Connect with us

Hi, what are you looking for?

သတင်း

အရပ်သားကို ရိုက်နှက်တဲ့ KIAနဲ့ MNDAA တပ်သားကို ထိရောက်စွာအရေးယူဖို့ တအာင်းအရပ်ဘက်အဖွဲ့များကွန်ရက် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။

(မန်နိမ်းရွာသားကို ရိုက်နှက်နေတဲ့ KIAနဲ့ MNDAA တပ်သား။ ဓာတ်ပုံ - Screengrab)

နိုဝင်ဘာ-၇၊၂၀၂၆။ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသမှာ အရပ်သား ၁ဦးကို ရိုက်နှက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်သား ၁ဦးနဲ့ ကိုးကန့်တပ်မတော်(MNDAA) တပ်သား ၁ဦးတို့ကို ထိရောက်စွာ အရေးယူပေးဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၆ရက်က နမ့်ဖက်ကာဒေသ မန်နိမ်းကျေးရွာမှာ အသက် ၄၄နှစ်အရွယ် ရွာသား ဦးအိုက်တုန်ကို KIA တပ်သားနဲ့MNDAA တပ်သားက ရိုက်နှက်ခဲ့လို့ ဦးအိုက်တုန်ဟာ ပြင်းထန်စွာ ဒဏ်ရာရကာ နမ့်ဖက်ကာ ဆေးရုံမှာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။

အဲဒီဒေသခံကို ရိုက်နက်တဲ့ ဗီဒီယိုလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လျက်ရှိရာ ဖုန်းတလုံးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦးအနက် ၁ဦးက တုတ်နဲ့ ရိုက်နှက်ခဲ့ရာ အမျိုးသား ၁ဦး မြေပေါ်လဲကျသွားတာတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်အပေါ် ကလေးချီထားတဲ့ အမျိုးသမီး ၁ဦးက ဝင်ရောက်တားဆီးရာ လက်နက်ကိုင်တပ်ဖွဲ့ဝင်က အမျိုးသမီးကိုပါ ရိုက်ဖို့ တုတ်နဲ့ ရွယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကလေးငယ်ချီထားတဲ့ ဇနီးကို တုတ်ဖြင့် ရိုက်ဖို့ ရွယ်ခဲ့တဲ့ ခြိမ်းခြောက်တဲ့ အဲဒီ လုပ်ရပ်အပေါ် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

” KIO/KIA နှင့် MNTJP/MNDAA တပ်ဖွဲ့တို့အနေဖြင့် ဦးအိုက်တုန်အပေါ် လူ့အခွင့်အရေး ကျူးလွန်ခဲ့ သည့်တပ်သားနှစ်ဦး၏လုပ်ရပ်ကိုစုံစမ်းစစ်ဆေးရန်နှင့် ဥပဒေအရ ထိရောက်သည့် အပြစ်ပေးအရေးယူမှုများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးရန်၊ တရားမျှတမှု နှင့် သင့်လျော်သောကုစားမှုရရှိစေရန်အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။” လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အရပ်သားပြည်သူလူထုအပေါ် လူ့အခွင့်အရေး နဲ့ စီးပွားရေး လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် မကျူးလွန်ဖို့ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို တိုက်တွန်းတောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ထိန်းချုပ်ရာဒေသအတွင်း နေထိုင်ကြတဲ့ အရပ်သားပြည်သူလူထုရဲ့ အသက် အိုးအိမ်၊ စည်းစိမ်တွေနဲ့ အသက်လုံခြုံရေးကို ကာကွယ်စောင့် ရှောက်ရမယ့် တာဝန်ရှိကြောင်း ဖော်ပြကာ အခုလို အရပ်သားတဦးကို ကိုယ်ထိလက်ရောက်အကြမ်းဖက် ရိုက်နှက်တာ၊ ခြိမ်းခြောက်တာဟာ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အဲဒီလုပ်ရပ်ဟာ ဒေသခံပြည်သူလူထုရဲ့ အသက်ရှင်သန်ရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီး ဥပဒေမဲ့လုပ်ရပ်လည်းဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

နမ့်ဖက်ကာ ဒေသခံတစ်ဦးကို KIAနဲ့ MNDAA တပ်သား နှစ်ဦးက ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ကချင်လူမျိုးအပါအဝင် ပြည်သူလူထုတွေက ကန့်ကွက်ရှုတ်ချခဲ့ကြတာလည်း တွေ့ရပါတယ်။

အရပ်သားကို အခုလို အနိုင်ကျင့်ရိုက်နှက်တဲ့ တပ်သားနှစ်ဦးဟာ အကြမ်းဖက်သမားတွေဖြစ်လို့ ပြင်းထန်စွာ အရေးယူဖို့လိုတယ်လို့ ကချင်ဒေသခံတဦးက မှတ်ချက်ပြုထားပါတယ်။

” ဒီကိစ္စကျူးလွန်တဲ့သူတွေက KIA စစ်သားဖြစ်နေပါစေ အကြမ်းဖက်သမားဖြစ်သွားတယ် ။ စစ်သားတယောက်က ကိုယ့်ရန်သူကိုတောင် စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးပြီး စစ်စည်းကမ်းလိုက်နာရမှာပါ” လို့ အဲဒီဒေသခံက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အဖွဲ့အစည်းတိုင်းမှာ ကောင်းသူ၊ ဆိုးသူရှိကြပြီး တဦးတယောက်ကြောင့် အဖွဲ့အစည်း ပုံရိပ်ကျတာမို့ အရပ်သားအပေါ် အကြမ်းဖက်သူတွေကို တာဝန်ယူမှုရှိစွာ ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုအပ်ကြောင်းလည်း ကချင်ဒေသခံက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ