Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

စစ်လား တော်လှန်ရေးလား

အချက်အလက်တွေ အများကြီး ပြောဖြစ်ခဲ့ပေမဲ့ အဓိက ပြောပြဖြစ်တာက လူထုရဲ့ သူတို့သဘောဆန္ဒကို လျစ်လျူရှုပြီး အာဏာလုတဲ့သူတွေအပေါ် တုံ့ပြန်တဲ့စကား ဖြစ်ပါတယ်။

စစ်လား တော်လှန်ရေးလား
စစ်လား တော်လှန်ရေးလား

ဂျာမန်တစ်ယောက်က မင်းတို့ အခု လုပ်နေတာက တော်လှန်ရေး မဟုတ်ဘဲ ပြည်တွင်းစစ် ဖြစ်နေတာလို့ ပြောလာတဲ့အတွက် သူ့ကို ဘာကြောင့် တော်လှန်ရေး ဖြစ်ရကြောင်း ရှင်းပြဖြစ်ပါတယ်။

အချက်အလက်တွေ အများကြီး ပြောဖြစ်ခဲ့ပေမဲ့ အဓိက ပြောပြဖြစ်တာက လူထုရဲ့ သူတို့သဘောဆန္ဒကို လျစ်လျူရှုပြီး အာဏာလုတဲ့သူတွေအပေါ် တုံ့ပြန်တဲ့စကား ဖြစ်ပါတယ်။

‘ငါတို့ သဘောဆန္ဒ မပါရင် ငါတို့ကို ဘယ်သူမှ အုပ်ချုပ်လို့ မရဘူး’ဆိုတဲ့ စကားပါ။ တော်လှန်ရေးဝိဉာဉ်ဟာ အဲဒီအနှစ်သာရပေါ်မှာ အခြေတည်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ နည်းနာသာ ဖြစ်ပါတယ်။ သဘောမတူနိုင်သူက အုပ်ချုပ်တာကို မခံရဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ တော်လှန်ခဲ့ပေမဲ့ မလုံလောက်တော့လို့ လက်နက်ကိုင်ခဲ့ရတာမျိုးပါ။

သူ့ကို ဆက်မပြောဖြစ်ခဲ့တဲ့ အကြောင်းတချို့ကို ဒီမှာ ပြောချင်လာပါတယ်။ အဲဒါကတော့ သူတို့ရဲ့သမိုင်းကြောင်းပေါ်ကနေသင်ခန်းစာတစ်ခု ရယူကြည့်တာပါ။ ဂျာမဏီမှာ အာဏာရှင်ဟစ်တလာက ဂျူးတွေကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့တာလို့ သိထားကြပေမဲ့ အဲဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေထဲမှာ ဂျာမန်တွေကိုယ်တိုင် နဲ့ အချို့ဥရောပသားတွေပါပါနေတာကို သိပ်အာရုံမထားတတ်ကြပါဘူး။ တကယ်တော့ ဟစ်တလာက ရွေးကောက်ပွဲကတဆင့် အာဏာရလာသူ ဖြစ်ပါတယ်။ သူ့ကို အလုံးစုံ အကြွင်းမဲ့ အာဏာ ကျင့်သုံးနိုင်ဖို့ အခွင့်အရေး ပေးခဲ့ကြတာဟာ ဂျာမန်ပြည်သူတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

နောက် ဟစ်တလာရဲ့ အလွန်အကျူး အကြမ်းဖက်အပြုအမူတွေကို ရပ်တန့်သွားအောင် ဘယ်သူကမှ မလုပ်ခဲ့ကြ၊ မလုပ်နိုင်ခဲ့ကြတာကို သတိထားကြသင့်ပါတယ်။ တနည်းအားဖြင့် ဟစ်တလာကို တော်လှန်ရေးနည်းနဲ့ ဖြုတ်ချနိုင်ခဲ့တာ မရှိပါဘူး။ ဟစ်တလာတော်လှန်ရေးဆိုတာ မပေါ်ပေါက်ခဲ့ပါဘူး။ သူ့ကို လက်မခံသူ၊ ဆန့်ကျင်သူ အနည်းအကျဉ်း ရှိခဲ့ပေမဲ့ အုံနဲ့ကျင်းနဲ့ အုံကြွတော်လှန်ကြတဲ့အထိ မဖြစ်ခဲ့ပါဘူး။ ထောက်ခံအားပေးသူတွေ အုံနဲ့ကျင်းနဲ့ ရှိခဲ့လို့သာ သူ ထင်တိုင်းကြဲနိုင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဟစ်တလာကျဆုံးခန်းဟာ ‘စစ်ရေးနည်း’သက်သက်နဲ့သာ ပေါ်ပေါက်ခဲ့ရတာပါ။ တနည်းအားဖြင့် အာဏာရှင်ဆိုးကို မဟာမိတ်တပ်တွေရဲ့ စစ်အားဖြင့်သာ အနိုင်ယူခဲ့ကြတာပါ။ (ဂျာမန်လူထုဟာ တော်လှန်ရေးကို အရှေ့-အနောက်တံတိုင်း ဖြိုတဲ့အခါမှ လုပ်ခဲ့ကြပါတယ်)သေချာကြည့်ရင် ပြင်သစ်မှာလို ပဒေသရာဇ်ဘုရင်ဆိုးကို လက်မခံတဲ့ လူထုက လုပ်ခဲ့တဲ့ တော်လှန်ရေးဆိုတာမျိုး ဒုတိယကမ္ဘာစစ်မတိုင်မီကာလ ဟစ်တလာခေတ်က ဂျာမဏီမှာ မရှိခဲ့ပါဘူး။ တရားမျှတစွာ မအုပ်ချုပ်သူကို တော်လှန်ရေးနဲ့ ဖြုတ်ချမယ်ဆိုတဲ့ ဝိဉာဉ်မျိုး မရှိခဲ့တဲ့အတွက် သူတို့လူ့အဖွဲ့အစည်းတစ်ခုလုံး အရှက်နဲ့ အနာ ဒဏ်ရာတွေ ရခဲ့ရပါတယ်။ ဒါကို ကိုင်တွယ်တဲ့အခါ ဟစ်တလာကြောင့်(သူတို့အများစု အားပေးလက်ခံခဲ့သူကြောင့်) နစ်နာခဲ့ရတဲ့ ဂျူးတွေအပေါ် ကမ္ဘာတည်သရွေ့ ဖေးမစာနာရပ်တည်ပေးမယ်လို့ ဖော်မြူလာမျိုး ဖြစ်လာခဲ့ပုံ ရပါတယ်။

ဒါကြောင့် အခုနေ ဂါဇာအရေးမှာ အစ္စရေးရဲ့ ဖြစ်တည်မှုနဲ့ ကာကွယ်ပိုင်ခွင့်အပေါ် အသိအမှတ်ပြုပေးရမယ်၊ ဒါကို လက်မခံရင် ဂျူးဆန့်ကျင်ရေးသမားပဲလို့ ယူဆကြသူတွေ အုံနဲ့ကျင်းနဲ့ ရှိပါတယ်။ (သာမန်ပါလက်စတိုင်းပြည်သူတွေကို အကြမ်းဖက်ဟားမတ်စ်ရဲ့ အသုံးချခံ (သို့) ဟားမတ်စ်ကို ထောက်ခံသူလို့ ရှုမြင်ပြီး ဒုက္ခဖြစ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို စာနာဖို့ မရွေးကြ မပြောကြတာ အများကြီး ရှိပါတယ်။) သင်ခန်းစာ ယူစရာတွေပါ။

မြန်မာပြည်မှာ ဖြစ်နေတဲ့ နွေဦးဆိုတာ လူထုက စခဲ့တဲ့ နိုင်ငံရေး၊ လူထုက ပုံဖော်တဲ့ တော်လှန်ရေးသာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်က ရှိနေနှင့်ပြီးသားမို့ စစ်နဲ့ တော်လှန်ရေးဒွေးရောယှက်တင် ဖြစ်နေတဲ့ နေရာတွေ၊ အစိတ်အပိုင်းတွေလည်း ရှိတာပေါ့။ စစ်နဲ့ တော်လှန်ရေးကို ဘယ်လိုခွဲသလဲဆိုတော့ လူထုရဲ့ အာခံမယ်၊ ဆန့်ကျင်မယ်ဆိုတဲ့ ငြင်းဆန်မှုကို ဘယ်တုန်းကနဲ့ ဘယ်လောက်ထိ ထင်သာမြင်သာ တွေ့ခဲ့ရလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ယူဆပါတယ်။

တချို့’စစ်ပွဲ’တွေ ဖြစ်နေတာမှာ အဲဒီဒေသက လူထုရဲ့ ငြိမ်းချမ်းစွာ ငြင်းဆန်အာခံဆန့်ကျင်မှု ဘယ်လောက်ထိ ပီပီပြင်ပြင် ဖြစ်ခဲ့၊ ဖြစ်ခွင့်ရခဲ့ပြီး အဲဒီကနေမှ ရွေးချယ်စရာ မရှိတော့လို့ လက်နက်ကိုင်စစ်ရေးနည်းကို လုပ်ခဲ့ရတာလား၊ နဂိုကတည်းက လူထုရဲ့ သဘောဆန္ဒဟာ အဲဒီဒေသတွင်း ရှိနှင့်တဲ့ လက်နက်ကိုင်များရဲ့ အရိပ်အကဲအရ မီးစင်ကြည့်ကပြီး စစ်ထဲ ပါလာရတာလားဆိုတာမျိုး နှစ်ပိုင်း ရှိနေပါတယ်။

ဒါတွေကြောင့် အပြင်လူရဲ့ မျက်လုံးမှာ တော်လှန်ရေးလုပ်နေတာလား၊ စစ်သက်သက် ဖြစ်နေတာလားဆိုတာ မသဲကွဲရတာလို့လည်း ဆင်ခြင်မိပါတယ်။ ဒါ့အပြင် တလောက ပြည်ပရောက် သုတေသီတစ်ယောက်က သူ့ဒေသက လူတွေဟာ ‘ခြေကုန်လက်ပန်း ကျနေကြပြီ’လို့ ပြောတာကို တဆင့်ကြားသိရပါတယ်။ အဲဒီဒေသဟာ စကစ တက်ပြီးနောက်ပိုင်း သပိတ်ရယ်လို့ မယ်မယ်ရရ မရှိ၊ ကျောင်းသွား အလုပ်တက် မပျက်ခဲ့ဘဲ မကြာသေးခင်ကမှ စစ်ပွဲတွေ ဖြစ်လာတဲ့ ဒေသပါ။

တကယ်တော့ မြန်မာ့အရေးကို အာဆီယံနဲ့ နိုင်ငံတကာက ‘ခြေကုန်လက်ပန်း ကျနေပြီ’လို့ ယူဆပြောဆိုနေတာတွေလည်း ရှိပါတယ်။ တကယ်တော့ အာဆီယံရဲ့ သဘောတူချက် ငါးချက်ကို အကောင်အထည် ဖော်ဖို့အရေးမှာ ဘယ်တုန်းကမှ မပူးပေါင်းခဲ့တဲ့ စကစကို စိတ်ပျက်ပြီး ‘ခြေကုန်လက်ပန်း ကျ’ကုန်တာသာ ဖြစ်ပါတယ်။ မြန်မာလူထုကတော့ တော်လှန်ရေးမှာ ခြေကုန်လက်ပန်း ကျတယ်ရယ်လို့ မရှိနေတာကို မြင်ရပါတယ်။ စကစရဲ့ အကြမ်းဖက်မှုတွေကြောင့် လူပင်ပန်း စိတ်မောပန်းရတာမျိုးကတော့ ရှိတာပေါ့။

ဒါက ဘာကို ပြသလဲဆိုရင် အဲဒီသုတေသီ နေထိုင်ရာဒေသက လူတွေဟာ ကိုယ့်သဘောဆန္ဒနဲ့အညီ မဟုတ်တဲ့ အုပ်ချုပ်သူအပေါ် ဆန့်ကျင်ငြင်းဆန်အာခံဖို့ အားထုတ်ခဲ့တာမျိုး လုံလုံလောက်လောက် မရှိခဲ့တဲ့အတွက် ‘စစ်’ပွဲတွေရဲ့ သက်ရောက်မှုကို မခံနိုင်ဖြစ်နေတာမျိုးပေါ့။ တခြားဒေသတွေမှာ နေရပ်စွန့်ခွါနေရသူတွေ စစ်ပွဲတွေရဲ့ သက်ရောက်မှုကို ခံနေရသူတွေ အများအပြား ရှိပေမဲ့ အံကြိတ်ခံနေကြတာကိုလည်း အံ့ဩလေးစားစွာ တွေ့မြင်နေရပါတယ်။ ပြာပုံထဲကနေ တော်လှန်ရေးအလွန်မှာ ဒီ့ထက်ကောင်းတဲ့အိမ်မျိုး ပြန်ဆောက်ဦးမှာလို့ အားမာန်အပြည့်နဲ့ တုံ့ပြန်ကြတာတွေ၊ အိုးအိမ်ပစ်ပြီး အသက်မွေးဝမ်းကျောင်း ပြောင်းနေရပေမဲ့ မညည်းမညူ တောင့်ခံနေကြသူတွေ၊ စစ်ပဲ ကြုံကြုံ ငါ့ဒေသကို မစွန့်တမ်း ရအောင်နေမယ်ဆိုပြီး မဖြုံစိတ်ကို မွေးနေကြသူတွေ အများကြီးပါ။ သူတို့ရဲ့ မတရား အာဏာလုမှုအပေါ် တော်လှန်စိတ်အခံကြောင့်သာ ဒီလို’ခြေကုန်လက်ပန်း’ မကျစတမ်း နေနိုင်နေကြတာပါ။

ဒါတွေကို ကြည့်ပြီး နွေဦးကာလအတွင်းမှာ ‘စစ်’နဲ့ ‘တော်လှန်ရေး’ ရောထွေးနေတယ်လို့ အပြင်လူက မြင်နေတာတွေကိုလည်း နားလည်ပေးလိုက်ပါတယ်။

‘တော်လှန်ရေး’အောင်မြင်ဖို့ဆိုတာ’စစ်’ပွဲတွေ အနိုင်ရဖို့ထက် ပိုခက်တယ်ဆိုတာကိုလည်း သင်ခန်းစာ ရမိပါတယ်။ လူထုရဲ့ သဘောဆန္ဒ၊ ပိုင်းဖြတ်မှုနဲ့ ပူးပေါင်းပါဝင်မှုတွေမပါဘဲ ဘယ်တော်လှန်ရေးမှ မအောင်မြင်နိုင်ဘူးဆိုတဲ့ သင်ခန်းစာလည်း ရပါတယ်။ တော်လှန်ရေး မုချ အောင်ရမည်။။