Connect with us

Hi, what are you looking for?

သတင်း

ကာဘူးလ်က မေတ္တာ The Breadwinner (၂၀၁၇)

၁၉၉၁ ခုနှစ် တာလီဘန်တို့ လွှမ်းမိုးထားတဲ့ အာဖဂန်နိစတန်နိုင်ငံ၊ ကာဘူးလ်မြို့မှာ အသက် ၁၁ နှစ်အရွယ် ပါဗာနာဆိုတဲ့ မိန်းကလေးတစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ မိဘနှစ်ပါးရယ်၊ အမတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရယ် ရှိတယ်။

ဝဇီရာ/People’s Spring

၁၉၉၁ ခုနှစ် တာလီဘန်တို့ လွှမ်းမိုးထားတဲ့ အာဖဂန်နိစတန်နိုင်ငံ၊ ကာဘူးလ်မြို့မှာ အသက် ၁၁ နှစ်အရွယ် ပါဗာနာဆိုတဲ့ မိန်းကလေးတစ်ယောက် နေထိုင်ပါတယ်။ သူ့မှာ မိဘနှစ်ပါးရယ်၊ အမတစ်ယောက်နဲ့ မောင်လေးတစ်ယောက်ရယ် ရှိတယ်။

ပါဗာနာအဖေက ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နိစတန်ရဲ့ ရှေးဟောင်းသမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံတကာအကြောင်းတွေကိုကောင်းကောင်းသိရှိပြီး သမီးဖြစ်သူ ပါဗာနာကိုလည်း ပညာတွေ၊ ပုံပြင်တွေ သင်ကြားပေးတတ်သူပါ။

သူဟာ ဆိုဗီယက်-အာဖဂန် စစ်ပွဲအတွင်းမှာ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ကြားကမိသားစုအတွက်စာအုပ်အဟောင်းတွေ၊ ပစ္စည်းအသေးစားလေးတွေ ရောင်းချရင်း ရိုးသားစွာ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရက်တော့ ပါဗာနာတို့အိမ် လက်နက်ကိုင် တာလီဘန်တွေ တံခါးလာခေါက်တယ်။ တာလီဘန်တွေဟာ ပါဗာနာ အဖေကို အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ စာအုပ်ဟောင်းတွေ ရောင်းချနေတာ၊ အစိုးရကို ဆန့်ကျင်တဲ့ သဘောတရားတွေ ရှိနိုင်တယ်ဆိုတဲ့ သံသယနဲ့ တရားမဲ့စွာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြတယ်။

ပါဗာနာအဖေ အဖမ်းခံရတော့ ကျနော်တို့ဆီက နိုင်ငံရေးစာအုပ်ရောင်းလို့ အဖမ်းခံခဲ့ရသူတွေ၊ အပိတ်ခံလိုက်ရတဲ့ စာအုပ်တိုက်တွေကိုတောင် သတိရမိတယ်။ အာဏာရှင်ချင်းတူတော့ လုပ်ရက်ချင်းကလည်းတူကြတာပေါ့။

အဖေဖြစ်သူ မတရား အဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ပဲ အသက် ၁၁ နှစ်အရွယ် ပါဗာနာဟာ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့တယ်။ အဲဒီအချိန် အုပ်ချုပ်သူ တာလီဗန်တွေရဲ့ ပေါက်ကရဥပဒေကြောင့် ပါဗာနာ အခက်တွေ့တယ်။

​တာလီဘန်တွေရဲ့ ဥပဒေအရ အမျိုးသမီးတွေဟာ အမျိုးသားအဖော်မပါဘဲ အပြင်ထွက်ခွင့်၊ ဈေးဝယ်ခွင့်မရှိတဲ့အတွက် ပါဗာနာဟာ သူ့ရဲ့ ဆံပင်ကို ညှပ်၊ ယောက်ျားလေးအဝတ်အစား ဝတ်ဆင်ကာ ယောကျာ်လေးအသွင်နဲ့ အလုပ်ထွက်လုပ်ခဲ့ရတယ်။

ဇာတ်ကားရဲ့အလှဆုံးနဲ့ အနက်ရှိုင်းဆုံး အပိုင်းကတော့ ပါဗာနာ မောင်လေးကို ပြောပြတဲ့ ပုံပြင်ပါ။ လက်တွေ့ကမ္ဘာမှာ ဗုံးသံတွေ၊ သေနတ်သံတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပေမဲ့ ပုံပြင်ကမ္ဘာလေးထဲမှာတော့ သူမဟာ ရဲရင့်တဲ့ စိတ်ကူးနဲ့ အခက်အခဲတွေကို ရင်ဆိုင်တယ်။ အစ်ကိုဖြစ်သူ ဆူလေမန်ရဲ့ အမှတ်တရကို ပုံပြင်နဲ့ ရောယှက်ပြီး ပြောပြသွားတာဟာ ဒုက္ခတွေကို အနိုင်ယူဖို့ လူတွေရဲ့ စိတ်ဓာတ်ခွန်အား ဘယ်လောက်ကြီးမားကြောင်း ပြသနေပါတယ်။

ပါဗာနာဟာ ရသမျှအလုပ်တွေ သူငယ်ချင်းနဲ့အတူ လုပ်ရင်း အဖေ့ကို တွေ့ရဖို့ ကြိုးစားနေခဲ့တယ်။ တချိန်တည်းမှာပဲ ကာဘူးလ်မြို့ပေါ်မှာ စစ်ပွဲစတင်တော့မယ့်အရိပ်အယောင်တွေ ပြင်းထန်လာတာကြောင့် အမေဖြစ်သူက ပါဗာနာအမကို အိမ်ထောင်ပြုပေးဖို့နဲ့ သူတို့မိသားစုတွေ ဆွေမျိုးတွေရှိတဲ့ ဘေးကင်းတဲ့ တခြားမြို့ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

ပါဗာနာကတော့ သူမလိုက်ချင်ဘူးတဲ့။ အဖေပြန်လာရင် ကြိုမယ့်သူမရှိမှာစိုးလို့တဲ့။ အမေတားနေတဲ့ကြားက ပါဗာနာ အပြင်ထွက်သွားတယ်။ ဒီနေ့ သူ့အဖေကို ထောင်မှာသွားတွေ့ရမယ့်နေ့လေ။

ပါဗာနာအမနဲ့ ထိမ်းမြားမယ့် သတို့သားဘက်ကလည်း ပါဗနာတို့မိသားစုကို လာခေါ်ပြီ။ စစ်ပွဲလည်းဖြစ်တော့မှာမို့ အမြန်ထွက်ဖို့ ခေါ်တယ်။ မိခင်ဖြစ်သူကတော့ ပါဗာနာမပါလို့ မလိုက်ဘူးဇွတ်ငြင်းတယ်။ နောက်တော့ လိုက်ပါသွားရတော့တယ်။ အဲဒီအချိန်မှာပဲ စစ်ပွဲက တကျော့ပြန် စလာတဲ့အခါမှာတော့…..

ဒီဇာတ်ကားဟာ အိုင်ယာလန်အခြေစိုက် Cartoon Saloon စတူဒီယိုကနေ ရိုက်ကူးပြီး ဒါရိုက်တာ Nora Twomey ရိုက်ကူးထားတဲ့ ထူးချွန်ဆုပေါင်းများစွာ ရရှိခဲ့တဲ့ အန်နီမေးရှင်း ရုပ်ရှင်ဇာတ်ကားပါ။ စာရေးဆရာမ Deborah Ellis ရဲ့ နာမည်ကျော် ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး အလုပ်အမှုဆောင် ထုတ်လုပ်သူအဖြစ် နာမည်ကျော် ရုပ်ရှင်မင်းသမီး Angelina Jolie က ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ခံစားမှုတွေဖြစ်တဲ့ မရေရာမှုတွေ၊ စစ်ဘေးစစ်ဒဏ်၊ ဖိနှိပ်မှုတွေနဲ့အကျပ်အတည်းတွေကြားက အခြေအနေတွေဟာ ကျနော်တို့နဲ့ ရင်ဘတ်ကြီးနီးလှပါတယ်။ ပါဗာနာရဲ့ အရွယ်နဲ့မမျှအောင် ရုန်းကန်မှုတွေက ကျနော်တို့ဆီက အရွယ်မရောက်သေးတဲ့ ကလေးတွေရဲ့ ရုန်းကန်ရမှူတွေနဲ့ တူညီလှပါတယ်။

သို့သော် ဒီဇာတ်ကားက အမှောင်ထုကြီးထဲမှာ လမ်းပျောက်သွားစေဖို့ မဟုတ်ဘဲ အခက်အခဲတွေ ဘယ်လောက်ကြီးမားပါစေ မိသားစုအပေါ် ထားရှိတဲ့မေတ္တာတရား၊ ခါးသီးတဲ့ အမှန်တရားကို ရဲရင့်စွာ ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်နဲ့ အနာဂတ်အတွက် မျှော်လင့်ချက်အလင်းရောင်တွေကို ဘယ်အရာကမှ ဖျက်ဆီးလို့ မရနိုင်ဘူးဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

ဇာတ်ကားအဆုံးမှာပါဗာနာပြောသွားတဲ့ စကားတစ်ခွန်းက ရင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။

“မိုးကြိုးပစ်လို့ပန်းတွေမပွင့်ပါဘူး၊မိုးရေစက်တွေကြောင့်ပဲ ပန်းတွေ ပွင့်တာပါ”တဲ့။

ဆက်စပ်သတင်းများ