Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်တော်တို့မှာ ဆုံးရှုံးစရာဘာမှမရှိတော့ဘူး။ အောင်ပွဲသာရမယ်၊နိုင်သာနိုင်သွားမယ်ဆိုရင် ကျွန်တော်တို့တစ်ရွာလုံး စစ်မြေပြင်ဖြစ်သွားပါစေ။ ဘယ်အိမ်ပါပါ။ အရာရာ အစကနေ ပြန်စတင်မယ်”

အခုနောက်ဆုံး ဧပြီ ၁၁ရက်က မီးရှို့ဖျက်ဆီးတာမှာပြည်သူ​တွေရဲ့အိမ် အလုံးရေ ၁၅၀ထက်မနည်း မီး​လောင်ပြာကျခဲ့ပြန်ပါတယ်။စစ်​ကောင်စီတပ်က စာနာမှုမရှိဘဲ အကြိမ်ကြိမ် အကြမ်းဖက်ဖျက်ဆီးမှုကြုံ​နေရတဲ့ နတ်ချောင်းရွာ​က ဒေသခံတစ်ဦးကို လူထု​​နွေဦး(People’s Spring)သတင်းဌာနက ဆက်သွယ်​မြန်းထားပါတယ်။

စစ်​ကောင်စီတပ်ကသုံးကြိမ်မီးရှို့ခံရ​သောနတ်ချောင်းရွာမှ ဒေသခံတစ်ဦးနှင့်​မေးမြန်းခန်း

ဧပြီ၁၁ ရက်​နေ့မှာ အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်က နတ်ချောင်းရွာကိုသုံးကြိမ်​မြောက်မီးတင်ရှို့ပါတယ်။ အိမ်ခြေနှစ်ထောင်လောက်ရှိတဲ့ ​စားဝတ်​နေ​ရေအဆင်​ပြေသူ​တွေများပြီး နိုင်ငံရေးအသိအမြင်ကျယ်တဲ့ နတ်ချောင်းရွာကို စစ်ကောင်စီက ၂၀၂၁ဒီဇင်ဘာလကနေ ၂၀၂၂ ဧပြီလ ၁၁ရက်အထိ သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့တာပါ။ လေကြောင်းကရော မြေပြင်စစ်​ကြောင်း​တွေပါ ထိုးစစ်ဆင်ခြင်းခံခဲ့ရသလို သက်ကြီးရွယ်အိုနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံအရပ်သား ၃၀ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်တာခံခဲ့ရပါ​​သေးတယ်။

အခုနောက်ဆုံး ဧပြီ ၁၁ရက်က မီးရှို့ဖျက်ဆီးတာမှာပြည်သူ​တွေရဲ့အိမ် အလုံးရေ ၁၅၀ထက်မနည်း မီး​လောင်ပြာကျခဲ့ပြန်ပါတယ်။စစ်​ကောင်စီတပ်က စာနာမှုမရှိဘဲ အကြိမ်ကြိမ် အကြမ်းဖက်ဖျက်ဆီးမှုကြုံ​နေရတဲ့ နတ်ချောင်းရွာ​က ဒေသခံတစ်ဦးကို လူထု​​နွေဦး(People’s Spring)သတင်းဌာနက ဆက်သွယ်​မြန်းထားပါတယ်။

မေး- နတ်ချောင်းရွာကို စစ်ကောင်စီဘာကြောင့်အခုလို အညိုးတကြီးဖျက်ဆီးနေတယ်လို့ ထင်လဲ

Public Service Announcement

Public Service Announcement

ဖြေ-နှစ်ချက်ရှိတယ်။ တစ်ချက်က ပထဝီအနေအထားအရ။ ပထဝီအနေအထားအရ ကျွန်တော်တို့ရွာက ချင်းပြည်နယ်ကို တက်လို့ရတယ်။ ချင်းပြည်နယ်ကို ဝင်ပေါက်တစ်ပေါက်ဖြစ်နေတယ်။ တောင်ပိုင်းကိုသွားရင်လည်း ကလေး-ဂန့်ဂေါနဲ့ ကလေး- ဖလမ်းဆိုပြီးရှိတယ်။အဲ့ဒီလို ဂွဆုံမှာရှိတဲ့အရေးပါတဲ့ရွာ။ အဲ့လိုရွာကသူတို့(စစ်ကောင်စီ)စိတ်တိုင်းကျမဟုတ်ဘဲ PDFအားကောင်းတဲ့ရွာ ဖြစ်နေတာ။ ရွေးကောက်ပွဲအစဥ်အဆက်မှာလည်း စစ်တပ်ကျောထောက်နောက်ခံဘယ်ပါတီမှ မနိုင်ခဲ့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အမေစု ဝင်မပြိုင်တဲ့အချိန်ကတောင် ကျွန်တော်တို့က ကြံခိုင်ရေးမနိုင်ရင်ပြီးရောဆိုပြီး ကျန်တဲ့ပါတီကို မဲပေးခဲ့တာ။ ရွာကလည်းကြီးတယ်။ ဥစ္စာဓနတောင့်တဲ့ရွာလည်းဖြစ်တော့ စွာတယ်။ အထွေထွေသပိတ်ကနေလက်နက်ကိုင်တော်လှန်ရေးစတော့လည်း နတ်ချောင်းနဲ့နတ်မြောင်းရဲ့ ကြားမှာ ကလေး-ဂန့်ဂေါလမ်းမကိုပိတ်ပြီး ခံတပ်ဆောက် ခုခံတာလည်း ကျွန်တော်တို့ရွာပဲ။ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေမစခင် တူမီးနဲ့စတိုက်တုန်းကလည်း စစ်ကောင်စီအကျအဆုံးများပြီး ဆင်ထားတဲ့လမ်းကြောင်းကို မသွားနိုင်တော့ဘဲရွာဘေး တောထဲမှာ ဝင်ပုန်းနေကြရအထိ၊ပြီးတော့ ရဟတ်ယာဥ်နဲ့ လာကယ်ထုတ်ရတဲ့ အထိဖြစ်ခဲ့တာ။ နောက်ပြီး ကျွန်တော်တို့ရွာက PDFအပြင် ပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်)တွေလည်း အားကောင်းတော့ တော်တော်ကို စွာတဲ့ရွာဖြစ်နေတာ။

မေး- ဒီဒေသကပြည်သူ့ ကာကွယ်ရေးအဖွဲ့က လူငယ်တွေစိတ်ထဲမှာ စစ်ကောင်စီကိုခုခံတော်လှန်ဖိုဘယ်လောက်အထိ စိတ်အားထက်သန်နေလဲ။

ဖြေ-ဘယ်လောက်တောင်လဲဆို ကျွန်တော်တို့ ဒေသရဲ့လူငယ်တွေကြားမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့အထဲမပါဘူးဆို အဲ့ဒီကောင်လူရာမဝင်တော့ဘူး။ အပေါင်းအသင်းကို မလုပ်ကြတော့ဘူး။ စစ်တပ်က သိပ်ယုတ်မာတဲ့အခါ သားက PDFသင်တန်းတက်ရင်အဖေကထမင်းထုပ်ပြင်ပေးတာမျိုး။သားရောအဖေပါအတူတွဲတိုက်နေတာမျိုးအထိရှိတယ်။

မေး – နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ မှာမီးရှို့ အိမ်တွေမီးလောင်နေတာကို ဒေသခံတွေက အဝေးကနေ ​ငေးကြည့်နေရတဲ့မြင်ကွင်းက သိပ်ဝမ်းနည်းစရာကောင်းပါတယ်။​ ဒီလိုရက်စက်တဲ့ဖိနှိပ်မှုကိုအကြိမ်ကြိမ် ရင်ဆိုင်နေရတဲ့အခါဒေသခံပြည်သူတွေရဲ့ခံစားချက်ဟာ ဘယ်လိုဖြစ်လာလဲ။

ဖြေ- ကျွန်တော်တို့က နဂိုကတည်းကမာကျောတဲ့ရွာဖြစ်တယ်။သူတို့လုပ်လိုက်တဲ့ပုံစံက တစ်ဖက်စည်းကို တွန်းပို့သလို ဖြစ်သွားတယ်။ စည်းရုံးရေးပုံစံမှ မဟုတ်တာ။ ကိုယ့်ကို မရိုက်သေးလို့ တွေဝေနေတဲ့သူတောင် အရိုက်ခံရတဲ့အခါ ဒီဖက်စည်းကို အကုန်ရောက်လာတယ်။ နဂိုစိမ်းချင်တဲ့သူတောင် သူတို့ပိုင်ဆိုင်တာတွေ ထိပါးခံရတဲ့အခါ၊ ဆုံးရှုံးသွားတဲ့အခါ သူတို့မခံနိုင်တော့ဘူးလေ။
ကျွန်တော်တို့ နဂိုက ရှောင်ပေးဖူးပါတယ်။မိဘတွေရော ပြည်သူတွေကရော ကလေးတွေကို ထိန်းပါတယ်။ ကလေးမြို့က ထွက်လာတဲ့စစ်ကြောင်းကလည်း နတ်ချောင်းကိုချတာပဲ။ ဂန့်ဂေါက ထွက်လာတဲ့စစ်ကြောင်းကလည်း နတ်ချောင်းကိုချတာပဲ။ကလေးတွေက ပထမတော့ နားထောင်တယ်။ စစ်တပ်ကို ဘာမှပြန်မလုပ်လည်း ရွာကို မီးလာလာရှို့တဲ့အခါ သူတို့(စစ်ကောင်စီ)ကိုမပစ်လည်း ရှို့နေတော့ နောက်ပိုင်းမှာ ပစ်သာပစ် ဆိုတာမျိုးတွေ ဖြစ်လာတာ။ ကျွန်တော်တို့မှာ ဆုံးရှုံးစရာဘာမှမရှိတော့ဘူး။ အောင်ပွဲသာ ရမယ်၊နိုင်သာနိုင်သွားမယ်ဆိုရင် ကျွန်တော်တို့တစ်ရွာလုံး စစ်မြေပြင်ဖြစ်သွားပါစေ။ ဘယ်အိမ်ပါပါ။ အရာရာ အစကနေ ပြန်စတင်မယ်။ စစ်ကောင်စီက ကျွန်တော်တို့ရွာကို တပ်စွဲထားချိန် PDF တွေအတွက် လက်နက်ကြီးသာ ရလာရင် ထုသာထု၊ ဘယ်အိမ်ထိထိ။

မေး- အခုလိုမျိုး ဘယ်အိမ်ထိထိ ပစ်သာပစ်ဆိုတဲ့ အဖြေက နတ်ချောင်းတစ်ရွာလုံးအတွက် ကိုယ်စားပြုနိုင်ရဲ့လား

ဖြေ- ကိုယ်စားပြုနိုင်တာပေါ့။ကျွန်တော်ဆိုရင်တောင် အပျော့လိုင်း(သဘောထားပျော့ပြောင်းသူ)ထဲပါတယ်။တောသူတောင်သားဆိုတာ သိတဲ့အတိုင်းပဲ။ သူတို့စိတ်က မုန်းမိပြီဆို ဘာမှမတွေးတော့ဘူး။ အခုပဲ(နတ်ချောင်းရွာအား စစ်ကောင်စီက ဧပြီ၁၁ရက်တွင် မီးရှို့ခဲ့သည့်အဖြစ်အပျက်)အိမ်ခြေ တစ်ရာကျော် ပါသွားပြီ။ဒါပေမယ့် ငါတို့ဘက်က သတ်လိုက်နိုင်လား၊ သတ်လိုက်နိုင်ရင်​ကျေနပ်တယ်ဆိုတာမျိုးတွေ ဖြစ်နေပြီ။

မေး- နတ်ချောင်းရွာကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလက စပြီး စစ်ကောင်စီက လေကြောင်းကနေတိုက်တာ၊ မီးရှို့တာ၊ အရပ်သားတွေကို သတ်တာကနေ ဒီနေ့ အိမ်တွေမီးရှို့ဖျက်ဆီးခံနေရတဲ့ ဒေသခံတစ်ဦးအနေနဲ့ အနာကျင်ဆုံးဖြစ်ရပ်က ဘာဖြစ်မလဲ

ဖြေ- အနာဆုံးက ပထမဆုံး စစ်ကြောင်းထိုးလာတဲ့နေ့က စစ်ကားတန်းကြီး ထိုးချလာပြီး အိမ်ဆိုင်တွေ၊ဖုန်းဆိုင်တွေ၊ အိမ်ဆိုင်မဟုတ်ဘဲနဲ့ တောသူတောင်သားအလျောက်စုဆောင်းထားတာလေးတွေကို ယာဥ်တန်းကြီးထိုး၊တံခါးတွေဖွင့်ပြီး ကားတွေနဲ့ နိုင်သလောက်တင်ယူသွားတာပဲ။အတော်လေး ခံပြင်းတယ်။တော်တော်လေး စိတ်ပျက်တယ်။ တစ်ဖက်သတ် စိတ်​​ကြိုက်ဖျက်ဆီးပြီး သေချင်ရင် မင်းတို့ဆက်လုပ်ဆိုတာမျိုး။ ဒီနောက်ပိုင်းက အဲ့ဒီထက် ပိုဆိုးပါတယ်။ဒါပေမယ့် ပထမဆုံးကြုံတဲ့အဲ့ဒီဖြစ်ရပ်ကတော့ တစ်ရွာလုံး Shockဖြစ်ခဲ့ရတယ်။

မေး- စစ်ကိုင်းတိုင်းဟာ စစ်အာဏာရှင်တော်လှန်ရေးအားအကောင်းဆုံး​​ဒေသဖြစ်သလို အဆိုးဆုံးလည်း ဖိနှိပ်ခံနေရတယ်။ စစ်ကိုင်းတိုင်းပြည်သူတွေဟာစစ်တပ်အပေါ် ဘယ်လိုမြင်​နေကြလဲ။

ဖြေ-ကျွန်တော်တို့ ရန်ငါ စည်းပြတ်သွားပြီ။ တော်လှန်ရေးကာလ ဘယ်လောက်ကြာပါစေ သူတို့ရပ်တည်လို့မရအောင် စစ်ကိုင်းက လုပ်သွားနိုင်တယ်။ နောက်တစ်ခုကစစ်ကောင်စီ
ခေါင်းဆောင်တွေဟာ ပြည်သူကို လုံးဝနားမလည်ဘူး။လက်နက်ကိုင်ထားပြီး ပြည်သူကို အတင်းပုံစံချချင်နေတာ။ သူတို့မသိတာက ပြည်သူဟာ သူတို့ထက်ရှေ့ကိုရောက်နေပြီ။ သူတို့ရဲ့အဆိုးရွားဆုံး၊ အားအနည်းဆုံးက သူတို့အုပ်ချုပ်တဲ့ပြည်သူ ဘာဖြစ်ချင်နေတာလည်းဆိုတာ သူတို့မသိဘူး။သူတို့နဲသဘောထားမတိုက်ဆိုင်ရင် NLD သွေးထိုးလို့ဆိုပြီးပြောတယ်။ ကျွန်တော်လည်း အမေ့(ဒေါ်အောင်ဆန်းစုကြည်)ကိုချစ်တဲ့သူပဲ။ဒါပေမယ့်အခုအချိန်မှာတော့ NLD ဆိုတာလည်း ခေါင်းထဲမရှိဘူး။ သွေးထိုးလို့ ဒီတော်လှန်ရေးလုပ်နေတယ်လို့ ထင်ရင် ကျွန်တော်တို့ကိုနှစ်ခါပြန်စော်ကားတာနဲ့တူတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ခံယူချက်မရှိဘဲသွေးထိုးလို့လုပ်နေတယ်လို့ပြောနေတာက ကျွန်တော်တို့ကို နှစ်ခါပြန်စော်ကားတာ။ စစ်ခေါင်းဆောင်တွေကပြည်သူကိုလုံးဝနားမလည်ဘူး။ သူတို့ရဲ့ အတွေးကျဥ်း၊အမြင်ကျဥ်း၊ သူတို့ရဲ့ဝါးလုံးခေါင်းထဲက အမြင်လေးတွေနဲ့ ထင်ရာမြင်ရာသတ်မှတ်ပြီး လက်နက်အားကိုးနဲ့အတင်းပုံသွင်းချင်နေတာ။ ပြည်သူကသူတို့ထက် အများကြီးကျယ်ပြန့်နေတဲ့အခါ ဘယ်လိုမှအံမဝင်တော့ဘူး။အဲ့ဒါကြောင့် အခုလိုတွေ ဖြစ်နေတာ။

မေး-ပြည်သူတစ်ယောက်အနေနဲ့ NUGကိုဘယ်လိုသတင်းစကားပါးချင်လဲ

ဖြေ- NUGအနေနဲ့တော့မြေပြင်ကအချက်အလက်တွေကို ကြိုးစားပေးပါလို့။ အဖွဲ့တွေကို လက်နက်တွေ ဘာတွေ မထောက်ပံ့နိုင်သေးရင်တောင်မှ စည်းလုံးညီညွတ်မှုကို ပိုခိုင်မာအောင်တည်ဆောက်ပေးပါလို့။ ပွင့်လင်းမြင်သာမှုနဲ့အတူ ထိတွေ့ပေး၊အသံတွေနားထောင်ပေးရင် အောက်ကပြောချင်တာတွေ၊တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားက အဟတွေကို ညှိနှိုင်းနိုင်မှာပါ။ အဓိကကတော့ တွေ့ဆုံနေကြဖို့ပါ။ပွင့်လင်းနေကြဖို့ပါ။ တော်လှန်ရေးအစိုးရပီပီပေါ့ဗျာ။ လက်နက်တွေ အတတ်နိုင်ဆုံးဖြစ်နိုင်အောင် တပ်ဆင်ပေးပါ။ ကျွန်တော်တို့ပြည်သူတွေက အသင့်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။