Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

ရှမ်း​မြောက်ထိုးစစ်​ရပ်ဖို့ တရုတ်ကိုဒူး​ထောက်ပြီး သစ္စာခံ​တွေကိုထိုး​ကျွေးပြန်တဲ့ စစ်​ကောင်စီ

တရုတ်အစိုးရအနေဖြင့် ထိုလုပ်ငန်းများအား တရုတ်နိုင်ငံတဝန်း ပြင်းထန်စွာ နှိမ်နင်းရာ၊ ၎င်းလုပ်ငန်းများသည် ၂၀၂၁ နှစ်လည်ပိုင်းတွင် မြန်မာ၊ကမ္ဘာဒီးယားနှင့် လာအိုဘက်ဆီသို့ ရွှေ့ပြောင်းသွားကြသည်။

ရှမ်း​မြောက်ထိုးစစ်​ရပ်ဖို့ တရုတ်ကိုဒူး​ထောက်ပြီး သစ္စာခံ​တွေကိုထိုး​ကျွေးပြန်တဲ့ စစ်​ကောင်စီ
ရှမ်း​မြောက်ထိုးစစ်​ရပ်ဖို့ တရုတ်ကိုဒူး​ထောက်ပြီး သစ္စာခံ​တွေကိုထိုး​ကျွေးပြန်တဲ့ စစ်​ကောင်စီ

▪︎ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းခေါင်ဆောင်းများဖြစ်သည့် ကိုးကန့်သစ္စာခံများကို တရုတ်အားထိုးကျွေးပြီး ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးအရှိန် လျော့ကျရန် စစ်ကောင်စီကြိုးပမ်းနေ

ပြီးခဲ့သည့်အပတ်အတွင်း စစ်ကောင်စီ၏နိုင်ငံခြားရေး ဝန်ကြီးသန်းဆွေ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံပြီးနောက်၊ ဒီအပတ်ထဲတွင် တရုတ်အာဏာပိုင်များက ကိုးကန့်ဒေသရှိ စစ်ကောင်စီ သစ္စာခံ များကို ကျားဖြန့်ငွေလိမ်းဂိုဏ်းများကို ဦးဆောင်သူများအဖြစ် ဖမ်းဆီးရန် ဆုကြေးငွေနှင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးဖြင့်ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ပြောကြားခဲ့သည်။

ပထမဆုံး ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် တရုတ်နိုင်ငံပြည်သူများအပေါ် ထိခိုက်ဆုံးရှုံးမှုများစွာရှိသည့် ကြီးမားသည့်ပြဿနာဖြစ်သည်ကို သေချာနားလည်သိရှိရန်လိုအပ်သည်။ ပို၍အရေးကြီးသည်မှာ စစ်ကောင်စီနှင့် ထိုငွေလိမ်ဂိုဏ်းများ၏ ပတ်သက်မှုကို ပိုမိုကျယ်ပြန့်စွာ သိရှိရန်အရေးကြီးသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများအနေနှင့် စစ်ကောင်စီ၏ မတရားပြုကျင့်မှု၊ ရက်စက်မှုများကို ခါးသီးစွာသိရှိသော်လည်း၊ တရုတ်ပြည်သူသန်းပေါင်းများစွာအား ဒုက္ခအကြီးအကျယ်ပေးနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ နှင့် စစ်ကောင်စီ၏ ပတ်သက်မှုကို တရုတ်အစိုးရက ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်များတွင် မှ ပိုမိုသိရှိလာသည်ဟု ယူဆရသည်။

တရုတ်အစိုးရက ၂၀၂၂ ခုနှစ်တွင် တရားဝင် ထုတ်ပြန်ချက်များအရ ၎င်း၏ပြည်သူ့လုံခြုံရေးအာဏာပိုင်များ ကဖမ်းဆီးဖြေရှင်း နိုင်ခဲ့သော အွန်လိုင်းမှတစ်ဆင့်လိမ်လည်မှု( telecom scams) ပေါင်း ၅ သိန်းနီးပါးတွင် ၆၀ ရာခိုင်နှုန်းမှာ မြန်မာပြည် မြောက်ပိုင်းမှာ အခြေပြုသည်ဟုသိရသည်။ တရုတ်တနိုင်ငံလုံး အတိုင်းအတာအားဖြင့် ၂၀၂၀ ခုနှစ် တစ်နှစ်အတွင်းပင်၊ ငွေလိမ်ခံရသူများ၏ ဆုံးရှုံးမှု ပမာဏ ယွန်ငွေ​ပေါင်း ၃၅ ဘီလီယံ( အ​မေရီကန် ​ဒေါ်လာ ၅ ဘီလီယံ) မျှ ရှိသည်ဟုဆိုသည်။

တရုတ်အစိုးရအနေဖြင့် ထိုလုပ်ငန်းများအား တရုတ်နိုင်ငံတဝန်း ပြင်းထန်စွာ နှိမ်နင်းရာ၊ ၎င်းလုပ်ငန်းများသည် ၂၀၂၁ နှစ်လည်ပိုင်းတွင် မြန်မာ၊ကမ္ဘာဒီးယားနှင့် လာအိုဘက်ဆီသို့ ရွှေ့ပြောင်းသွားကြသည်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှိမ်နင်းရေးသည် တရုတ်ပြည်သူ့လုံခြုံရေးနှင့် လူမှုစီးပွားတည်ငြိမ်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်လျက်ရှိရာ၊ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းတွင် ထိုလုပ်ငန်းများ ပိုမိုများပြား ကြီးထွားလာမှုသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်သည့် အနေအထားဖြစ်သည်။ထို့ကြောင့်လည်း တရုတ်အာဏာပိုင်များက စစ်ကောင်စီကို ကျားဖြန့်အွန်လိုင်း​ငွေလိမ်လုပ်ငန်းကွန်ယက်များနှိမ်နင်းရေး အကြိမ်ကြိမ် ဖိအားပေးမည်ဟု ယူဆရသည်။

ထိုငွေလိမ်ဂိုဏ်းများသည် စစ်​ကောင်စီ နှင့် ပူးပေါင်းကာ မြန်မာအာဏာပိုင်များ အပါအဝင်၊ မြန်မာစစ်တပ်လက်​အောက်ခံနယ်ခြား​စောင့်တပ်များ( BGFs)များပါ ထိုလုပ်ငန်းများမှ အကျိုးအမြတ်များစွာ ရရှိနေသည်ကို တရုတ်ဆိုရှယ်မီဒီယာများ၊ “No More Bets” ကဲ့သို့ နာမည်ကြီး ကျားဖြန့်ပညာပေး ဇာတ်ကားတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

ထို့ကြောင့် ကျားဖြန့်ဂိုဏ်းနှင့် ကွန်ယက်များ နှိမ်နင်းရေးတွင် စစ်ကောင်စီ၏ ပူးပေါင်းမှု အားနည်းသည်ကို တရုတ်အစိုးရက ကျေနပ်မှုမရှိသည်ကို လေ့လာချက်များတွင် သုံးသပ်ကြသည်။ အကြောင်းမှာ ထိုလုပ်ငန်းများကို ဦးဆောင်နေသည့် မိသားစုများမှာ စစ်ကောင်စီ သစ္စာခံ ကိုးကန့် ဒေသ အုပ်ချုပ်ရေးခေါင်းဆောင်များ၊ ကိုးကန့်ကြံခိုင်ရေးအမတ်များ၊ နယ်ခြားစောင့်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်နေရာ စစ်ကောင်စီမှ အကာအကွယ်ပေးထားခြင်း ဖြစ်သည်။ ထိုသို့အကာအကွယ်ပေးခြင်းဖြင့်လည်း စစ်ကောင်စီသည်ငွေလိမ်ဂိုဏ်းများထံမှ အကျိုးအမြတ်များစွာ ရရှိနေသည်။

ကျားဖြန့်ငွေလိမ်ဂိုဏ်းများ သုတ်သင်ရေးအား စစ်ရေးရည်မှန်းချက်များတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသည့် မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်လကျော်ကာလအတွင်း စစ်ရေးကျရှုံးမှုများ နှင့် အလူးအလဲ ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ၄င်းတို့၏ ဆုံးရှုံးမှုအား အဖတ်ဆယ်နိုင်ရန် အားကုန်ရုန်းကန် ကြိုးစားနေရပုံ​ပေါ်သည်။ ထို့ကြောင့် ယခုကဲ့သို့ ၎င်းတို့၏ သစ္စာခံ ကိုးကန့်အုပ်စုများအား အကာအကွယ် ပေးခြင်းမှ ရပ်တန့်ပြီး၊ တရုတ်အား ထိုးကျွေးခြင်းဖြင့် ၎င်းတို့ ဆက်လက်ရှင်သန်နိုင်ရေးကို ကြိုးပမ်း​​နေသည်။

ထိုနည်းအားဖြင့် မြောက်ပိုင်းညီနောင်သုံးဖွဲ့မှ အပစ်ရပ်ရန် တရုတ်၏ ကြားဝင်မှုကို ခယတောင်းဆိုမည်ဟု သုံးသပ်ရသည်။ စစ်အုပ်စုသည် ယခင်ကလည်း ၎င်းတို့အကျိုးစီးပွားဖက် ခွန်ဆာ၊ လောဝ်စစ်ဟန်အစရှိသည့် နိုင်ငံတကာက ရာဇဝတ်ကောင်များအဖြစ် အလိုရှိသည့် ဘိန်းဘုရင်များကို နှစ်ပေါင်းများစွာ ကာကွယ်​ပေးခဲ့ဖူးသည်။ ယနေ့တွင် စစ်ရေးအကြပ်အတည်းကြောင့် တရုတ်ကို ​ဒူး​ထောက်ပြီး တရုတ်လိုလား​​သော ကျားဖြန့်ငွေလိမ်ဂိုဏ်းခေါင်းဆောင် ၎င်းတို့ သစ္စာခံများကို ထိုးကျွေးခဲ့ခြင်းဖြစ်သည်။ ကျားဖြန့်​ခေါင်း​ဆောင်များအပြင် တရုတ်အကြိုက်လိုက်၍ တခြားမည်သည့် အရာများ​ကိုပါပေးခဲ့ရ​သေးသည်ကို မသိရ​သေး​ပါ။

သို့​သော်ထိုကဲ့သို့ နည်းလမ်းဖြင့် ရာဇဝတ်ဂိုဏ်းများကို သုတ်သင်ရှင်းလင်းနိုင်ရန် အလားအလာမရှိ​ပေ။ထို့အပြင် နောက်နောင်တွင်လည်း မသမာသည့်ရာဇဝတ်လုပ်ငန်းများဖြင့် စစ်​ကောင်စီမှာ ၎င်းတို့ဆက်လက်ရပ်တည်နိုင်ရန် ကြိုးပမ်းနေမည့် ရာဇဝတ်ကောင်များဖြစ်သည်ကို မြန်မာပြည်သူလူထု သိရှိသကဲ့သို့ တရုတ်အစိုးရအနေဖြင့်လည်း သတိပြုသိရှိသင့်ပါသည်။

ဒုစရိုက်ရာဇဝတ်လုပ်ငန်းများ နှင့် အကျိုးစီးပွားဖက်ဖြစ်သည့် စစ်အုပ်စု အုပ်ချုပ်နေသမျှ ကာလပတ်လုံး မြန်မာလူထု၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး စိုးရိမ်ရသည့်အပြင်၊ တရုတ်ပြည်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသလုံခြုံရေး၊ ငြိမ်းချမ်းရေးကိုလည်း အမြဲခြိမ်းခြောက်နေမည်ကို အထူးသတိပြုကြရမည်ဖြစ်သည်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...