Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“(စစ်​ကောင်စီ)ကျရှုံးနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြည်သူလိုလားတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ဖြစ်ထွန်းဖို့က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အားလုံးက အချိတ်အဆက်မိမိ မလုပ်နိုင်ဘူးဆိုရင် ပန်းတိုင်က သူ့အလိုလို နီးလာမှာမဟုတ်ဘူး”

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)လုပ်ငန်းကော်မတီအဖွဲ့ဝင် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် မေးမြန်းခန်း

ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)လုပ်ငန်းကော်မတီအဖွဲ့ဝင် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် မေးမြန်းခန်း
ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)လုပ်ငန်းကော်မတီအဖွဲ့ဝင် SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်နှင့် မေးမြန်းခန်း

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ အပါအဝင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ဝင်ပါတီများ၊ မိတ်ဖက်ပါတီများ စုပေါင်းပါဝင်တဲ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ(PRCF)ကို ဖွဲ့စည်းထားကြောင်း ဖေဖော်ဝါရီ ၁၁ရက်မှာ အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုဖြစ်စ ကတည်းက UNA အဖွဲ့ဝင် ပါတီအချို့ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးပြည်သူ့ကော်မတီ(PRF)ကို ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပြီး ၂၀၂၁ မတ်လ ၁၈ရက်တွင် PRCF အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့တာလို့ ဆိုပါတယ်။ ၂၀၂၁ မတ်လအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရေးဆွဲရာမှာ PRCF အနေနဲ့ ပါဝင်ခဲ့ကြောင်း အသိပေးထားပါတယ်။ လက်ရှိမှာ PRCFကို အဖွဲ့ဝင် အဖွဲ့အစည်း ၁၂ဖွဲ့ ဖြင့် စုဖွဲ့ထားကြောင်း ၊ PRCF အနေနဲ့ ၂၀၂၂ မတ်လမှစ၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ဖေဖော်ဝါရီ ၃ရက်တွင် PRCF ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကို ဆွေးနွေးပြီး နောက်ဆုံးမူကြမ်းအဖြစ် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြကာ အဲဒီ နောက်ဆုံးမူကြမ်းကို ဖေဖော်ဝါရီ ၁၂ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ PRCF အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းအင်အားဖြင့် စုပေါင်းပိုင်ဆိုင်သော ပြည်ထောင်စုကို ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ PRCF အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင်အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)၊ ဓနုတိုင်းရင်သားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ(DNDP) မြိုအမျိုးသားဒီမိုကရေစီပါတီ(MNDP)၊ ကယန်းအမျိုးသားပါတီ(KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ(SSKDP)၊ မွန်ရေးရာအဖွဲ့(MAA) တို့ဖြစ်ပါတယ်။ PRCF အနေနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အခြားအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတယ်ဆိုတာနဲ့ PRCF ရဲ့ ရပ်တည်ချက် သဘောထားတွေကို အဖွဲ့ဝင် ပါတီတစ်ခုဖြစ်တဲ့ SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို PRCF လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဖြစ်တဲ့ ဦးစိုင်းလိတ်ကို People’s Spring က ​ဖေ​ဖော်ဝါရီ ၁၂ ရက်မှာဆက်သွယ်မေးမြန်းထားပါတယ်။

မေး။SNLD ပါဝင်တဲ့ PRCF စုဖွဲ့မှု ဖြစ်ပေါ်လာတဲ့ အခြေအနေ ရှင်းပြပါလား။

ဖြေ။ ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တာနဲ့ ကျနော်တို့ အရင် UNA + ( စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်)နဲ့ မိတ်ဖက်တွေ ၊မိတ်ဆွေပါတီတွေ အကုန်စုပြီးတော့မှ ကျနော်တို့ဘာလုပ်သင့်သလဲ စပြီးဆွေးနွေးတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလအတွင်းမှာပဲ ကျနော်တို့ လက်ရှိ UNA ပုံစံနဲ့တော့ ရပ်တည်လို့ မရလောက်တော့ဘူး။ PRCF ပုံစံမျိုးနဲ့ ထပ်ပြီး ရင်ဆိုင်ဖို့အတွက်ကို လူစုတာပေါ့ဗျာ။ ပါချင်တဲ့သူ ပါလို့ရတယ်၊ မပါဘဲ ဖယ်နေလို့ရတယ်ပေါ့ဗျာ။ အဓိကကတော့ အချက် သုံးချက်ရှိပါတယ်။ တစ်အချက်က အာဏာရှင်စနစ်ကိုဆန့်ကျင်တယ်။ နှစ်အချက်ကတော့ ဒီနိုင်ငံရေးပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆိုင်တယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းမယ်။ ဖွဲ့စည်းပုံသစ်အရ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ ရအောင် ကြိုးပမ်းဆောင်ရွက်ကြမယ်။ အဲဒီအပေါ်မှာ သဘောတူရင်ပါမယ်၊ သဘောမတူရင်လည်းဘဲမပါဘဲနေလို့ရတယ် ဆိုပြီး စုခေါ်လိုက်တော့မှ PRCF ဆိုတာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မေး။ဒီစုဖွဲ့မှုက အာဏာသိမ်းမှု သုံးနှစ်လောက်ကြာမှာ အပြင်မှာ သိလာရတဲ့ အခြေအနေကို ရှင်းပြပေးပါလား။ အခက်အခဲတွေရှိလို့လား။ ဘာကြောင့်လဲ။

Public Service Announcement

Public Service Announcement

ဖြေ။အခက်အခဲကတော့ မျိုးစုံပါပဲ။ တချို့ပါတီတွေဆိုရင် သူတို့ ခေါင်းဆောင်တွေ အဖမ်းအဆီးခံရလို့ ထောင်ထဲက ထွက်မလာသေးလို့ အဆုံးအဖြတ်မပေးနိုင်ဘူး။ တချို့က ပါတီရပ်တည်ရေးအတွက် ပြန်လည် မှတ်ပုံတင်မယ် မတင်ဘူး ဆုံးဖြတ်ရခက်နေတာမျိုးက အစပေါ့။ တချို့ကျတော့လည်း အင်မတန်ဝေးလံတဲ့ အရပ်မှာ ရှိနေတယ်။ အဆက်အသွယ်မရ ဖြစ်နေတယ်။ ဥပမာ ကယားပြည် ကရင်နီပေါ့။ ရှမ်းမြောက်က ကိုးကန့်လိုဟာမျိုးပေါ့။ အဲဒီပါတီတွေကျ အဆက်အသွယ်ပြတ်နေလို့ သူတို့ရဲ့ သဘောထား မရမချင်း မလုပ်နိုင်သေးတာလည်းပါတယ်။ ဒါကြောင့်မို့လို့ ကြန့်ကြာတာလည်းပါတယ်။ အခြားတစ်ဖက်မှာလည်း စစ်အာဏာသိမ်းတာ ၆ လလို့ ပြောထားပြီးတော့၊ တကြိမ် နှစ်ကြိမ်ပဲတိုးမလားလို့ စောင့်ကြည့်ရင်းနဲ့ နောက်ဆုံးကျတော့လည်း ၅ကြိမ်လောက်အထိ တိုးနေတဲ့အတွက် ဒါမဖြစ်သင့်တော့ဘူးလို့ ယူဆလို့ အခုမှ ထပြီးတော့မှ ကျနော်တို့ ကြေညာရခြင်းဖြစ်ပါတယ်။

မေး။ပါဝင်တာ နိုင်ငံရေးပါတီပဲလား တခြားဘယ်လိုပုံစံမှု ရှိပါသလဲ။

ဖြေ။ကျနော်တို့ စုဖွဲ့မှုက လေးပိုင်းလောက်ရှိပါတယ်။ တစ်က နိုင်ငံရေးပါတီ၊ နှစ်က အထွေထွေသပိတ်မှာပါတဲ့လူငယ်ကျောင်းသားနဲ့ အမျိုးသမီးတွေ ပါမယ်။ နောက် အပစ်ရပ်လက်မှတ်ထိုးထားတဲ့ EAOs (တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့)တွေ ပါမယ်။ နောက် အရပ်ဘက် အဖွဲ့အစည်း ( CBO, CSO )တွေပေါ့။ အဲဒါတွေနဲ့ အကုန်လုံးချိတ်ဆက်ထားတယ်။ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံမှာကို အဲဒါတွေ ပါလို့ရတယ်။ ပါခွင့်ရှိတယ်ဆိုတာ ဖော်ပြထားပြီးသားဖြစ်တယ်။ တချို့ကလည်း အဆင်သင့်မဖြစ်သေးလို့ လောလောဆယ် နိုင်ငံရေးပါတီ အနေနဲ့ပဲ ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်။

မေး။ ပုံစံအမျိုးမျိုးနဲ့စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိတော့ ဒီအဖွဲ့တွေနဲ့ ဘယ်လိုချိတ်ဆက်သွားမလဲ။ ချိတ်ဆက်မှုတွေရောရှိပါသလား။

ဖြေ။ချိတ်ဆက်မှုက ရှိပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ရဲ့ စောစောက ပြောတဲ့ ရပ်တည်ချက်ပေါ့ ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး။ နောက် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံပေါ်ပေါက်ရေးရယ်၊ ဒီမိုကရေစီအခွင့်အရေးနဲ့ အခြေခံလူ့အခွင့်အရေး ရရှိရေး အတွက် ဖော်ဆောင်တဲ့ အင်အားစုတွေနဲ့ ကျနော်တို့ ချိတ်ဆက်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ဇန်နဝါရီ ၃၁ရက်က NUGနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဘုံသဘောထား ရပ်တည်ချက်ထုတ်ထားတော့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ၊ ဒီအပေါ်မှာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ သတင်းစကား ဘာတွေပြောလိုပါသလဲ။

ဖြေ။ ။ ၃၁ရက်နေ့က ထုတ်တဲ့ NUGနဲ့ KNU၊ KNPP နောက် CNFပေါ့ ။လေးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အခြေခံသဘောအားဖြင့် ကျနော်တို့ လက်ခံတယ်။ သဘောတူတယ်။ လုပ်ငန်းစဉ်အားဖြင့်တော့ နည်းနည်းကွဲပြားမှာပေါ့။ ဥပမာ သူတို့က ဖက်ဒရယ်ဖွဲ့စည်းပုံမသွားခင် ကြားထဲမှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမယ်ဆိုတာမျိုးတွေရှိတယ်။ ဒီဥစ္စာက ကြီးမားတဲ့ အဟန့်အတားမဟုတ်ဘူး။ ကြီးမားတဲ့ ကွဲပြားချက်မဟုတ်ဘူး။ ညှိနှိုင်းဆောင်ရွက်လို့ ရတာပေါ့။ အဓိက အားဖြင့်တော့ ဒီပြည်ထောင်စုကို ရှင်းရှင်းပြောရရင်ဗျာ၊ စစ်အာဏာသိမ်းမှုအလွန်မှာ ပေါ်ပေါက်လာမယ့် ကျနော်တို့ နိုင်ငံရဲ့ အခင်းအကျင်းဟာ နဂို ပြည်ထောင်စုပုံစံအတိုင်းပဲဆိုရင် အဆင်မပြေဘူး။ ပြည်ထောင်စု အသစ်ပုံစံမျိုးနဲ့သွားရမယ်။ တန်းတူညီမျှမှုရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်တဲ့ပြည်ထောင်စုသစ်တစ်ခုပေါ်ပေါက်ရမယ်။ သို့သော် အစိတ်စိတ် အမွှာမွှာပြိုကွဲသွားတဲ့ အနေအထားမျိုးတော့ မရောက်စေရဘူးဆိုတဲ့ အခြေခံမူမှာတော့ ရပ်တည်ချက်ချင်းတူပါတယ်ဗျ။

မေး။ ဒီ​နေ့ယာယီသမ္မတကလည်း ပင်လုံစာချုပ်ချုပ်ဆိုတဲ့ ၇၇နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောတာအထူးသဖြင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးက နေမသွေဖီဆိုတာပါတာပေါ့။ အဓိကတော့ စုပေါင်းပြီး ပြည်ထောင်စုအသစ်ကို ထူထောင်ဖို့ဆိုတာပေါ့။ လက်ရှိမှာ ​​ရော အဲဒီအတွက် စိုးရိမ်စရာ အနေအထားမြင်ရပါသလား။

ဖြေ။ ပြည်ထောင်စုကို အဓိပ္ပါယ်ဖော်တဲ့နေရာမှာ ကွဲပြားမှုလေးတွေရှိလာတာပေါ့။ ဥပမာ ၁၉၄၇ ပင်လုံစာချုပ်ချုပ်တဲ့အခါ ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်မှာ လူမျိုးအပေါ်မှာ အခြေခံတာမဟုတ်ဘူး။ ၁၉၄၇ ဖက်ဒရယ်ပုံစံမျိုးက ဒေသတွေကို အခြေပြုပြီး စုပေါင်းလာတာဖြစ်တယ်။Federated Shan States၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသနဲ့ ဒီအောက်မြန်မာပြည်မလို့ခေါ်တဲ့ဒေသပေါ့ ။ဒီဒေသလေးခုရဲ့ စုပေါင်းဖွဲ့တည်မှုနဲ့ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုက လူမျိုးကို အခြေမခံဘူး။ ဥပမာ ရှမ်းပြည်ဆိုလို့ရှိရင် အဲဒီ အချိန်တုန်းက ပအိုဝ်း၊ပလောင်၊ ဓနု၊ ကချင်၊ ရှမ်း အကုန်ပါကြတာကိုး။ အဲဒီလူမျိုးတွေ ဘယ်လောက်ပဲ ပါပါ နောက်ဆုံးကျတော့ ရှမ်းပြည်တခုလုံးကို ကိုယ်စားပြုတဲ့ဟာတွေပဲဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒေသကို အခြေခံပြီးစုဖွဲ့လာတဲ့ ဖက်ဒရယ်အပေါ်မှာ စုပေါင်းလုပ်ဆောင်ကြမယ် တန်းတူညီမျှမှုရှိစေရမယ်လို့ ကတိကဝတ် ပြုခဲ့ဦးတော့ တကယ်တမ်း အကောင်အထည် မဖော်နိုင်ခဲ့တော့၊ ဒီနေ့ ဒီအချိန်မှာ လူမျိုးတော်တော်များများက အဲဒီအပေါ်မှာ အမြင်မှားပြီး လူမျိုးပေါ် အခြေခံတဲ့ ဖက်ဒရယ်စနစ် (Ethnofederalism )လို့ နားလည်မှုလွဲပြီး အယူအကောက်တွေ တိမ်းစောင်းကုန်တာပေါ့။ အဲဒီဟာက နောင်တချိန်ကျရင် ဒီပြည်ထောင်စုကြီး ၊ အာဏာရှင်စနစ်အလွန်မှာ ဒီပြည်ထောင်စုကြီးက တကွဲတပြားစီ ဖြစ်သွားနိုင်စရာ ပေါ်ပေါက်မလားလို့တောင် စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအခြေအနေမျိုးကို ကျနော်တို့က လက်သင့်မခံသင့်ဘူး၊ မဖြစ်သင့်ဘူး ယူဆလို့ ဒီနေ့ ဒီအချိန်မှာ စစ်အာဏာရှင် အလွန်မှာ ဖြစ်သင့်တဲ့ ပြည်ထောင်စုပုံစံဆိုပြီး ထုတ်ဖော်ပြောကြားရခြင်းဖြစ်ပါတယ်။

မေး။ဒီကနေ့ယာယီသမ္မတရဲ့ မိန့်ခွန်းမှာပြည်ထောင်စုအသစ်တည်ဆောက်တဲ့အခါ ပဋိပက္ခအသစ်တွေမဖြစ်စေလိုဘူးဆိုတဲ့အပေါ်မှာ အဲဒီလို ပြဿနာ အသစ်တွေ ထပ်မဖြစ်ဖို့ အင်အားစုအသီးသီးကို ဘာ​ပြောလိုပါသလဲ။

ဖြေ။အဓိကကတော့ ကျနော်တို့က အာဏာရှင်စနစ်မှန်သမျှကို လုံး၀ ပျက်သုဉ်းသွားအောင် စုပေါင်း ချေမှုန်းပစ်ရပါမယ်။ အဲဒီနောက်မှာ ကျနော်တို့ ရလိုတဲ့ ရလဒ်တစ်ခု မရသေးခင်မှာ၊ နောက် ရလဒ်ရလာတဲ့အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ စုပေါင်းညီညွတ်စွာ အတူနေထိုင်သွားကြမယ်ဆိုတဲ့ဥစ္စာကို တချိန်တည်း တပြိုင်တည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတယ် ပြောပြီး ကိုယ့်ကိုယ်၌က စစ်ဝါဒကို ပြန်ထူထောင်နေတာမျိုးဆိုရင် အဆင်မပြေဘူးဆိုတာကိုပဲ နိဂုံးချုပ်ပြောလိုပါတယ်။

မေး။လက်ရှိ သုံးနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေး၊ နိုင်ငံရေးမှာ သူ့အနေအထား ကိုဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။စစ်ကောင်စီကတော့ ကျနော်တို့ အမြင်မှာ အဖက်ဖက်က ကျရှုံးနေတာပေါ့။ ကျဆုံးသွားတဲ့ အဆင့်တော့ မရောက်သေးပါဘူး။ အဖက်ဖက်မှာ သူက ဆုံးရှုံးနေတယ် ကျရှုံးနေတယ်။ သို့သော်လည်းပဲ ကျနော်တို့ပြည်သူလိုလားတဲ့ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ဖြစ်ထွန်းဖို့က ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အားလုံးက အချိတ်အဆက်မိမိ မလုပ်နိုင်ဘူးဆိုရင် ပန်းတိုင်က သူ့အလိုလို နီးလာမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ စုဖွဲ့မှု ဒီထက်ပိုကျစ်လျစ်ဖို့လိုအပ်တယ်။ ကျနော်တို့ သွားချင်တဲ့ ပန်းတိုင်ရဲ့အလွန်မှာ မဖြစ်သင့်မဖြစ်ထိုက်တာကို အခုကတည်းက ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားသင့်တယ်၊ ညှိနှိုင်းထားသင့်တယ်ဆိုတာလောက်ပဲ ဖြည့်ပြောချင်ပါတယ်။

မေး။စစ်ကောင်စီ ကျရှုံးနေတယ်ဆိုတာ သုံးသပ်ကြတယ်။ တစ်ဖက်မှာလည်း NUGနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်မှာ စစ်တပ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး အာဏာလွှဲပြောင်းရေး အေးအေးချမ်းချမ်းလုပ်သွားနိုင်ဖို့ စစ်ကောင်စီအတွက် လမ်းဖွင့်ပေးထားတဲ့ အနေအထားလည်းရှိတော့ ဒီအခင်းအကျဉ်းကို စစ်ကောင်စီဘက်က လက်ခံနိုင်ဖို့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ဒါက ကျနော်တို့လို နိုင်ငံရေးပါတီအစုအဖွဲ့နဲ့တော့ တိုက်ရိုက်မပတ်သက်ဘူး။ သို့သော်လည်းပဲ ၃၁ရက်နေ့ ပဒိုတာဒိုမူး(KNU အထွေထွေအတွင်းရေးမှူးချုပ်)တို့ လေးဖွဲ့ (NUGနှင့် ကရင်၊ ချင်း၊ ကရင်နီအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ)ထုတ်တဲ့ စတိတ်မန့်ထဲမှာတော့ ပါပါတယ်။ ကျနော်တို့က စားပွဲဝိုင်းပေါ်မှာ မဖြစ်မနေ တစ်ရက်တော့ တွေ့ရမယ်လေ။ ဒါပေမဲ့ အဲဒီ စားပွဲဝိုင်း တွေ့ဆုံရေး ပေါ်ပေါက်ဖို့ဆိုရင် စစ်ကောင်စီဘက်ကလည်းပဲ သူ့မှာလိုက်နာရမယ့် စည်းကမ်းတွေရှိတာပေါ့။ တဖက်က ဖြစ်ချင်တာကို အကုန်လုံးက ပွင့်ပွင့်လင်းလင်းပြောထားပြီးပြီ။ သူ့ဖက်ကလည်း ဖြစ်သင့်တာကို ပြန်ပြီးချိန်ဆဖို့လိုအပ်တာပေါ့။ တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ဖို့ဆိုတာ တိုင်းပြည်စိစိမွှမွှကြေရုံပဲရှိမယ်၊ လူငယ်တွေရဲ့ အနာဂတ်ပျောက်ရုံပဲ ရှိမယ်။ ဆိုတော့ အဲဒီ အခြေအနေမျိုး မရောက်ခင် နှစ်ဖက်စလုံးက အနာဂတ်ကို ရည်မှန်းပြီးတော့မှ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာမျိုးကတော့ အဲဒီလမ်းကြောင်းပေါ်အောင်တော့ ကြိုးစားဖော်ဆောင်ရပါမယ်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။