Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

အကျိုး ကောင်းဖို့ အကြောင်း ကောင်းစို့

တဘက်ကို ‘သူပုန်’ ‘အကြမ်းဖက်’ဆိုပြီး လူ ဘယ်လို သတ်တာ၊ ဘယ်နေရာတွေကို ဘယ်လို ဖျက်ဆီးတာဆိုတာမျိုး ပြောနေကြတဲ့အခါ သူတို့ဟာ အဲဒီအလုပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလို ဟန်ပန်နဲ့ ပြောနေတဲ့တိုင် အဲဒီတော်လှန်ရေးသမားတွေကိုတော့ ဘယ်လို ပက်ပက်စက်စက် ချေမှုန်းသင့်ကြောင်းကို မြိန်ရည်ယှက်ရည် ပြောပြန်ပါတယ်။

အကျိုး ကောင်းဖို့ အကြောင်း ကောင်းစို့
အကျိုး ကောင်းဖို့ အကြောင်း ကောင်းစို့

လတ်တလော ‘ဟိုဘက်ရပ်ကွက်က လောင်နေကြပုံ’ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ စကစအဝန်းအဝိုင်းရဲ့ ‘ကြိတ်မနိုင် ခဲမရ’ အပူလုံးကြွနေကြတဲ့အကြောင်းကို ဖတ်ရမြင်ရကြားရပါတယ်။

သူတို့ဘက်က ရပ်ခံပြီး သတင်းလိုလို၊ အတင်းလိုလို၊ င့ါစကားနွားရ ဖျော်ဖြေရေးလိုလို တင်ဆက်မှုတွေကိုလည်း တွေ့လာရပါတယ်။ အဲဒီမှာ သတိထားမိရတာတွေကတော့ အများသားပါ။ တချို့ကိုပဲ ရွေးပြီး ဆန်းစစ်လေ့လာကြည့်ရင် သတင်းအမှားတွေနဲ့ ကိုယ့်ရပ်ကွက်သားတွေကို အားတက်အောင် လုပ်တာ၊ ဟိုလိုလို ဒီလိုလို အပြောတွေနဲ့ ကြားနေသမားတွေကို သူတို့ဘက် ပါလာအောင် မောင်း/ကျုံးသွင်းတာ၊ အလွန်အကျွံ စွပ်စွဲချက်တွေနဲ့ တော်လှန်ရေးသမားတွေကို ပြစ်တင်မောင်းမဲတာ ဒါတွေကိုတော့ ထုံးစံအတိုင်း တွေ့ရပါမယ်။

သူတို့အများစုက သူတို့ခေါင်းဆောင်ကို မကြေမနပ် ဖြစ်နေကြတယ်ဆိုတဲ့ ကိစ္စကလည်း မလုပ်သင့် မလုပ်ထိုက်တဲ့ အာဏာလုမှုကို လုပ်ခဲ့လို့၊ လုပ်ပြီးနောက်မှာလည်း နိုင်ငံရဲ့ အခက်အခဲကို မဖြေရှင်းပေးနိုင်လို့ဆိုတာတွေထက် သူတို့ကို ထိရောက်တဲ့ အကာအကွယ် မလုပ်ပေးနိုင်နေလို့ အပူလုံးကြွနေကြတာမျိုးကိုပဲ ပိုတွေ့ရပါတယ်။

တဘက်ကို ‘သူပုန်’ ‘အကြမ်းဖက်’ဆိုပြီး လူ ဘယ်လို သတ်တာ၊ ဘယ်နေရာတွေကို ဘယ်လို ဖျက်ဆီးတာဆိုတာမျိုး ပြောနေကြတဲ့အခါ သူတို့ဟာ အဲဒီအလုပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးသလို ဟန်ပန်နဲ့ ပြောနေတဲ့တိုင် အဲဒီတော်လှန်ရေးသမားတွေကိုတော့ ဘယ်လို ပက်ပက်စက်စက် ချေမှုန်းသင့်ကြောင်းကို မြိန်ရည်ယှက်ရည် ပြောပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ခုရက်ပိုင်း နားထောင်ခွင့်ရတဲ့ ဆရာတော်တပါးရဲ့ အသံဖိုင်ကို သတိရမိပါတယ်။ ‘အခု ဒကာကြီးတို့က အကျိုးသတ်တာ။ ပြည်သူတွေက အကြောင်းသတ်တာ။ ဘယ်လို အကြောင်းသတ်တာလဲ။ သူတို့က ဒီတိုင်းအေးဆေးနေတာကို အာဏာသိမ်းတော့ သူတို့ဆန္ဒ ရိုးရိုးသားသား ဖော်ထုတ်ပြသတယ်။ အဲ့ဒီဟာကို ခင်ဗျားတို့က နှိပ်ကွပ်လိုက်တယ်။ အဲ နှိပ်ကွပ်တာ သူတို့က အရင် သည်းခံတယ်၊ သည်းခံတယ်၊ သည်းခံရင်းတန်းလန်း နောက်ဆုံးကျတော့ အရမ်းကို အသက်အန္တရာယ်ဖြစ်လာတဲ့အချိန်ကျတော့ တူသောအကျိုးဆိုပြီးတော့မှ၊ ငါတို့ကို သတ်တဲ့ ဒီအကြောင်းကို ပြန်သတ်မှပဲဖြစ်တော့မယ်ဆိုပြီးတော့မှ ပြန်သတ်တာ။ အကြောင်းသတ်တာ။ ဒကာကြီးတို့က တချိန်က အကြောင်းမကောင်းခဲ့တော့ အကျိုးဆိုးတွေ ထွက်လာတာကို ဒကာကြီးတို့က အခုအဲဒီအကျိုးတွေကို လိုက်သတ်နေတာ။ မရတော့ဘူး။ ဒကာကြီးတို့ သတ်ရမှာ အကြောင်းသတ်ရမှာ။ အာဏာသိမ်းတဲ့အကြောင်းကို သတ်ရမယ်’ဆိုတဲ့ ပြောစကားတွေပါ။

ဆရာတော်ဟာ ဗုဒ္ဓရဲ့ အကြောင်းနဲ့အကျိုးကို အခြေခံပြီး လင်းခနဲ ထောက်ပြသွားတာပါ။

ဒီတော့ ခုနက လောင်နေကြသူတွေ၊ တန်ပြန်လောင်သွားအောင် ဆိုက်ဝါးသတင်းဖြန့်နေသူတွေရဲ့ အဓိက အားနည်းချက်ဟာ ပိုပြီး မြင်သာလာရပါတယ်။ သူတို့ ပြောနေ ထောက်ပြနေတဲ့ အရာအားလုံးဟာ ‘အာဏာသိမ်းခြင်း’ဆိုတဲ့ ‘အကြောင်း’ကို မသိချင်ယောင်ဆောင် ပစ်ပယ်ထားပြီး ‘ဆန့်ကျင်ပုန်ကန်ခြင်းအကျိုး’တွေကိုပဲ မှားနေတယ်လို့ မကြေနိုင် မချမ်းနိုင် ဖြစ်နေကြတာမျိုးပေါ့။ ဒီတော့ စကစနဲ့တကွ သူ့ထောက်ခံသူတွေဟာ ဘယ်လိုပဲ အမျိုး၊ ဘာသာကို ကာကွယ်နေသူတွေလို့ သူတို့ကိုယ်သူတို့ ညာဝါးပြီး ပြောနေနေ သူတို့မှာ ဗုဒ္ဓရဲ့ ဆိုဆုံးမမှုတွေကို သိနားလည်မှုလေးတောင် မရှိတာ ထင်ရှားပါတယ်။ ကျင့်လိုက်နာဆိုတဲ့ အဆင့်ကတော့ ဝေးစွ ခြောက်ပါးပေါ့။

‘ဘုရားစာရွတ်’တာကို ကိုယ့်အသက်အန္တရာယ်ကင်းဖို့ ကိုယ့်ရာထူး မဆုံးဖို့ဆိုတဲ့ ရည်ရွယ်ချက်လောက်အတွက် သုံးနေကြပုံပါ။ ဘုရားစာတွေကို ‘သံစဉ်လောက် ရပြီး စာသား မရ’ဆိုတာမျိုး အနက်အဓိပ္ပါယ် မသိဘဲ ကြက်တူရွေးရွတ် ရွတ်နေကြလေတော့ ရခဲလှတဲ့ လူ့ဘဝမှာ သူတို့လောက် လူဖြစ်ရှုံးသူတွေ ဘယ်နားရှာရမလဲတောင် မသိတော့ပါဘူး။ ကောင်းတဲ့ ‘အကျိုး’ကျ လိုချင်ပြီး ကောင်းတဲ့’အကြောင်း’ကို မလုပ်ဆောင်နိုင်တဲ့ လူ့ဗာလ၊ လူ့အန္ဓမျိုးလို့ ဆိုရမှာပဲ။

တကယ်တော့ အာဏာသိမ်းတာဟာ ‘ပထမအကြောင်း’ ဖြစ်ပြီး ‘ဒုတိယအကြောင်း’ကတော့ စကစရဲ့လက်ပါးစေတွေအနေနဲ့ အေးအေးချမ်းချမ်း ဆန္ဒပြခဲ့တဲ့ လူထုကို လူသတ်၊ ဖမ်းဆီး၊ ကားနဲ့တိုက်၊ အက်ဆစ်လောင်း၊ အိမ်ချိတ်ပိတ်၊ ရွာမီးရှို့ ၊ ငွေညှစ် စတဲ့ အင်မတန် စက်ဆုပ်ဖွယ် အကြမ်းဖက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြတာ၊ စကစဝန်းရံသူတွေက အားပေးထောက်ခံခဲ့ကြတာတွေလို့ ဆိုရပါမယ်။ ဒါကြောင့် ခုချိန်မှာ သူတို့ခေါင်းဆောင်က အရည်အချင်း မရှိလို့ ဘာလို့ ညာလို့ဆိုပြီး ရန်မယ်ရှာနေကြသလောက် ၂၀၂၁ ကနေ ဒီနေ့ ဒီအချိန်ထိ စကစနဲ့အတူ မတရားမှု၊ အဓမ္မမှု၊ ပြည်သူအပေါ် နှိပ်စက်ညှင်းပန်းအနိုင်ကျင့်မှု တခုခုကို တနည်းနည်းနဲ့ ကျူးလွန်ကြသူအားလုံးရဲ့ မကောင်းမှုကသာ ဒီကနေ့ အခင်းအကျင်းကို မွေးဖွားပေးလိုက်တယ်ဆိုတာကို သိထားကြရမှာပါ။ စစ်ဘက်ရဲဘက်မှာသာမက အရပ်ဖက်က အာဏာတစိုးတစိနဲ့ လုပ်ပိုင်ခွင့်တစုံတရာ ရှိကြသူတွေအနေနဲ့လည်း အဂတိစနစ်ကြီး ပြန်အခြေတည်လာတာကို ပဒေသာပင် ပေါ်လာသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဝိုင်းပြီးပူးပေါင်းပျိုးထောင် ခူးဆွတ်ကြတာပါပဲ။ ဒါတွေဟာ လူထုကို ပိုပြီး အထိနာစေ စိတ်နာစေခဲ့ပါတယ်။

ပြောရရင် အာဏာသိမ်းခဲ့ဖူးတာတွေ တစ်ကြိမ်မက ရှိခဲ့ပေမဲ့ ခုကျမှ လူထုက ဘာလို့ အဲဒီလောက် ခါးသီးပြင်းထန် တုံပြန်ရသလဲဆိုတဲ့ ‘အကျိုး’အတွက် ‘အကြောင်း’က ဘာပါလဲ။ အာဏာသိမ်းရုံမှာ ရပ်မသွားဘဲ ပြည်သူကို ရန်သူလို အညှိုးတကြီး ချေမှုန်းတဲ့ စကစလက်နက်ကိုင်တွေရဲ့ (ဘယ်တုန်းကမှ ဒီလောက် မဆိုးဝါးခဲ့တဲ့) အဓမ္မလုပ်ရပ်တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုအတွက် တာဝန်ရှိနေတဲ့ စကစအပေါင်းပါတွေရဲ့ အာဏာပဲဝက် ဂုဏ်တက်တဲ့ (အရင့်အရင်ခေတ်တွေထက် ပိုဆိုးလာတဲ့) အဂတိလုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ‘လောင်နေကြ’တဲ့ စကစလက်ပါးစေတွေက ခေါင်းဆောင် လဲလိုက်ရင် အဆင်ပြေသွားမယ်လို့ တွေးနေကြတာကလည်း ဉာဏ် မရှိ၊ အကြောင်း ရှောင်တဲ့ အတွေးမျိုးပါပဲ။ ဘာလို့လဲဆိုတော့ ဒီကနေ့ အကျိုးဆိုးတွေရဲ့ တရားခံဟာ အာဏာသိမ်းခဲ့တဲ့ သူတို့ခေါင်းဆောင်တစ်ယောက်တည်းသက်သက် မဟုတ်ဘဲ သူတို့လို ‘အဓမ္မနဲ့ အဂတိ’တွေက လွဲပြီး ဘာမှ မသိတဲ့ လူ့အန္ဓတွေပါ ပါတယ်ဆိုတာ မငြင်းနိုင်တဲ့ အမှန်တရားပါ။ ‘အလံဖြူ’က အသက်ကို ကယ်တင်နိုင်ပေမဲ့ ‘အဓမ္မနဲ့ အဂတိ’ဆိုတဲ့ ‘အကြောင်းဆိုး’တွေကိုတော့ မပယ်ရှားပေးနိုင်ပါဘူး။ တိုက်ခိုက်ခံနေရတယ်၊ တပ်ကူ မရဘဲ အသေခံနေရတယ်ဆိုတဲ့ ‘အကျိုးဆိုး’တွေအတွက် ‘တော်လှန်ရေးသမား’တွေကို အပြစ်မြင်နေရုံနဲ့လည်း အဖြေ မထွက်နိုင်ပါဘူး။

ဒီနမူနာတွေကို ကြည့်ပြီးလည်း ‘တော်လှန်ရေးဘက်တော်သား’တွေအနေနဲ့ သင်ခန်းစာတွေ ရမယ်လို့ ယူဆပါတယ်။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ကျိုးမဲ့စွာ ဆောင်ရွက်မှု၊ အဓမ္မမဲ့စွာ လှုပ်ရှားမှု၊ အဂတိမဲ့စွာ ဝန်ထမ်းမှု၊ ပြည်သူ့အကျိုးကို ကိုယ်ကျိုး၊ ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးထက် ပိုပြီး အလေးထားမှု၊ ‘ငါနဲ့ငါ့အဝန်းအဝိုင်း’ထက် ဖြစ်စဉ်ဖြစ်ရပ်တစ်ခုလုံးကို ခြုံငုံကြည့်ပြီး တစ်ဦးချင်းစီရဲ့ တာဝန်ယူ၊တာဝန်ခံကျင့်တွေကို အသက်ဝင်စေမှု စတဲ့ စတဲ့ ‘အကြောင်းကောင်း’များကို အစဉ်တစိုက် လုပ်နိုင်ကြမှသာ အားလုံးလိုချင်တဲ့ ‘အကျိုးကောင်း’ဖြစ်တဲ့ ‘ဖက်ဒရယ်ဒီမိုကရေစီ’ပန်းတိုင်ဆီ ချဉ်းကပ်နိုင်မှာ ဖြစ်ပါတယ်။ ဦးဆောင်နေသူ တစ်ဦး၊ တစ်စုက ကောင်းနေရုံနဲ့ တော်လှန်ရေးတစုံလုံး ‘အကျိုးကောင်း’ မရနိုင်တာမို့ အားလုံးအနေနဲ့ ‘အကြောင်းကောင်း’များအဖြစ် ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်ကြပါစေကြောင်း နှစ်သစ်ကူးဆုမွန်နဲ့ သတိပေးစကား ဆိုလိုက်ရပါတယ်။ ။

ဆက်စပ်သတင်းများ