Connect with us

Hi, what are you looking for?

သတင်း

ပဋိပက္ခဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်မှု ဒေသခံတွေရဲ့ အသက်နဲ့ ဘေးကင်းလုံခြုံရေးသက်ရောက်မှုရှိတယ်လို့ အသံအဖွဲ့ ထုတ်ပြန်

ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

(ကရင်နီပြည်နယ်က စတားလင့်အင်တာနက်ဆိုင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

နိုဝင်ဘာ-၇၊၂၀၂၆။တေဇ/People’s Spring

ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးပြတ်တောက်တာက ဖုန်း ၊အင်တာနက် အသုံးမပြုနိုင်တာထက် အသက်နဲ့ ဘေးကင်းလုံခြုံရေးကိုပါ သက်ရောက်မှုရှိနေတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆက်သွယ်ရေးတွေဖြတ်တောက်ခံထားရတာကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းလှုပ်ရှားမှုဆိုင်ရာ သတိပေးချက်တွေ ဆေးဘက်ဆိုင်ရာအကူအညီတွေ နဲ့ မိသားစုတွေဘေးကင်းစွာ ရှောင်တိမ်းရမယ့်လမ်းကြောင်းတွေကို မသိရှိနိုင်တာကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသက ပြည်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်နေတယ်လို့ အသံအဖွဲ့ရဲ့ “ဆက်သွယ်ရေး အမှောင်ကျခြင်း -စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်း ပဋိပက္ခဒေသများရှိဆက်သွယ်ရေး ဖြတ်တောက်မှုများဆိုင်ရာ လေ့လာချက်” အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီစစ်တမ်းအတွက် ဩဂုတ် ၃၀ရက် ကနေ စက်တင်ဘာ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်း က မြို့နယ် ၂၄ မြို့နယ်က‌ ပြည်သူ ၁၃၀ ကို စစ်တမ်းကောက်ယူတာ နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တမ်းမှာဖြေဆိုသူရဲ့ ၉၂.၃ ရာခိုင်နှုန်းက သူတို့နေထိုင်တဲ့ဒေသမှာ ပုံမှန် မိုဘိုင်း ဖုန်းနဲ့ အင်တာနက်တွေကို ယုံကြည်စိတ်ချစွာ အသုံးမပြုနိုင်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖြေဆိုသူရဲ့ တစ်ဝက်ကျော်က ဆက်သွယ်ရေးအင်တာနက် မရရှိတာ နှစ်နှစ်ကနေ လေးနှစ်အထိ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဖြေဆိုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကသာ မိုဘိုင်းအင်တာနက် တစ်မျိုးမျိုးရရှိတယ်လို့ ဖြေဆိုထားပါတယ်။

ဆက်သွယ်ရေးမရရှိတာကြောင့် ပြည်သူတွေက ဆက်သွယ်ရေးရဖို့ ငွေကြေးပိုမိုသုံးစွဲရတာ ၊ နာရီပေါင်းများစွာ ခရီးသွားရတာ ၊ စစ်ဆေးရေးဂိတ်တွေနဲ့ တိုက်ပွဲတွေဖြစ်တဲ့နေရာတွေကို ဖြတ်သန်းရတာတွေရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလိုဆက်သွယ်ရေးဖြတ်တောက်ခံရတာက ဒေသခံတွေက တော်လှန်ရေးကို ထောက်ခံတာကြောင့် ဖြတ်တောက်မှုတာလို့ ဖြေဆိုသူရဲ့တစ်ဝက်ကျော်ကယူဆပြီး ကျန်တဲ့ အကြောင်းအရာတွေအနေနဲ့ ဆက်သွယ်ရေးတာဝါတိုင်‌တွေ ပျက်ဆီးတာ ၊ စစ်ဆင်ရေးမတိုင်မီ နဲ့ စစ်ဆင်ရေးအတွင်း ဆက်သွယ်ရေးဖြတ်တောက်တာကြောင့် ဖြစ်နိုင်တယ်လို့ ‌ဖော်ပြထားပါတယ်။

နောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့လည်း လေကြောင်းတိုက်ခိုက်မှု‌အပါအဝင် စစ်ရေးဆိုင်ရာ အသိပေးချက်တွေကို မရရှိတာ၊ ဆေးကုသမှုအတွက် ဖုန်းဆက်သွယ်လို့မရတာ ၊ မိသားစုတွေ အဆက်အသွယ်မရတာ ၊ထိခိုက်သေ‌ဆုံးမှုတွေကို မှတ်တမ်းတင်လို့မရတာနဲ့ လူသားချင်းစာနာမှုအကူအညီတွေရယူဖို့ ခက်ခဲတာတွေပိုမိုကြုံရတယ်လို့လည်းဆိုပါတယ်။

ဒေသခံတွေအနေနဲ့ ICON စကားပြောစက်တွေ ၊ ဂြိုလ်တု အင်တာနက်တွေ ၊ ရပ်ရွာအခြေပြု သတင်းကွန်ရက်တွေနဲ့ လူချင်းသတင်းဆင့်ပို့ခြင်းတွေ လုပ်ဆောင်နေပေမယ့် ကုန်ကျစရိတ်မြင့်မားတဲ့ အပြင် လူတိုင်းလက်လှမ်းမီနိုင်တဲ့ လုံခြုံရေး အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ