတယ်။ သူ့မှာ ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်လည်း ရှိပါတယ်။
သူ့ရုံးမှာတော့ ဦးကျော်မိုးထွန်းဟာ ထောက်ခံသူတွေဆီက ပေးပို့တဲ့ လက်ဆောင်တွေ၊ ပေးစာတွေကို၊ အခမ်းအနား ပေါင်းစုံကနေ ရရှိခဲ့တဲ့ နာမည်ကတ်တွေကို သေချာ သိမ်းဆည်းထားပါတယ်။ အဲဒါတွေက သူဟာ မြန်မာနိုင်ငံအတွက် အမှန်တကယ် ကိုယ်စားပြုပေးနေတယ် ဆိုတာကို သူ့ကိုယ်သူ ပြန်သတိပေးနေသလိုပါပဲ။ နံရံပေါ်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံပါတဲ့ ၂၀၂၀ ပြည့်နှစ် ပြက္ခဒိန်ဟောင်း တစ်ခုကို ချိတ်ဆွဲထားဆဲ ဖြစ်ပါတယ်။
သူဟာ အဲဒီကနေတဆင့် မြန်မာနိုင်ငံမှာ ရှိနေပြီး ကမ္ဘာပေါ်က အကြမ်းတမ်းဆုံး စစ်ရေးပဋိပက္ခတွေထဲက တစ်ခုမှာ ပါဝင်ရုန်းကန် လှုပ်ရှားနေသူတွေဆီ ပုံမှန် video callတွေ ခေါ်ပြီး ဆက်သွယ် စကားပြောခဲ့ပါတယ်။ ကြမ်းတမ်းခက်ထန်လှတဲ့ ပြည်တွင်းစစ်အတွင်း လူပေါင်း ၁ သိန်းကျော်လောက် သေဆုံးခဲ့ပြီးပြီလို့ ယုံကြည်ရသလို ၄ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီစစ်ပွဲဟာ အရပ်သားတွေအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုကို ဗျူဟာတစ်ခုအဖြစ် ကျင့်သုံးတဲ့ စစ်တပ် နဲ့ ပြည်သူကို ကာကွယ်နေတဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ ဖြစ်ပွားနေပါတယ်။
“ပြည်သူတွေအတွက်ရပ်တည်ပေးမယ့် သံအမတ်ကြီးက သူ(ဦးကျော်မိုးထွန်း) တစ်ယောက်ပဲ ကျန်တော့တာ”လို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ မြန်မာသံရုံးကနေ တော်လှန်ရေးဖက်ကိုကူးပြောင်းခိုလှုံခဲ့ပြီးဦးကျော်မိုးထွန်းကို ကူညီပေးနေတဲ့ ဂျွန်ဆုက ပြောပါတယ်။
ဦးကျော်မိုးထွန်းကို ထောက်ခံ အားပေးနေပြီး အရင်က ယာဉ်မောင်းတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ဦးသောင်းလှိုင်ကတော့ သံရုံးနဲ့ သံအမတ်ကြီး နေအိမ်မှာ လိုအပ်မယ့် အသေးစား ပြင်ဆင် မွမ်းမံမှုလေးတွေကို ကူညီလုပ်ကိုင်ပေးနေပါတယ်။
“တတ်နိုင်သလောက်တော့သူ့ကို သက်တောင့်သက်သာလေးနေခွင့်ရစေချင်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ကူညီနိုင်တာလေးတွေကို ကူပေးနေတာပေါ့”လို့ ဦးသောင်းလှိုင်က ပြောပြပါတယ်။
အာဏာသိမ်းမှုဖြစ်အပြီးတစ်နှစ်ကျော်လောက် ကြာတဲ့ထိ ဦးသောင်းလှိုင်ဟာသံရုံးအဆောက်အအုံ အခန်းထဲမှာ ညအချိန် စစ်တပ် လက်ပါးစေတွေဝင်မသိမ်းပိုက်နိုင်အောင်ကင်းစောင့်ခဲ့ပါတယ်။ဒီနေ့ကာလမှာတော့ ပိုငယ်ရွယ်ပြီး ဆန္ဒအလျောက် အဆိုပြုထားတဲ့ စေတနာ့ဝန်ထမ်းတွေက အဲဒီတာဝန်ကိုအစားထိုးယူထားပါတယ်။တစ်ဦးက ဆရာဝန်ဖြစ်ပြီး နောက်နှစ်ယောက်ကတော့ Uber အငှားယာဉ်မောင်းတဲ့ သူတွေပါ။
၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုအပြီးဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံး တာဝန်ခံဟာ နယူးယောက်ထိ လာရောက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နယူးယောက်မှာ ရှိနေတဲ့ မြန်မာတွေက သတင်းကြားကြားချင်း အပြေးအလွှား ရောက်လာပြီး သံရုံးကို ကာကွယ်ခဲ့တာကြောင့် စစ်တပ် လက်ပါးစေတွေ မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း ဦးသောင်းလှိုင်နဲ့ တခြား တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

သိပ်မကြာခင် ညနေခင်း တစ်ခုမှာတော့ အပေါ်ထပ်က စစ်တပ်အားပေး သံအရာရှိ နှစ်ယောက်ဟာ လှေကားအတိုင်း အောက်ဆင်းသွားခဲ့ပါတယ်။ သူတို့ဟာ ဦးသောင်းလှိုင်ကို ခပ်မြန်မြန် ကျော်သွားပြီး မျက်လုံးချင်း မဆုံအောင်သတိကြီးကြီးရှောင်လွှဲသွားခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ အမြဲတမ်းတော့ တော်လှန်ရေးစိတ်ကိန်းအောင်းနေခဲ့သူမျိုးမဟုတ်ပါဘူး။၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းကဆိုရင် သူက တည်ငြိမ်တဲ့ အလုပ်တစ်ခုကိုပဲ မျှော်လင့်ခဲ့တာပါ။ဒါကြောင့် မတူညီတဲ့ စစ်အစိုးရတစ်ရပ်အုပ်စိုးနေတဲ့ ကာလမှာသူဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဝင်အလုပ်လုပ်ခဲ့ပါတယ်။
ငယ်ရွယ်တဲ့ သံအရာရှိလေး တစ်ဦးအဖြစ်နယူးယောက်ကို ရောက်လာတုန်းက သူဟာ အာရှသားတွေ စုဝေးနေတတ်တဲ့ အများပြည်သူ သွားလာတဲ့နေရာတွေမှာသူ့ဇနီးကိုတောင် မြန်မာလိုမပြောခဲ့ပါဘူး။အကြောင်းကတော့ တခြားမြန်မာတွေကသူ့ကိုအာရုံစိုက်မိလာမှာကိုစိုးရိမ်လို့ပါ။ “လူတွေက ကျွန်တော်တို့ကို သိပ်သဘောမကျခဲ့ဘူးလေ”လို့ အဲဒီတုန်းက စစ်အစိုးရ လက်အောက်ခံ အမှုထမ်း ဖြစ်နေခဲ့တာကို ရည်ညွှန်းပြီး သူကဆိုပါတယ်။
မြန်မာစစ်တပ်ကရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်း ရှင်းလင်းမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ခုခံကာကွယ် ပြောဆိုမှုတွေကလည်း ခါးသီးတဲ့ ဝေဖန်မှုတွေကို ကြုံတွေ့စေခဲ့ဖူးပါတယ်။ (အမေရိကန် အစိုးရနဲ့ ကုလသမဂ္ဂက လူမျိုးသုဉ်း သတ်ဖြတ်မှု အဆင့်မျိုးလို့ သတ်မှတ်ခဲ့တဲ့ ကိစ္စကို အဲဒီလောက် အခြေအနေမျိုး မဟုတ်ဘူးလို့ ခုခံကာကွယ်ပေးခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အကြီးအကျယ် ဝေဖန်ခံခဲ့ရပါတယ်)
အဲဒီတုန်းကသူ့ရဲ့ရပ်တည်ချက်နဲ့ အခုအခါမှာတော့ ဦးကျော်မိုးထွန်းကခပ်ကင်းကင်း နေချင်ပုံရပါတယ်။“ဒီကိစ္စကို ကိုင်တွယ်ဖို့ အစိုးရမှာ လုပ်ပိုင်ခွင့် ကန့်သတ်ချက်တွေ ရှိခဲ့တယ်လေ။ဒါပေမဲ့သူတို့ တတ်နိုင်သမျှ အကောင်းဆုံးတော့ လုပ်ခဲ့ပါတယ်”လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။
လက်ရှိကာလမှာ သူ့အတွက် အကြီးဆုံး စိန်ခေါ်မှု တစ်ခုကတော့ ဘဏ္ဍာရေးပါပဲ။ သံရုံးရဲ့ ဘဏ်အကောင့်ထဲမှာကိန်းဂဏန်းတွေက အတော်လေး ပွန်းပဲ့ ကျဆင်းနေပါပြီ။ အသုံးစရိတ်တွေကိုလည်းတစ်လကိုဒေါ်လာ ၂၀,၀၀၀ထိ လျှော့ချထားတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ဥပမာသူက ဥယျာဉ်မှူး တစ်ဦးကို အလုပ်ထုတ်လိုက်ရပြီး အိမ်က မြက်ခင်းကို ကိုယ်တိုင် ရိတ်နေပါတယ်။ လစာလည်း ဆက်မယူတော့ဘဲ အစ်ကိုဖြစ်သူရဲ့ ထောက်ပံ့မှုမှာပဲ မှီခိုနေထိုင်နေပါတယ်။
“တကယ်တော့ ကျွန်တော် မွဲနေပြီဗျ”လို့ သူက ရယ်ရင်းနဲ့ ပြောပါတယ်။
ယာဉ်မောင်းအတွက် အချိန်ပိုကြေး မကုန်အောင် သူက သံရုံးရဲ့ အနက်ရောင် Cadillac ကားကိုလည်းကိုယ်တိုင်မောင်းပါတယ်။
တစ်ခုသော နေ့လယ်ခင်းမှာတော့ အစည်းအဝေး တစ်ခုမှာ သဘာပတိ တာဝန်ယူရမှာမို့ ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂ ဌာနချုပ်ဆီ သွားရောက်ခဲ့ပါတယ်။သူက ပါကင်ကနေ ကားကို မောင်းထွက်ပြီး ခဏပြန်ရပ်လိုက်ပါတယ်။ “ခဏလေးနော်”လို့ တခြားကားတွေကို လှမ်းပြောရင်း သူက ပါကင်နေရာ ဦးထားဖို့အတွက်အဖြူရောင်လမ်းတားတိုင်လေး တစ်ခုကို ပါကင်နေရာမှာ ချန်ထားခဲ့ပါတယ်။
သုံးနာရီမပြည့်ခင်သူပြန်ရောက်လာပါတယ်။ ဒါပေမဲ့ သူချန်ထားတဲ့ လမ်းတားတိုင်ကို ဖယ်ပြီး တခြားကားတစ်စီးက ပါကင်နေရာမှာ ဝင်ရပ်ထားလိုက်ပါပြီ။ ကားပါကင် နေရာကို ဆုံးရှုံးခဲ့ရရင်တောင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးကတော့ ဦးကျော်မိုးထွန်းရဲ့ အပြည့်အဝ ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ။
(New York Times၏ Holding the Fort in Manhattan to Defy Coup Leaders in Myanmar ဆောင်းပါးကို People’s Springက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)



















































