Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု

‘ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်’ ရှိနေပြီး ဖြစ်ပေမဲ့ ဒီ့ထက်အသေးစိတ်တွေကို ပြင်ဆင်ငြင်းခုန်အဖြေထုတ်ထားနှင့်ကြဖို့ လို-မလိုကို ဆွေးနွေးနေကြပါတယ်။

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မှု

စကစအလွန်ကာလအတွက် စိုးရိမ်ပူပန်မှုတွေထဲမှာ ‘တော်လှန်ရေးအင်အားစုအချင်းချင်းကြား ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ကတိကဝတ်၊ မဟာမိတ်ဖွဲ့မှု’တွေ အရေးကြီးကြောင်း ပြောဆိုကြပါတယ်။ ဒါဟာ တော်လှန်ရေးရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အပိုင်းဖြစ်ပါတယ်။

‘ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်’ ရှိနေပြီး ဖြစ်ပေမဲ့ ဒီ့ထက်အသေးစိတ်တွေကို ပြင်ဆင်ငြင်းခုန်အဖြေထုတ်ထားနှင့်ကြဖို့ လို-မလိုကို ဆွေးနွေးနေကြပါတယ်။

ဒီနေရာမှာ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကတော့ အီဂေါဗလာဆာဗစ်က ထောက်ပြသလို “အစိုးရမရှိတဲ့ နယ်မြေ၊ ဒါမှမဟုတ် ကျရှုံးသွားတဲ့ နိုင်ငံတစ်ခုရဲ့ ဝါးအစည်းပြေသလို ပြေသွားတဲ့နယ်မြေတွေကို အလွန်ကြောက်ကြလေ့ရှိပါတယ်’။ နိုင်ငံတကာအတွက် တော်လှန်ရေးအလွန်ကာလမှာ ဆက်လက်ပြီး ‘ငြိမ်းချမ်းရေး’ ကင်းမဲ့နေဦးမှာလားဆိုတာဟာ ထိတ်လန့်စရာ အကောင်းဆုံးပါ။ တနည်းအားဖြင့် စကစအလွန်ကာလမှာ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်တည်ငြိမ်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်သူက တာဝန်ယူ၊တာဝန်ခံပြီး အကောင်အထည် ဖော်နိုင်မလဲဆိုတာပဲ ဖြစ်ပါတယ်။

ဒီစိုးရိမ်ချက်ကို သရုပ်ခွဲကြည့်ရင် ‘ကျရှုံးသွားတဲ့ နိုင်ငံတစ်ခုအတွင်း တရားဥပဒေစိုးမိုးရေးကို တာဝန်ယူ၊တာဝန်ခံပေးမယ့် အစိုးရ မရှိတဲ့ နယ်မြေ’တွေ မပေါ်ပေါက်ဖို့လို့ နားလည်ရပါတယ်။ ဒီတော့ ‘အနာဂတ်ကြားကာလအစိုးရဟာ ဘယ်လိုပုံစံမျိုး ဖြစ်မလဲ’ဆိုတာကို ပြည်တွင်းက လူတွေလိုပဲ နိုင်ငံတကာကလည်း စိတ်ပူ၊ စိတ်ဝင်စားပါတယ်။ အခုလို နယ်မြေသိမ်းတိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ ပိုပြီးသည်းထန်လာပါတယ်။ အကြောင်းကတော့ နယ်မြေတွေ သိမ်းပိုက်ထားနိုင်တာဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ အခွင့်အရေး ရလာတာလို့ အနက်မဆောင်လို့ပါပဲ။ ဒါကို အီဂေါက ‘မြန်မာနိုင်ငံမှာ ဗဟိုအစိုးရ မတည်ရှိတော့ဘူးဆိုတာမျိုး ယူဆဖို့ အလွန် အန္တရာယ်များပါတယ်”

လို့ သူ့ရဲ့ ‘ကွန်ဖယ်ဒရယ်နိုင်ငံ (နိုင်ငံငယ်များ အတူတကွ စုပေါင်းနေထိုင်ကြခြင်း)အရေးနဲ့ ပတ်သက်တဲ့ မှတ်ချက်’ထဲမှာထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အီဂေါက ထပ်ပြီး ထောက်ပြထားတာတွေကိုလည်း ကြည့်ရအောင်ပါ။

“တကယ်လို့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ လက်ရှိမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေးလှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဗဟိုကို ထည့်ပြီး မစဉ်းစားတော့ဘူးဆိုရင် တော်လှန်ရေးဟာလည်း တစစီဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်းရှိပါတယ်” “မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်စနစ်ကို လူမျိုးစုတွေပေါ်မှာ အခြေခံရင် အင်မတန် အန္တရာယ် များနိုင်ပါတယ်” “တိုင်းရင်းသားလူမျိုးစုကို အခြေပြုပြီး ဖယ်ဒရယ်ယူနစ် သတ်မှတ်တာဟာ ဒီမိုကရေစီနိုင်ငံရေးသဘောတရားထဲမှာ အလုပ် မဖြစ်နိုင်ပါဘူး” “အမျိုးသားရေးကို အကြောင်းပြတဲ့ လူကြိုက်များရေးဝါဒီတွေက လူမျိုးရေးကို သုံးပြီး ကစားနိုင်တဲ့အခြေအနေမျိုးမှာ ပြည်သူတွေက ဓါးစားခံ ဖြစ်လာနိုင်တယ်”တဲ့။

ဆားဘီးယားမှာ မွေး၊ ခရိုအေးရှားမှာ ပညာသင်၊ ချက်ရီပတ်ဘလစ်မှာ နေထိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖိနှိပ်ခံအရေးကိစ္စတွေကို တက်ကြွလှုပ်ရှားသူအနေနဲ့ လုပ်ကိုင်နေတဲ့ အီ‌ဂေါရဲ့ သဘောထားဟာ အလွန်အလေးအနက်ထား စဉ်းစားစရာများသာ ဖြစ်ပါတယ်။ ပြည်တွင်း ပြန့်နှံ့နေထိုင်တဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့ နယ်မြေအနေအထားတွေကိုပါ ထည့်သွင်းစဉ်းစားပြီး သူ ရေးထားတာလည်း ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သူ ထောက်ပြထားတာပါ။

တကယ်တော့ ‘ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့ အခွင့်အရေး’ဆိုတာဟာ ကိုယ့်ဒေသမှာ တခြားလူမျိုး၊ တခြားလက်နက်ကိုင်တွေ မရှိတော့ရုံ၊ ကိုယ့်ဒေသကို ကိုယ့်လက်နက်ကိုင်လက်အောက်မှာ ထားနိုင်ရုံနဲ့ ပြီးပြည့်စုံရိုးမှ မရှိဘဲ။

လတ်တလော သိမ်းပိုက်ထားတဲ့ ကိုးကန့်နဲ့တအာင်းဒေသတွေမှာ တခြားလူမျိုးလူသစ်တွေအနေနဲ့ ဝင်ရောက်နေထိုင်ဖို့ ဥပဒေကြောင်းအရ မဟုတ်တဲ့ ပြဌာန်းချက်အသစ်တွေကို လိုက်နာရမှာမျိုး၊ လက်နက်ကိုင်အဖြစ် ဖိအားပေး စုဆောင်းခံရတာမျိုးတွေ ကြားသိရပါတယ်။ ‘ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးဖို့ အခွင့်အရေး’ဆိုတာ လူမျိုးတစ်မျိုး၊ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုအတွက်သာ အာမခံရမယ့်အရာ မဟုတ်ဘဲ လူတစ်ဦးချင်းစီအတွက်ပါ ထည့်သွင်းစဉ်းစားပေးရမယ့်အရာလို့ ဒီမိုကရေစီစနစ်က ယုံကြည်လက်ခံတာပါ။

ဒါကြောင့် တော်လှန်ရေးအစုအဖွဲ့ အချင်းချင်းကြားမှာ သဘောတရားရေးရာအတွက်ချည်းပဲ မဟာမိတ် ဖွဲ့ဖို့ လိုနေတာ မဟုတ်ပါဘူး။ လက်တွေ့ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွါးစီမံခန့်ခွဲရေးဆိုင်ရာ အကောင်အထည် ဖော်မှုအတွက်ပါ တော်လှန်ရေးအစုအဖွဲ့အချင်းချင်းကြား နားလည်မှုတံတားထိုးဖို့၊ ဝိုင်းဝန်းစဉ်းစား အကောင်အထည် ဖော်ကြဖို့ အရေးကြီးပါတယ်။

တနည်းအားဖြင့် စကစတွေ မရှိတော့တဲ့ နယ်မြေတွေမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တန်းတူညီမျှရေးအခြေခံတဲ့ ဒေသတွင်းအုပ်ချုပ်စီမံခန့်ခွဲမှု (local governance)ဟာ ကြားကာလအတွက် အလွန့်အလွန် အရေးပါတဲ့ အရေးကိစ္စပါ။

အန်ယူဂျီရဲ့ ပြင်ဆင်မှုက အုပ်ချုပ်ရေးလေဟာနယ်အတွက် ပအဖနဲ့ အစားထိုးဖို့လို့ ဆိုပါတယ်။ ဒါကိုလည်း စစ်ကိုင်းတိုင်းထဲမှာ မြင်တွေ့နေရပါတယ်။ ဘယ်လိုပဲ အငြင်းပွါးမှုတွေ ရှိနေတယ်ဆိုဆို ဘယ်တပ်ဖွဲ့ကမှ သိမ်းထားတာ မရှိသေးတဲ့ မြို့၊ရွာတချို့မှာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ သပိတ်မျိုးတွေ၊ တော်လှန်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မြို့ရွာခန်းမကြီးတွေမှာ ကျင်းပနေတာတွေ၊ တော်လှန်ရေးကျောင်း၊ဆေးခန်းမျိုးဆိုတဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အကောင်အထည်ဖော်နေတာတွေ ဒါတွေကို လုပ်နေတာ အထင်အရှားပါ။ ရဲစခန်း၊တပ်စခန်းတွေကို သိမ်းထား၊မထားမသိရပေမဲ့ ဒီပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုဆိုင်ရာအရွေ့တွေကို အဲဒီနေရာဒေသတွေမှာ ဆောင်ရွက်၊ဖြစ်ပေါ်နေတာကိုတော့ သိမြင်နေရပါတယ်။

ဒီလိုအခင်းအကျင်းမျိုးက ကြားကာလအုပ်ချုပ်ရေး ထူထောင်နိုင်ဖို့ လိုအပ်တဲ့ အခင်းအကျင်းမျိုးပါ။ ဒေသဆိုင်ရာ လူထုကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ လူ့ရပိုင်ခွင့်တွေကို ကျင့်သုံးခွင့် ရဖို့နဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးနိုင်နေဖို့ဆိုတာ သိပ်အရေးကြီးပါတယ်။

ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်ပြီး လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်တဲ့အခါမှသာ အဲဒီဒေသက လူထုအတွက် လူ့ရပိုင်ခွင့်တွေကို ကျင့်သုံးခွင့်နဲ့အတူ ‘ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ အခွင့်အရေး’ဆိုတာ ရတတ်ပါတယ်။ ကျန်တဲ့နေရာတွေမှာ လူထုရဲ့ အငြင်းအခုန်အသံတွေ သိပ်မကြားရတာဟာ အစစ်အမှန် ညီညွတ်မှုကြောင့် မဟုတ်ခဲ့ရင် စိုးရိမ်စရာပါ။ သိမ်းပိုက်နယ်မြေတစ်ခုအတွင်းက လူထုရဲ့ ကံကြမ္မာကို လက်နက်ကိုင်သိမ်းပိုက်ထားနိုင်သူများက ဆုံးဖြတ်ပေးနေဦးမလားလို့ ပူပန်နေရဦးမှာပါ။

အီဂေါရဲ့ ဆောင်းပါးမှာ နောက်ထပ် ထောက်ပြထားတာကတော့”တကယ်လို့ တော်လှန်ရေးထဲမှာ ပါတဲ့သူတွေကိုယ်တိုင်က NUG ကို တရားဝင်တဲ့ မြန်မာအစိုးရ ဟုတ်၊မဟုတ် မေးခွန်းထုတ်ရင် သို့မဟုတ် မဟုတ်ဘူးလို့ ငြင်းပယ်ရင် ဘာဖြစ်လာနိုင်သလဲဆိုတော့ စကစ သို့မဟုတ် စစ်တပ်ကနေ တင်မြှောက်ထားတဲ့ ဘယ်သူမဆို ဒေသတွင်းမှာရော နိုင်ငံတကာအသိုင်းအဝိုင်းမှာရော မြန်မာအစိုးရလို့ လက်ခံလိုက်ဖို့ အခွင့်အရေး ပိုရသွားကြမှာဖြစ်ပါတယ်”လို့ ဖြစ်ပါတယ်။

ဒီတော့ သဘောတရားရေးရာနဲ့ လက်တွေ့ရေးရာကို အချိုးကျကျ ပေါင်းစပ်ရှုမြင်ပြီး ရွေ့ကြဖို့ဟာ တော်လှန်ရေးအင်အားစုများအတွက် အရေးကြီး လှပါတယ်။ ‘ခု ရေတွင်း တူးပြီး ခု ရေကြည် သောက်ချင်လို့ မရဘူး’လို့ ဆိုကြပါတယ်။ တချို့အရေးကိစ္စတွေက အလျင်စလို လိုအပ်ပေမဲ့ တချို့အရေးကိစ္စတွေကိုတော့ အချိန်ယူလိုက်မှ လူလုံးကွဲ၊ မူလုံးကွဲတာမျိုး ရှိပါတယ်။ ဒီလိုပဲ ‘ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးဖို့ အခွင့်အရေး’ဆိုတာ ‘နယ်မြေသိမ်းပိုက်ထားနိုင်မှု’နဲ့ ထပ်တူမကျဘူးဆိုတာကိုလည်း သတိထားကြရမှာပါ။

ဒေသတွင်းက လူထုအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုအတွင်း ပြည်သူ့ဝန်ဆောင်မှုများကို ပေးနိုင်ဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပါအဝင် လူ့ရပိုင်ခွင့်များကို ကျင့်သုံးနိုင်စေဖို့ဆိုတာဟာ စကစအလွန်ကာလအတွက် အဓိက အကျဆုံး စိန်ခေါ်မှုသာ ဖြစ်ပါတယ်။ ဒါကို အာမခံ တာဝန်ယူပေးနိုင်တဲ့အခါမှသာ တော်လှန်ရေးဟာ ‘ကိုယ့်ကြမ္မာ ကိုယ် ဖန်တီး’ရေးဆိုင်ရာ အရွေ့တစ်ခုကို ဖော်ဆောင်နိုင်ပြီလို့ ဆိုနိုင်မှာ ဖြစ်ကြောင်းပါ။ ။