Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဘယ်လောက်ထိဖြတ်တောက်ထားနိုင်ပြီလဲ

အဓိက ဝင်ငွေစီးကြောင်း သုံးခုထဲမှာတော့ ရေနံသဘာဝဓာတ်ငွေ့ကတော့ အကြီးဆုံးပဲ။ အကြီးဆုံးအပြင် အရေးပါဆုံးဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဝင်ငွေတွေက ဒေါ်လာနဲ့ဝင်တဲ့ ဝင်ငွေတွေဖြစ်တာကြောင့်မို့လို့ လက်နက်ဝယ်ယူတာတို့ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ အရေးပါတဲ့ ဝင်ငွေစီးကြောင်းဖြစ်တယ်။

NUG လျှပ်စစ်နဲ့စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်

စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရလမ်းကြီးတစ်ခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို ဥရောပသမဂ္ဂကောင်စီ(အီးယူ)က ဖေဖော်ဝါရီ ၂၁ ရက် က ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

သဘာဝဓာတ်ငွေ့ကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက် ရနေပြီး ဒီငွေဟာ စစ်ကောင်စီ လက်နက်ဝယ်ယူရေးအတွက်အရေးပါနေတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် MOGE အပေါ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ အကျိုးသက်ရောက်မှုဘယ်လောက်အတိုင်းအတာရှိလဲ ၊ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်း ပြတ်တောက်သွားပြီလား ဆိုတာတွေကို NUG ရဲ့ လျှပ်စစ်နဲ့စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကို လူထုနွေဦးက မေးမြန်းထားပါတယ်။

အီးယူရဲ့ ဒီလိုဒဏ်ခတ်မှုကြောင့် လက်ရှိ လုပ်နေတဲ့ တောင်ကိုရီးယား၊ ထိုင်း ကုမ္ပဏီတွေရော လုပ်ကွက်ကနေ ထွက်ကုန်ကြမှာလား။ ပိတ်ဆို့မှုအပြီးမှာ စွမ်းအင်စီမံကိန်းတွေပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ။

မထွက်နိုင်ဘူးခင်ဗျ။ အီးယူရဲ ဒဏ်ခတ်မှုတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးခင်ဗျ။ ဒါပေမယ့် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုပါလာတယ်ဆိုရင်တော့ ဒီတောင်ကိုရီးယား၊ ထိုင်းကုမ္ပဏီတွေကတော့ တစ်မျိုးစဥ်းစားနိုင်တယ်။ ဒါတောင်မှ ဥပမာ PTT ဆိုရင် လက်လွှဲယူဖို့စဥ်းစားနေတာမျိုးရှိတော့ ဒီလိုမျိုးဖိအား ကို အီးယူသာမကဘူး အမေရိကန်ကပါ MOGE ကို ဒဏ်ခတ်အရေးယူမှု လုပ်တယ်ဆိုရင်တော့ ဒီထက်ပိုကြီးတဲ့ဖိအားဖြစ်တာကြောင့် အဲဒီအချိန်ကျရင်တော့ လုံးဝအပြီးပိုင်ထွက်သွားတာမျိုးတော့ မျှော်လင့်လို့ရနိုင်တယ်။

တိုင်းပြည်ရဲ့ ဝင်ငွေစီးကြောင်း သုံးခုဖြစ်တဲ့ အခွန်အခ၊ ပြည်ပချေးငွေနဲ့ အထောက်အပံ့ ပြီးတော့ အလုံးအရင်းနဲ့ နိုင်ငံခြားဝင်ငွေအဓိကလမ်းကြောင်းဖြစ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ အဲဒီဝင်ငွေစီးကြောင်းတွေကို ဖြတ်တောက်ဟန့်တားနိုင်တဲ့အနေအထားက ဘယ်လိုရှိပါသလဲ။

Public Service Announcement

Public Service Announcement

တကယ်တော်ကျွန်တော်ပြောရရင် ဝင်ငွေစီးကြောင်းသုံးခုမှာ သေချာဖြတ်တောက်နိုင်ခြင်းတော့မရှိသေးဘူး။ ဒါပေမယ့် ထိခိုက်နေတာကတော့ ရှိပါတယ်။ ဥပမာ တစ်ဦးတစ်ယောက်ချင်းစီက ပေးဆောင်ရမယ့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်တို့ အပိုင်းမှာတော့ အထိနာနေတာ ကတော့ သိသာနေတဲ့အချက်ပဲ။ ဒါပေမယ့် သွင်းကုန်ထုတ်ကုန်လုပ်တဲ့ကုမ္ပဏီကြီးတွေကျတော့ အခွန်ဆောင်တာနဲ့ထိန်းချုပ်ထားတဲ့အခါကျတော့ အထူးသဖြင့် လောင်စာဆီတင်သွင်းနေတဲ့ကုမ္ပဏီတွေ၊ ကုန်စည်အမြောက်အများသွင်းရတဲ့ ကုမ္ပဏီတွေ၊ ပို့ကုန်လုပ်တဲ့ကုမ္ပဏီတွေက ရှိနေတုန်းပဲဆိုတော့ အဲဒီကနေ အခွန်ကတော့ ၈၀ ရာခိုင်နှုန်းလောက်တော့ ရှိနေဦးမယ်လို့ ယူဆရပါတယ်။

အဓိက ဝင်ငွေစီးကြောင်း သုံးခုထဲမှာတော့ ရေနံသဘာဝဓာတ်ငွေ့ကတော့ အကြီးဆုံးပဲ။ အကြီးဆုံးအပြင် အရေးပါဆုံးဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဝင်ငွေတွေက ဒေါ်လာနဲ့ဝင်တဲ့ ဝင်ငွေတွေဖြစ်တာကြောင့်မို့လို့ လက်နက်ဝယ်ယူတာတို့ စစ်ကောင်စီရဲ့ မဟာဗျူဟာကျတဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ အရေးပါတဲ့ ဝင်ငွေစီးကြောင်းဖြစ်တယ်။ ခုချိန်ထိတော့ ဒီလမ်းကြောင်းပြတ်တောက်သွားတာမရှိဘူး၊ တစ်ချို့အပိုင်းတွေမှာ နစ်နာသွားတာတော့ ရှိတယ်။

အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အဓိက အားဖြင့်ပြောရင် သဘာဝဓာတ်ငွေ့ ပေါ့ Shwe Gas စီမံကိန်းရယ် ပိုက်လိုင်းရယ်၊ နောက်တော့ Total တို့ ရဲတံခွန်တို့ စီမံကိန်းတွေရယ် ပိုက်လိုင်းရယ်ရှိတယ်။ အဲဒါတွေကနေ သူတို့က တစ်နှစ်ကို ဝင်ငွေ ၁.၅ ဘီလီယံကနေ နှစ်ဘီလီယံကျော်ကျော်လေးအထိရနေတယ်။ အဲလိုဝင်နေတာဖြစ်လို့ ဒါကတော့ မဖြစ်မနေ ဖြတ်တောက်ဖို့လိုတယ်။ ကျွန်တော်တို့တော်လှန်ရေးအတွက် ဒါဟာ အင်မတန်အရေးကြီးတယ်။

သွေးစွန်းငွေ ဖြတ်တောက်ရေးလူထုလှုပ်ရှားမှုတွေကနေ ပြည်သူတွေလက်မှတ်ထိုးပါဝင်မှုနဲ့ ဆက်တိုက်ဆိုသလို ရုပ်သိမ်းမှုတွေ၊ အရေးယူမှုတွေ တွေ့ရပါတယ်။ ပြည်သူ့အားနဲ့နောက်ထပ်ဆက်တွန်းမယ့် အစီအမံတွေက ဘာတွေဖြစ်မလဲ။

ပြည်သူ့အားနဲ့ဆက်တွန်းရမှာကတော့ ကျွန်တော်တို့ ကုမ္ပဏီတွေထွက်မယ်ဆိုရင်လည်း သူတို့ထွက်ရင် ငွေတွေကို စစ်ကောင်စီဆီ မပေးဖို့လိုတယ်။ ဆိုလိုတာက တောင်းဆိုတဲ့အတိုင်း Escrow Account (စစ်ကောင်စီလက်လှမ်းမမီတဲ့ဘဏ်စာရင်း အထူးဘဏ်စာရင်း) ထဲမှာ ထည့်ထား၊ ဒါမှမဟုတ်ရင် NUG ကိုပေးပေါ့နော်။ အဲဒီလမ်းနှစ်သွယ်ရှိတယ်။ အဲဒီလမ်းနှစ်ခုထဲကနေ တစ်ခုလုပ်ဖို့ စစ်ကောင်စီဆီမရောက်သွားဖို့လိုတယ်။ အဲဒါကို ဆက်လက်ပြီးတော့ ကျွန်တော်တို့ တွန်းကြမယ်။

ပြည်သူတွေအနေနဲ့အခုဆိုရင် မီးပြတ်တောက်တဲ့အခြေအနေကို အဆိုးဆုံးကြုံနေရတာရှိပါတယ်။ အဆုံးထိသွားတဲ့ပြည်သူတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် မီတာဆောင်နေရတာတွေလည်းရှိပါတယ်။ မီတာခမဆောင်ဘဲ စစ်တပ်ဝင်ငွေဖြတ်တောက်ရေး ပြည်သူ့လှုပ်ရှားမှုကရော အခုဘယ်လိုအခြေအနေရှိပါသလဲ။

မီတာမဆောင်ရေးကတော့ အစပိုင်းမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ စစ်ကောင်စီရဲ့ ဝင်ငွေထိခိုက်တာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့သိတဲ့အတိုင်းပဲ မြို့ပေါ်မှာ မီတာမဆောင်ဘဲ မီးဖြတ်တဲ့အခါကျတော့ တစ်ချို့စိုးရိမ်စိတ်တွေရှိတယ်။ မီတာခပြန်ဆောင်ကြတာရှိတယ်။ အခုကျတော့ ကျွန်တော်တို့အရင်လိုမျိုး ၈၀ ရာခိုင်နှုန်းအောင်မြင်မှုမရတော့ဘူး။ တစ်ချို့နေရာတွေမှာ ၆၀ ရာခိုင်နှုန်း၊ တစ်ချို့နေရာတွေမှာ ၄၀ ရာခိုင်နှုန်း၊ ကိုယ့်နယ်မြေထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ တစ်ရာရာခိုင်နှုန်းပေ့ါ။ အဲဒီလို အနေအထားအမျိုးမျိုးကွဲပြားသွားတဲ့အနေအထားရှိတယ်။ ဒါကတော့လည်းတော်လှန်ရေးရဲ့ နောက်ခံအခြေအနေပါ်မှာမူတည်တယ်လို့တော့ ကျွန်တော့အနေနဲ့ မြင်မိတယ်။ ဥပမာ နယ်မြေထိန်းချုပ်ထားနိုင်မှု၊ နောက်တစ်ခုကတော့ လူထုရဲ့စိတ်ပိုင်းဖြတ်မှု၊ နောက်တစ်ခုကတော့ တကယ်လို့ လျှပ်စစ်မီးမရှိဘူးဆိုရင် ဒါကို ပြန်လည်တုံ့ပြန်ဖို့ ဘာအစီအမံတွေရှိလဲ အဲဒီတွေအပေါ်မူတည်ပြီးတော့ ပြည်သူတွေရဲ့ပါဝင်မှုက ကွဲပြားသွားတယ်။