Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျနော်တို့ဘက်က လက်နက်အားတွေ လူအင်အား တိုက်ရည်ခိုက်ရည် ပိုပြီးတော့ ကောင်းလာတယ်လို့ ပြောလို့ရတယ်”

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ
ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

— ဝင်းမောင်/People’s Spring

စစ်ကောင်စီတပ်က ချင်းပြည်နယ် ဟားခါးဗျူဟာ နှင့် မင်းတပ်သို့ စစ်ယာဉ်တန်းများဖြင့် အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာများဖြည့်တင်းရန်ကြိုးစားလျက်ရှိရာ ကလေး-ဖလမ်း-ဟားခါးလမ်းမှ တဆင့် ဟားခါးသို့ သွားရောက်နေသည့် တင့်ကား ၂စီးပါယာဉ်တန်းကို  ဒေသခံကာကွယ်ရေးတပ်(CDF)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းအမျိုးသားတပ်မတော်(CNA) စသည့် ချင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်​နေသည်။ စစ်ကားတန်းများကို တိုက်ခိုက်မှု အခြေအနေ အပါအဝင် ချင်းပြည်နယ်အတွင်း စစ်ရေးအခြေအနေများကို CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီအားPeople’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြလိုက်ပါသည်။

Public Service Announcement

Public Service Announcement

​မေး-ဟားခါးဘက်ကို တက်တဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်​နေတဲ့အ​ခြေအ​နေကိုရှင်းပြပေးပါလား။

​​ဖြေ- မတ်လ ၈ရက်နေ့က ကလေးမြို့ကနေ ထွက်လာတဲ့စစ်ကြောင်းက ဖလမ်းရောက်ပြီးမှ အခု ဟားခါးကို ဆက်သွားဖို့ အခု ဖလမ်းကနေ ထွက်လာတယ်။ အခုသုံးလေးရက်တော့ကြာပြီ။ အဲဒီမှာ စစ်ယာဉ်တန်း အစီးရေ ၃၀။ တင့်ကား ၂ စီးအပါအဝင်ပေါ့။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်မှု ဖြစ်နေတာပါ။ အဲဒီမှာ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး။ သူတို့ဘက်က အကျအဆုံးက ၇ ယောက်ရှိတယ်ပေါ့။ ဖလမ်းကနေ အထွက် လုံပီးရွာ မှာပဲ သောင်တင်နေခဲ့တယ်။ ဆက်ပြီး မတိုးနိုင်တဲ့အနေအထားမှာရှိတယ်။ သူတို့စစ်​​ကြောင်းပုံစံက လမ်းဘေးဝဲယာ ယာဉ်တန်းလုံခြုံရေးအဓိက လုပ်တယ်။ အဲဒီမှာ ရဲနဲ့ စစ်သားက အင်အား ၁၇၀ နီးပါးတော့ရှိတယ်လို့ သိရတယ်။ အဓိက ရိက္ခာနဲ့လက်နက်တွေ သယ်ဆောင်လာတယ်လို့ သိရတယ်။

​မေး-ဖလမ်း- ဟားခါးကြား ဘယ်နှစ်မိုင်လောက်ရောက်ပြီလို့သိရပါသလဲ။

၃ မိုင်လောက်ပဲရောက်သေးတယ်။ သူတို့ ရှေ့ကို တက်လိုက် ပြန်ဆုတ်လိုက်ပဲအဲဒီလိုနဲ့ ဖလမ်းကနေ သုံးမိုင်လောက်အကွာ အဲဒီ လုံပီးရွာမှာ သောင်တင်နေတယ်။ လုံပီးကနေ လုံရမ်းရွာဘက်ကို ထွက်လာလိုက် ပြန်ဆုတ်လိုက် ပဲပေါ့။

မေး- အဲဒါဆို ဟားခါးရောက်ဖို့ သူတို့ အချိန်အတော်ကြာ ခရီးနှင်ရမယ့်သဘောပေါ့။

​ဖြေ-ဟုတ်ကဲ့ ဖလမ်းနဲ့ ဟားခါးကတော့ မိုင် ၄၀ပေါ့။ ပုံမှန် တစ်နာရီခွဲကြာခရီးပေါ့။ အခု သူတို့ သုံးလေးရက်တော့ကြာပြီ။ ဖလမ်းကနေ အထွက်ပဲ ရောက်သေးတယ်။ ပြီးတော့ ဖလမ်းမြို့ပေါ် အထိုင်စခန်းကနေ လက်နက်ကြီးတွေ ကူပစ်ပေးတာတွေလည်းရှိတယ်။

​မေး- ဖလမ်းမရောက်ခင် ကလေး – ဖလမ်းကြားမှာလည်း အတော်အထိနာတယ်ဆိုတဲ့ သတင်းတွေလည်းတွေ့ရပါတယ်။ ဆရာတို့ရော ကြားမိပါသလား။

​​ဖြေ- အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကိုယ်တိုင်လည်းပါတယ်။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သုံးလေးဖွဲ့ပေါ့။ အဲဒီမှာ ၂၀ နဲ့ ၃၀ကြားတော့ သူတို့က အကျအဆုံးရှိတယ်။ ပြီးတော့ ဒဏ်ရာရကတော့ လေးငါးဆယ်လောက်ရှိတယ်။ အဲဒီမှာ သူတို့ ၁၄ရက်လောက်ကြာတာပေါ့။ ယာဉ် ၂ စီးပျက်တယ်။

Public Service Announcement

Public Service Announcement

​မေး-သူတို့အနေနဲ့ နာရီပိုင်းလောက်သာသွားရမယ့် ခရီးကို ရက်တွေအကြာကြီး လဝက်လောက်ကြာအောင်သွားရတယ်ဆိုတော့ ဒီအပေါ် ဘယ်လိုသုံးသပ်လို့ရပါသလဲ။

​​​​​​ဖြေ-သူတို့ ဒီလိုလာတိုင်း စစ်ယာဉ်တန်းတွေ သူတို့ ရိက္ခာနဲ့အင်အား ပို့တဲ့ဟာတွေလာတိုင်း ကျနော်တို့နဲ့ အမြဲတမ်း တိုက်ပွဲဖြစ်နေတဲ့နေရာဆိုတော့ သူတို့ဘက်က လည်း အဲဒီလမ်းကြောင်းမှ မသွားရင် တခြားလမ်းကြောင်းမရှိဘူးပေါ့။ ကျနော်တို့ဘက်က အင်အားစုစည်းမှု ပိုပြီးအားကောင်းလာတယ်ပေါ့။ ပြောရရင် ကျနော်တို့ဘက်က လက်နက်အားတွေ လူအင်အား တိုက်ရည်ခိုက်ရည် ပိုပြီးတော့ ကောင်းလာတယ်လို့ ပြောလို့ရတယ်။ ပုံမှန်ဆိုရင် ကလေးနဲ့ ဒီဖလမ်းက နေ့တစ်ဝက်ခရီးပါ။ အရင်ဆို တစ်ရက်နှစ်ရက်နဲ့ ရောက်တာပေါ့။အခု လဝက်လောက် ကြာတယ်၊ ကျနော်တို့ဘက်က တိုက်ရည်ခိုက်ရည်အပြင် စိတ်ဓာတ်လည်း ပိုပြီးတက်ကြွတယ်။ လက်နက်အအသုံးပြုမှု ပိုပြီးကျွမ်းကျင်လာတယ်။ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်သော်လည်းကောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ အဲဒီမှာရှိနေတဲ့ CNDF(ချင်းအမျိုးသားကာကာကွယ်ရေးတပ်) တို့ စီရင်(CDF-SIYIN)တို့ ပြီးတော့ CDF ဟွာငိုလ်တို့ စသဖြင့်ပေါ့ အားကောင်းလာတယ်လို့ ပြောလို့ရတယ်။

​မေး- တစ်ဖက်မှာလည်း ZRAနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကြားရလို့ အဲဒီအ​ခြေအ​နေကို​ပြောပြ​ပေးပါသား။

​ဖြေ-ချင်းအမျိုးသားတပ်မတော်နဲ့ ZRO/ZRAနဲ့  မနေ့က ဖြစ်တယ်၊ကျနော်တို့ တပ်မဟာ(၄) ဂွင်ထဲဝင်လာလို့ပါ ။အဲဒီမှာ သူတို့ဘက်က ၁ ယောက်ကျပြီးတော့ သုံးလေးယောက်တော့ ဒဏ်ရာရတယ်။ လက်နက် ၁လက်နဲ့ ကျည်ဆံ တွေရတယ်။ ZROက စစ်ကောင်စီနဲ့ ပူးပေါင်းတယ်။ အဲဒါကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေစုစည်းတဲ့ CJDCကနေမှ အကြမ်းဖက် အဖွဲ့လို့ ကြေညာထားတယ်။

​​
​မေး- သူတို့ဆီက သိမ်းရတဲ့ လက်နက်အမျိုးအစားကတောင် စစ်​ကောင်စီလက်နက်အမျိုးအစားတူ​နေတယ်နော်။

​​ဖြေ-ဟုတ်ကဲ့။ စကစနဲ့ ပူးပေါင်းတာ သေချာလို့ ကျနော်တို့ ယခုလိုစစ်ရေးအရ လုပ်ဆောင်ရခြင်းဖြစ်တယ်။

​မေး-လက်ရှိအခြေအနေအပေါ် အခြားဘာတွေပြောလိုပါသလဲ။

​​ဖြေ-အခု ပွင့်လင်းရာသီမှာ ရိက္ခာတွေ အင်အားတွေဖြည့်လေ့ရှိတယ်။ သူတို့ အင်အားတွေဖြည့်မလာတာ ရိက္ခာတွေဖြည့်မလာတာဟာ ကြာလည်းကြာပြီ။ ဒီနှစ်ထဲမှာ ဒီတခါ ပထမဆုံးအကြိမ်ပေါ့။ အခု ဟားခါးဗျူဟာ ဂွင်ထဲကိုသော်လည်းကောင်း ပြီးတော့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် – မတူပီ ဘက်ကိုသော်လည်းကောင်း ယာဉ်တန်းနဲ့ တက်လာတာရှိတယ်။ သူတို့က ဒီနှစ် ဇန်နဝါရီက စပြီး ဒီနေ့အထိ လေယာဉ်တိုက်ခိုက်မှု တွေကိုလုပ်တယ်။ ကျနော်တို့ကို ချေမှုန်းဖို့ ဖြစ်တယ်။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ ကျနော်တို့ ချင်းတောင် ပထဝီအနေအထားအရ တခြား ဒေသနဲ့စာရင် ကျနော်တို့ဘက်မှာ ထိရောက်မှုမရှိပါဘူး။ အသေအပျောက်တွေဘာတွေ ကျနော်တို့ တော်တော်လေးနည်းခဲ့တယ်။ အဲဒီလို ရှိတယ်။ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ခုခံသွားမှာပဲ။