Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လူထုထောက်ခံမှုရတဲ့ အပိုင်းကတော့ ပိုပြီးမြန်မြန်ဆန်ဆန် ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ မြင်ပါတယ်”

စစ်​ကောင်စီဆီမှာ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို People’s Spring သတင်းဌာနကဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

ဦးစိုင်းလိတ်
ဦးစိုင်းလိတ်

SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နဲ့ မေးမြန်းခန်း

စစ်ကောင်စီက နိုင်ငံရေးပါတီ​တွေကို ပြန်မှတ်ပုံတင်ဖို့ အချိန် ၂လ သတ်မှတ်​ပေးတယ်လို့ဆိုပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တတိယ အများဆုံးအနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံမတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စစ်​ကောင်စီဆီမှာ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီးပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို People’s Spring သတင်းဌာနကဆက်သွယ်မေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

သန်းဆင့်/People’s Spring

​မေး-ပါတီမှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်လိုက်တဲ့အခြေအနေ ရှင်းပြပေးပါလား။

​ဖြေ-ပါတီမှတ်ပုံမတင်တာကတော့ CEC အားလုံးရဲ့ သဘောတူညီချက်နဲ့ တညီတညွတ်တည်း ဆုံးဖြတ်ထားတာ ပေါ့နော်။ မတင်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နစက(စစ်ကောင်စီ) အနေနဲ့ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိဘူး။ မရေမရာ အခြေအနေမျိုးပဲရှိနေသေးတယ်။ဒုတိယ တစ်ချက်ကတော့ အချိန်နှစ်လအတွင်းမှာ လူထုကို ပါတီဝင်ထုကို သွားရောက်တွေ့ဆုံရှင်းပြပြီးတော့မှ သူတို့ရဲ့ သဘောထားတွေ ရယူဖို့ အခက်အခဲဖြစ်တယ်။ အချိန်မလုံလောက်ဘူး။ အဲဒါကြောင့်မို့လို့ ပါတီဝင်ထုရဲ့ သဘောဆန္ဒ မပါဘဲနဲ့ ကျနော်တို့ဘာသာ ဆုံးဖြတ်တာမျိုး ရှေ့က ကျွံပြီးတော့မှ လုပ်တာမျိုး မလုပ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ပါတီ မှတ်ပုံမတင်သေးဘူးလို့ ဒီလိုပဲ ဆုံးဖြတ်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

​မေး-ပါတီ မှတ်ပုံမတင်တဲ့အတွက် သက်ရောက်လာနိုင်တာတွေအပေါ် ဘယ်လိုပြင်ဆင်ထားပါသလဲ။

​ဖြေ- ပထမတစ်ချက်တော့ ပါတီတည်ထောင်ပြီဆိုကတည်းက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်နိုင်ငံရေးမှာ စီးမြောပြီးတော့မှ တက်နိုင်သလောက် ဥပဒေပြုရေးကို အားစိုက်ရမှာပေါ့။ အုပ်ချုပ်ရေးအပိုင်းကဏ္ဍကတော့ နောက်တစ်ပိုင်းပေါ့။ ဒါက ရေဘူယျအမြင်ပေါ့နော်။ သို့သော် ကျနော်တို့ ယုံကြည်ထားတာက နိုင်ငံရေးလုပ်တယ်ဆိုတာ ပါတီ မှတ်ပုံတင်ရှိမှ လွှတ်တော်နိုင်ငံရေးကလွဲပြီး တခြား လုပ်စရာမရှိဘူးဆိုတဲ့ အမြင်မျိုးကိုတော့ ကျနော်တို့ လက်သင့်မခံဘူး။ ဆိုတော့ ရွေးကောက်ပွဲ နိုင်ငံရေးက ကျော်လွန်ပြီးတော့ တခြားလုပ်ဆောင်စရာ ကိစ္စတွေအများကြီး ကျနော်တို့ လုပ်သွားဖို့ လိုအပ်ပါတယ်။ လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ဥပမာ အားဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ၊ ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စတွေ၊ နောက် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်မယ့် လူသားချင်း စာနာမှု ထောက်ထားတဲ့ အကူအညီပေးတာမျိုးတွေက အစပေါ့နော်။ လူထုပညာပေးရေးလုပ်ငန်းတွေအဆုံး ကျနော်တို့  လုပ်နိုင်စရာ အများကြီးရှိတယ်။ လုပ်ဖွယ်ရာကိစ္စတွေ အများကြီးပေါ်ပေါက်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့  တိုင်းပြည်ကြီး တည်ငြိမ်အေးချမ်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် မပေါ်ပေါက်သေးသရွေ့ မဖြစ်ထွန်းသေးသရွေ့ ကျနော်တို့ SNLD က တက်နိုင်တဲ့ဘက်ကနေ လုပ်ပိုင်ခွင့်ရှိတဲ့ဘက်ကနေ ဆက်လက်ပါဝင်ဆောင်ရွက်နေမှာပဲ။

​မေး-အာဏာသိမ်းစစ်ကောင်စီက လုပ်မယ့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့က အခြေအနေကောင်း အခါကောင်းမဟုတ်ဘူး ဆိုတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဘယ်လို အခြေအနေလိုအပ်တယ်လို့ မြင်ပါသလဲ။

​ဖြေ-တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေက သာမာန်အခြေအနေမဟုတ်ဘူးဆိုပြီးတော့နစက ကိုယ်တိုင် အာဏာသက်တမ်းနောက်ထပ် ၆လ တိုးယူထားတာလေ။ အဲဒါကလည်း တစ်ကြိမ်တည်း တိုးမှာလား နောက်ထပ် ဘယ်နှစ်ကြိမ်ရှိအုံးမလဲဆိုတာ ဘယ်သူမှ အတိအကျ ပြောလို့ မရဘူး။ အဲဒီတော့ တိုင်းပြည်က သာမာန်အခြေအနေ မဟုတ်လို့ ကျနော်တို့ကလည်း သာမာန်ရွေးကောက်ပွဲ ကို လျှောလျှောရှုရှုနဲ့ လုပ်သွားနိုင်ဖို့ဆိုတာတော့ သိပ်ပြီး မမျှော်လင့်ပါဘူး။ နစက ဥက္ကဋ္ဌကြီး ကိုယ်တိုင် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ပြောသွားတဲ့ အချက်တွေ အများကြီးရှိပါတယ်။ အဲဒီမှာ အကြောင်းပြချက်ပေါင်း ၆ချက်၊ ၇ချက်လောက်ရှိပါတယ်။ အခုကိုယ်ပဲ လ၀က ဝန်ကြီး ကိုယ်တိုင်က သန်းခေါင်စာရင်း ကောက်ယူတဲ့ ကိစ္စကို ၂၀၂၄ အောက်တိုဘာ ၁ရက်နေ့မှာ စတင်ပြီး လုပ်ဆောင်မယ်လို့ ပြောတယ်။ ဒါက ဘယ်လောက်ကြာအုံးမလဲဆိုတာ ပြောလို့မရဘူး။ နောက်တစ်ချက် ရွေးကောက်ပွဲလုပ်လို့ရှိရင် အနည်းဆုံးအားဖြင့်  ရာခိုင်နှုန်း ၅၀ကျော် တစ်နိုင်ငံလုံးအနှံ့ လုပ်ချင်တယ်လို့ပြောတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အခြေအနေက ကယားပြည်နယ် ကြည့်အုံးမလား၊ ချင်းပြည်နယ် ကြည့်မလား၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းကြည့်မလားတည်ငြိမ်အေးချမ်းတဲ့အရိပ်အယောင်တွေ လုံး၀မရှိဘူး။ အဲဒီတော့ တိုင်းပြည်နယ်အနှံ့ ပြည်နယ်ရော တိုင်းရော အတူတကွ ရွေးကောက်ပွဲ လုပ်ကြဖို့ဆိုတဲ့ အခြေအနေမျိုးက ဘယ်တော့လဲဆိုတာ မေးစရာဖြစ်တယ်။ ဒါကြောင့်မို့လို့ သာမန်အခြေအနေမဟုတ်သော ကာလမှာ ကျနော်တို့ကလည်း သာမန် အေးအေး ညောင်းညောင်း လုပ်နိုင်တဲ့ ရွေးကောက်ပွဲကတော့ လောလောဆယ်အားဖြင့် မျှော်လင့်နိုင်စရာ မရှိသေးဘူးလို့ပဲ သုံးသပ်ပါတယ်။

​မေး-တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင် အဆုံးသတ်နိုင်ဖို့ စစ်ရှိန်မြှင့်မယ် ဘက်ပေါင်းစုံက တိုက်ခိုက်မယ်ဆိုတာမျိုးပြောတော့ စစ်ရေးအခြေအနေလည်း မြင့်လာနိုင်တော့
ဒီအပေါ် ဘယ်လိုမြင်မိပါသလဲ။

​ဖြေ-အဲဒါတော့ အကန့်တစ်ခုစီ ခွဲပြီး ကြည့်ရမှာပေါ့။ ကျနော်တို့ ကိုယ်၌က ရွေးကောက်ပွဲ ဖြစ်မယ် မဖြစ်ဘူး မသိဘူး ပါတီ ဆက်လက် မှတ်ပုံမတင်ဘူးဆိုပေမယ့်လို့ NUGနဲ့ကတော့ အကန့်ခြင်းကွာပါတယ်။ ကျနော်တို့က တိုင်းပြည်ထဲမှာ နေပြီးတော့မှ ကျနော်တို့ ယုံကြည်တဲ့နည်းလမ်း နဲ့ ကျနော်တို့ လုပ်ကိုင်နေတယ်။ သူတို့ကျတော့လည်း အပြင်ထွက်ပြီးတော့မှ သူတို့ ယုံကြည်တဲ့ပုံစံနဲ့ ထပ်ပြီးလုပ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နစက အစိုးရကိုယ်တိုင်တောင်မှပဲ ဖယ်ဒရယ်ပြည်ထောင်စုကြီးကိုတည်ဆောက်မယ် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်မယ်လို့ ကြေညာထားတာပဲလေ။ အဲဒီတော့ အားလုံးက ကိုယ်စီကိုယ်စီတော့ ရည်မှန်းချက်တော့ တူသယောင်နဲ့လုပ်နည်းလုပ်ဟန်တော့ ကွဲပြားတယ်။ ဘယ်ဟာက  ပိုပြီး လူထုထောက်ခံမှု ရသလဲ။ လူထုထောက်ခံမှုရတဲ့ အပိုင်းကတော့ ပိုပြီးမြန်မြန်ဆန်ဆန် ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ မြင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

SNLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး၏ သဘောထားဖြင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

သတင်း

SNLD၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို တောင်ကြီးမြို့၌ ၂ရက်ကြာ ကျင်းပခဲ့ပြီးနောက် ယနေ့ညီလာခံ အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့သည်။

News

ဦးခွန်ထွန်းဦးသည် SNLD ဥက္ကဋ္ဌတာဝန်သာမက SNLD အပါအဝင် တိုင်းရင်းသားပါတီ ၁၃ ခုဖြင့်ဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ် (UNA)နှင့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) တို့၏ နာယက အဖြစ်လည်း တာဝန်ယူခဲ့သည်။