Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုမှာ ဒရုန်းတပ်ဖွဲ့တစ်ခုရှိနေတယ်ဆိုတာက မရှိမဖြစ်ဆိုတာမျိုးတောင် ဖြစ်လာပါလိမ့်မယ်”

Federal Wings မှ ​ပြော​ရေးဆိုခွင့်ရှိသူကို People’s Spring က ဆက်သွယ်​မေးမြန်းထားတာကို ​ကောက်နှုတ်​ဖော်ပြလိုက်ပါတယ်။

Federal Wings
Federal Wings

▪︎Federal Wingsဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူနဲ့မေးမြန်းခန်း

ကရင်အမျိုသားအစည်းအရုံး(KNU) တပ်မဟာ(၆)နဲ့ တပ်မဟာ(၃)နယ်မြေအတွင်းတိုက်ပွဲ​တွေမှာ စစ်ကောင်စီတပ် အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တော်လှန်ရေးပူးပေါင်းတပ်​တွေထဲမှာ Federal Wings ဒရုန်းတပ်ဖွဲ့လည်းပါဝင်ပါတယ်။အခုဆိုရင် ကရင်ပြည်နယ်သာမက စစ်ကိုင်းတိုင်းမှာပါ ဒရုန်းတပ်ဖွဲ့က စစ်​ကောင်စီတပ်​တွေကိုတိုက်ခိုက်​နေပြီဖြစ်ပါတယ်။ Federal Wings မှ ​ပြော​ရေးဆိုခွင့်ရှိသူကို People’s Spring က ဆက်သွယ်​မေးမြန်းထားတာကို ​ကောက်နှုတ်​ဖော်ပြလိုက်ပါတယ်။

သက်ဝေ/People’s Spring

Federal Wings
Federal Wings

​မေး- Federal Wings ဒရုန်းတပ်ဖွဲ့ စတင်စုဖွဲ့ဖြစ်ပုံ ကို အကျဉ်းချုံးရှင်းပြပေးပါလား။

​ဖြေ- ဒီမေးခွန်းအတွက်ကတော့ ကျွန်တော်တို့ FW Page မှာ အစုံအလင်ပြောကြားထားပြီးသားဖြစ်လို့ အဲ့ဒါကိုပဲ အဆင်ပြေသလို reference ယူပေးပါ။(Federal Wings စုဖွဲ့မှုကို ၂၀၂၁ မေလ ကုန်မှ အစပြုခဲ့ခြင်းဖြစ်သည်။ Drone Project အတွက် ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးများကို အကြောင်းကြား စတင်ခဲ့ပြီး ယင်းနှင့်စက်တင်ဘာ၌ ပထမဆုံး Flight Test ကို အောင်မြင်စွာ စတင်ပြန်သန်းနိုင်ခဲ့သည်ဟုဆိုသည်။ Drone နာမည်ကို ပင် Federal Wings ဟု ပေးခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လိုလားတောင်းတသည့် Federal Democracy ကို ယူပေးမည့် တောင်ပံများဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်း အသိပေးသည်။ KNU/KNLA တပ်မှူး အချို့၏ ကူညီစောင့်ရှောက်မှုဖြင့် ဒရုန်းများကို ဆက်လက်စမ်းသပ်နိုင်ခဲ့ပြီး ၂၀၂၂ ဧပြီမှစ၍ KNU/KNLA တပ်မဟာ(၆)၊ တပ်မဟာ(၃) နယ်မြေများရှိ စစ်ဆင်ရေးများတွင် တိုက်ပွဲဝင်နိုင်ခဲ့သည် အသိပေးထားသည်။)

​မေး-ဒရုန်းတပ်ဖွဲ့မှာဦးဆောင်သူတွေ ၊အဖွဲ့ဝင်တွေ ​တော်လှန်​ရေးပါဝင်လာပုံကို​ပြောပြပါလား။

Public Service Announcement

Public Service Announcement

​ဖြေ- ဦးဆောင်ပါဝင်နေသူအားလုံးက အာဏာမသိမ်းခင်မှာတော့ ကိုယ့်စီးပွားကိုယ်ရှာနေကြတဲ့ သာမန်အရပ်သားတွေပါ။ ဒီမိုကရေစီရဲ့အရသာကိုကြိုက်နှစ်သက်တဲ့နိုင်ငံသားတွေဖြစ်ပြီး နိုင်ငံရေးမှာပါဝင်တယ်ဆိုတာက မဲပေးတာနဲ့ ကိုယ်ကြိုက်တဲ့ပါတီကိုထောက်ခံမှုပြတယ်ဆိုတာလောက်ပဲ ရှိကြတာမျိုးပါ။ အာဏာသိမ်းပြီးနောက်မှာ အခြားပြည်သူအများစုအတိုင်းပဲ ဆန္ဒပြပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို ရက်ရက်စက်စက်ဖြိုခွင်းခံရပြီးတဲ့နောက် လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေရွေးချယ်ကြရတဲ့အခါမှာတော့ ဒီတော်လှန်ရေးလမ်းစဉ်မှာ ဘယ်လိုပုံစံနဲ့ အထိရောက်ဆုံးပါဝင်လို့မလဲဆိုတာကို ချင့်ချိန်စဉ်းစားခဲ့ကြရာကနေ နည်းပညာပိုင်းက တတ်စွမ်းသမျှပါဝင်မယ်လို့ဆုံးဖြတ်ခဲ့ကြပြီး ဒရုန်းနည်းပညာအခြေပြုတိုက်ခိုက်ရေးအနေနဲ့ တော်လှန်ရေးမှာ ပါဝင်အားဖြည့်ခဲ့ကြပါတယ်။

​မေး-Federal Wings အနေနဲ့ တိုက်ပွဲအတွေ့အကြုံ​တွေကို​ပြောပြပေးပါလား။ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံခဲ့လဲ။

ဖြေ-ဒရုန်းတွေနဲ့ မြေပြင်တပ်တွေကိုထောက်ကူမှုပြုတယ်ဆိုတာက တော်လှန်ရေးခေတ်အဆက်ဆက်မှာ ဒီတစ်ကြိမ်ကပထမဦးဆုံးဖြစ်လို့ နည်းပညာပိုင်းမှာသာမကနည်းဗျူဟာပိုင်းတွေမှာပါ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒရုန်းတဲ့တိုက်ပွဲဝင်တယ်ဆိုတဲ့အရာကို သင်ယူနိုင်တဲ့နေရာမရှိတာမို့ တိုက်ပွဲဝင်နည်းဗျူဟာတွေ နည်းစနစ်တွေအားလုံးကို သုညကနေစပြီးလေ့လာကြရတယ်။ တိုက်ပွဲဝင်နေရင်းနဲ့ အတွေ့အကြုံတွေကနေတဆင့် ပြန်လည်သင်ယူကြရတယ်လို့ ပြောရပါမယ်။ နည်းပညာနဲ့တိုက်ခိုက်တယ်ဆိုတာက သူတစ်ပြန်ငါတစ်ပြန် နည်းပညာချင်းပြိုင်ဆိုင်ကြရတဲ့သဘောလည်းရှိတာမို့ အမြဲတမ်းပြင်ဆင်ပြောင်းလဲနေကြရပါတယ်။

​မေး- စတင်ဖွဲ့စည်းချိန်ကနေ အခုအချိန်ထိ အကြမ်းဖျင်း ရန်သူဘရ်​လောက်ကို​ချေမှုန်းခဲ့နိုင်လဲ ။ ဘယ်ဒေသ​တွေမှာအများဆုံးလဲ ။

​ဖြေ- ၂၀၂၂ ခုနှစ်အတွင်းမှာ ပျံသန်းစစ်ဆင်မှုပေါင်း (၄၃၇) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့် ထိခိုက်သေဆုံးနဲ့ ရာပေါင်းများစွာ ထိခိုက်ဒါဏ်ရာရှိခဲ့တယ်လို့ မှတ်တမ်းတွေရှိထားပါတယ်။ ၂၀၂၃ နှစ်ဝက်အစီရင်ခံစာကို ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ဖို့ရှိပါတယ်။ လတ်တလောမှာ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ စစ်ဆင်ရေးဆောင်ရွက်လျက်ရှိပါတယ်။

​မေး-တိုက်ပွဲတစ်ခုမှာ ဒရုန်းတပ်ဖွဲ့ ပါဝင်နိုင်မှုနဲ့ မပါဝင်တဲ့အခြေအနေ ဒီနှစ်ခု နှိုင်းယှဉ်ပြီး တိုက်ပွဲအပေါ် သက်ရောက်မှု ဘယ်​လောကိရှိတယ်ဆိုတာ ရှင်းပြပေးပါလား။

​ဖြေ- ဒရုန်းတွေနဲ့ဆောင်ရွက်နိုင်တဲ့ တိုက်ပွဲထောက်ကူပြုမှုပိုင်းဆိုင်ရာကိစ္စတွေအားလုံးရဲ့ အဓိကရည်ရွယ်ချက်က တန်ဖိုးရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့အသက်ခန္ဓာကို အတတ်နိုင်ဆုံးချွေတာနိုင်ဖို့ဖြစ်ပါတယ်။ ဒရုန်းတွေကိုအသုံးချပြီး စစ်ရေးသတင်းအချက်အလက်ရယူနိုင်မှုနဲ့ စစ်ဆင်နိုင်မှုပုံစံတွေက အများကြီးပါပဲ။ တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုမှာ ဒရုန်းတပ်ဖွဲ့တစ်ခုရှိနေတယ်ဆိုတာက မရှိမဖြစ်ဆိုတာမျိုးတောင် ဖြစ်လာပါလိမ့်မယ်။

Federal Wings
Federal Wings

​မေး-Federal Wings အနေနဲ့ ဒီလိုတိုက်ပွဲဝင်တဲ့အခါမှာ ကွပ်ကဲမှုအပိုင်းကို​ရော​ပြေပြ​ပေးပါလား၊ ဥပမာ KNU နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်တာ၊ NUG ရဲ့ ကာကွယ်ရေးနဲ့ ချိတ်ဆက်ဆောင်ရွက်မှုအပိုင်းပေါ့။

​ဖြေ- FW မှာက စစ်ဆင်ရေးတပ်ဖွဲ့တွေနဲ့ နည်းပညာ/ထောက်ပို့တပ်ဖွဲ့တွေ ဆိုပြီး နှစ်မျိုးခွဲခြားလိုက်လို့ရပါတယ်။ စစ်ဆင်ရေးတပ်ဖွဲ့တွေအားလုံးက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ပဲ တိုက်ပွဲဝင်ရပါတယ်။ ဥပမာ ကော်ဘရာစစ်ကြောင်းမှာရှိနေတဲ့ FW စစ်ဆင်ရေးတပ်ဖွဲ့တွေဟာ ကော်ဘရာစစ်ကြောင်းရဲ့ အလုံးစုံကွပ်ကဲမှုနဲ့ပဲ စစ်ဆင်ရေးကိစ္စရပ်တွေကိုဆောင်ရွက်ရပါတယ်။ FW ရဲ့ စီမံပိုင်းက စစ်ဆင်ရေးကိစ္စတွေမှာ လုံး၀ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။ နည်းပညာ/ထောက်ပို့တပ်ဖွဲ့တွေကတော့ FW ​ကော်မတီ ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲရှိပါတယ်။ FW ​ကော်မတီ ဆိုတာက FW ရဲ့ Founder(တည်​ထောင်သူ) တွေနဲ့ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန MOCIT က ဝန်ကြီး ဦးထင်လင်းအောင်နဲ့ အဖွဲ့ဝင်တွေပါဝင်တဲ့ စီမံခန့်ခွဲမှုကော်မတီဖြစ်ပါတယ်။ ဒါက FW ဟာ ဟိုးအရင်ကတည်းက NUG ရဲ့ဝန်ကြီးဌာနတစ်ခုနဲ့ ချိတ်ဆက်မှုရှိနေခဲ့တယ်ဆိုတာကိုပြပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ကတော့ ပြီးခဲ့တဲ့လပိုင်းကမှ တရားဝင်ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွပ်ကဲမှုအောက်မှာ 1801 ဒရုန်းတပ်ရင်းအနေနဲ့ စုဖွဲ့မှုပြုလုပ်ထားပေးပြီးဖြစ်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်လုပ်ကိုင်သမျှက 1801 ဒရုန်းတပ်ရင်းစုဖွဲ့မှုအောက်ကဆောင်ရွက်မှာဖြစ်ပါတယ်။

​မေး-NUG တာဝန်ရှိသူ အချို့နဲ့ ပြဿနာအချို့ရှိခဲ့ပေမယ့် အဖြေရှာနိုင်ခဲ့တာတွေ့ရပါတယ်။ဒီအပေါ်ရှင်းပြပေးပါလား။

​ဖြေ-ရှိခဲ့တဲ့ပြဿနာတွေနဲ့ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို FW Page မှာ ပြည်သူလူထုကိုရှင်းပြထားပြီးသားမို့ အဲ့ဒါကိုပဲ reference ယူပေးပါ။ ဒီလိုရှင်းလင်းပြခဲ့တာကိုကပြဿနာတွေရှိနေတာကို လိပ်ခဲတည်းလဲဖြစ်မနေချင်တော့ဘဲ ခပ်မြန်မြန်နဲ့ ထိထိရောက်ရောက်ဖြေရှင်းချင်လို့ဖြစ်ပါတယ်။ တော်လှန်ရေးကာလမှာ ဖြစ်နေဖို့မဟုတ်တဲ့ပြဿနာတွေလို့ယူဆတဲ့အတွက် ညှိနှိုင်းလို့ရသမျှအနေအထားအကုန်လုံးနဲ့ ညှိနှိုင်းဖြေရှင်းခဲ့ကြပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ ၁၈၀၁ ဒရုန်းတပ်ရင်းဖွဲ့စည်းမှုဟာ ညှိနှိုင်းမှုတွေကနေထွက်လာတဲ့ရလဒ်တစ်ခုဖြစ်ပါတယ်။ ဒါက အကုန်အဆင်ပြေသွားကြပြီလို့တော့ တရားသေမှတ်ယူလို့မရပြန်ပါဘူး။ ထုတ်လိုက်တဲ့အဖြေတွေက မှန်ကန်တယ်ဆိုရင်တောင်မှ ထိရောက်မှုရှိရဲ့လားဆိုတာကိုက တော်လှန်ရေးပြီးတဲ့အထိ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

​မေး-Federal Wings အနေနဲ့ အခုထက် ပိုပြီး တိုက်ခိုက်မှုစွမ်းရည် ပိုကောင်းလာဖို့ဘယ်လို အခြေအနေတွေလိုအပ်ပါသလဲ။ ဒီအတွက်ရော ဘယ်လိုပြင်ဆင်နေပါသလဲ။

​ဖြေ-အဓိကပြဿနာကတော့ ရံပုံငွေအားနည်းလာတာပါပဲ။ ကျားကြီးလို့ ခြေရာကြီးလာတဲ့သဘောလို့လည်း ပြောလို့ရပါတယ်။ တိုက်ခိုက်မှုစွမ်းရည်နဲ့ နည်းပညာစွမ်းအားဘယ်လောက်ပဲရှိရှိ ဒရုန်းတွေတိုးချဲ့တပ်ဆင်နိုင်မှုမရှိရင် အချည်းနှီးဖြစ်ပါတယ်။ စတင်တိုက်ပွဲဝင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ အရှိန်အဟုန်နဲ့တိုက်ပွဲဆင်နိုင်တယ်ဆိုတာက FW Founder တွေရဲ့ ဒေါ်လာသန်းဂဏန်း ငွေကြေးစိုက်ထုတ်ဆောင်ရွက်ပြီး အကောင်အထည်မြန်မြန်ဖော်နိုင်ခဲ့တာကြောင့်ပါ။ အခုကတော့ FW Founder တွေအနေနဲ့က Research & Development အပိုင်းမှာပဲ ငွေအားစိုက်ထုတ်ပြီးနည်းပညာသစ်တွေအဆင်သင့်ဖြစ်နေနိုင်ဖို့အတွက်ကြိုးစားနေကြတာမို့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို ဒရုန်းတွေတပ်ဆင်နိုင်အား ကျဆင်းလာနေပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားတယ်ဆိုပေမဲ့ လတ်တလောအထိကတော့ ဘက်ဂျက်ရရှိတာမျိုးမရှိသေးပါဘူး။ ပြည်သူ့အားကိုပဲ ဆက်ကိုးပြီး ရတဲ့ရံပုံငွေနဲ့ ဒရုန်းတပ်ဆင်ရေးကို ဖြည်းဖြည်းချင်းဆောင်ရွက်နေတဲ့သဘောရှိပါတယ်။ နည်းပညာပိုင်းမှာအားစိုက်နေတဲ့အတွက် တိုက်ပွဲတွေထဲ ထပ်မံရောက်ရှိလာမဲ့နည်းပညာာတွေကတော့ အင်အားကောင်းပါတယ်။

​မေး-စစ်ကောင်စီတပ်အနေနဲ့ ငွေကြေး အပါအဝင် အရင်းအမြစ် များစွာရှိပေမယ့်ဒရုန်းနဲ့ပတ်သက်ပြီးတော်လှန်ရေးတပ်တွေဘက်က အားသာနေတာ ဘာကွာခြားသွားလို့လဲ။

​ဖြေ-တော်လှန်ရေးတပ်တွေမှာ ပညာတတ်လူငယ်တွေအပြည့်ရှိနေပြီး စစ်ကောင်စီတပ်မှာ ပညာမတတ်တဲ့လူလတ်ပိုင်း လူကြီးပိုင်းတွေချည်းရှိနေတာက အဓိကကွာခြားချက်ပါ။ ကျွန်တော်တို့ဖက်မှာလိုအပ်နေတာက ငွေကြေးတစ်ခုပဲရှိပါတယ်။ ကျန်တဲ့ လူအင်အား စိတ်ဓါတ်နဲ့ နည်းပညာတွေအတွက် ပူပင်စရာမလိုပါဘူး။ စစ်ကောင်စီတပ်မှာကတော့ ဒါတွေနဲ့ ပြောင်းပြန်ပါ။

Federal Wings
Federal Wings

​မေး-ဒရုန်းနဲ့တိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်တွေအတွက် တကယ့်ထိတ်လန့်ကြောက်ရွံ့ရစေတယ်ဆိုတာသတိထားမိပါသလား။ ဒရုန်းတိုက်ခိုက်မှုအပေါ် စစ်ကောင်စီဘက်က တုန့်ပြန်မှု ဘယ်လိုသုံးသပ်ပါလဲ။

​ဖြေ-ဒရုန်းတိုက်ခိုက်မှုတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်အတွက်တင်မဟုတ်ဘဲ နောက်တန်းတပ်ရင်းတွေအထိ ခြိမ်းခြောက်နိုင်နေပါပြီ။ တိုက်ခိုက်မှုပြုလုပ်ခဲ့တာတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ ထိရောက်တာကြောင့်လဲ ဒရုန်းတိုက်ခိုက်မှုတွေအားကောင်းတဲ့ဒေသတွေဆီက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေဟာ ဒရုန်းရန်ကနေကာကွယ်ဖို့ အသေအချာပြင်ဆင်လာကြတာတွေ့ရပါတယ်။ drone jammer တွေကစလို့ ကတုတ်ကျင်းနက်နက်တွေအထိ ပြင်ဆင်လာကြပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တောင်မှ ဒရုန်းနဲ့ပါတ်သက်လို့ ထုတ်ဖော်ပြောဆိုရတဲ့အထိ ဖြစ်လာတာကိုတွေ့ရမှာပါ။

​မေး-Federal Wings အနေနဲ့ အခြား တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဖြစ်စေ အကြံဉာဏ်ပိုင်းဖြစ်စေသင်ကြားပေးမှုဖြစ်စေ ပံပိုးကူညီမှုတွေ​ရောရှိပါသလား

​ဖြေ- နည်းပညာပိုင်းကိုဖြန့်ဝေရာမှာ နည်းပညာလျှို့ဝှက်ချက်တွေကို မတော်တဆထုတ်ဖော်ပြလိုက်သလိုဖြစ်တတ်တာကြောင့် နည်းပညာသီးသန့်ဖြန့်ဝေတာမျိုးကိုတော့ FW အနေနဲ့ လုပ်ဖို့မရှိသေးပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းချိတ်ဆက်ပြီး ဒရုန်းနည်းပညာရော ပစ္စည်းရော တစ်ပြိုင်နက်ပေးတာမျိုးကိုပဲ လုပ်ဆောင်နေပါတယ်။ ရံပုံငွေအခက်အခဲကြောင့် အဖွဲ့သစ်တွေနဲ့ချိတ်ဆက်တာမျိုးက အကန့်အသတ်တွေအများကြီးရှိနေပါသေးတယ်။

​မေး-စစ်တပ်က ဒီနောက်ပိုင်း ကရင်ပြည်နယ်မှာ ဒရုန်းတွေသုံးပြီး ပြည်သူတွေ နဲ့ နေအိမ်တွေအပေါ် ဗုံးကျဲတိုက်လိုက်တာတွေလုပ်လာတယ် ။ဒါနဲ့ပတ်သပ်ပြီး ပြည်သူတွေကို ဘယ်လိုအကြံပေးချင်လဲ။

​ဖြေ-သူတို့ရဲ့ရိုးရိုးဒရုန်းတွေက တော်တန်ရုံ jammer နဲ့ ဖျက်ချပစ်လို့ရပါတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်လုပ်သလိုပဲ ရန်သူ့ဒရုန်း ကိုယ့်ဒရုန်းဆိုတာမျိုးဖြစ်အောင်လုပ်ကြရမှာပါပဲ။

​မေး-ရုရှားရဲ့ ကျူးကျော်စစ်ပွဲမှာ ယူကရိန်းရဲ့ ဒရုန်းထုတ်လုပ်နိုင်မှုရယ် ၊နည်းပညာလျင်လျငိမြန်မြန် တိုးတကိလာမှုကို ကမ္ဘာကချီးကျူးကြတယ် ။ယူကရိန်းကတော့ နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေအများကြီးနဲ့ တီထွင်ထုတ်လုပ်ကြတာ ။နွေဦးတော်လှန်ရေးမှာကြည့်ရင်​တော့ နိုင်ငံတကာကူညီထောက်ပံ့မှုတွေနည်းပေမယ့် Federal Wings လို၊ FFD လို ဒရုန်းတပ်ဖွဲ့တွေကစစ်တပ်အထိနာအောင်တိုက်ပွဲဝင်နေတာတွေ့ရတယ် ။ အခက်အခဲတွေကြားကဒရုန်းနည်းပညာအလျင်အမြန်ဖွံ့ဖြိုးအောင် ဘယ်လိုကြိုးစားခဲ့ကြလဲ။

​​ဖြေ-ယူကရိန်းလိုမျိုး ကိုယ်ပိုင်နယ်မြေ ငွေကြေးအင်အား လွတ်လပ်စွာဝယ်ယူ/သယ်ယူနိုင်မှု လွတ်လပ်စွာစမ်းသပ်နိုင်မှု စတာတွေသာရှိရင် ကျွန်တော်တို့ဒရုန်းတွေ နေပြည်တော်ကို ခေါက်တုံ့ခေါက်ပြန်သွားပြီးကြဲနေပြီးလောက်ပါပြီ။ နိုင်ငံတွေအများကြီးမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေက ကူမယ်ဆိုရင်တောင် အဲ့ဒီအခြေအနေကိုက ခဏနဲ့ရပါတယ်။ ဒါပေမဲ့ ဒီလိုမရတာတွေကိုက ကျွန်တော်တို့အတွက် ပေးထားချက်တွေပဲဖြစ်တာမို့ ဒီပေးထားချက်တွေထဲက ရနိုင်သလောက်အချက်အလက်တွေကိုအသုံးချပြီး ပုစ္ဆာကိုအဖြေရအောင်တွက်ထုတ်ကြရတဲ့သဘောရှိပါတယ်။ မရနိုင်တာတွေကို တောင့်တမနေတော့ဘဲ ရနိုင်တဲ့နည်းလမ်းနဲ့ ရသလိုလှုပ်ရှားကြရတာမို့ အတော်ခက်ခဲပြီး လက်ပေါက်ကပ်ပါတယ်။ ဒါပေမဲ့ ဒီလိုခဲရာခဲစစ်နဲ့ ကိုယ်တိုင်ကြံဆနိုင်တာတွေကြောင့်လဲ တချို့သောနည်းပညာကိစ္စတွေမှာ အားသာချက်ဖြစ်သွားရတာတွေရှိပါတယ်။ သမရိုးကျနည်းပညာတွေမဟုတ်တာမို့ စစ်ကောင်စီဖက်ကလည်း သမရိုးကျနည်းလမ်းတွေနဲ့ကာကွယ်ဖို့ ခက်ခဲသွားတဲ့သဘောရှိပါတယ်။

​မေး-လတ်တလောအနေနဲ့ စစ်ကိုင်းမှာ တိုက်ပွဲဝင်နေတဲ့အပေါ် အသိ​ပေးလို့ရသ​လောက် ​ပြော​ပေးပါလား။

​ဖြေ-စစ်ကိုင်းမှာတိုက်ပွဲဝင်နေတဲ့အနေအထားက စမ်းသပ်ကာလမှာပဲရှိသေးတယ်လို့ပြောရပါမယ်။ အင်အားပြည့် နေရာအနှံ့စစ်ဆင်ရေးတွေဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်ဆန်နိုင်ဖို့အတွက် ငွေကြေးအင်အားတွေလိုအပ်နေတာကြောင့် ပြည်သူလူထုရဲ့ပူးပေါင်းထည့်ဝင်မှုတွေ အဓိကလိုအပ်နေပါတယ်။

​မေး-ရှေ့မှာ စစ်ရေးအရှိန်မြင့်လာဖို့အတွက် Federal Wings ကဘာတွေပြင်ဆင်ထားပါသလဲ။

​ဖြေ-နည်းပညာပိုင်းကို အကောင်းဆုံးဖြစ်အောင်ပဲ ကြိုတင်ပြင်ဆင်ထားပါတယ်။ production ပိုင်းက ငွေရှိရင်ရှိသလိုလုပ်လို့ရပေမဲ့ research & development က အချိန်ယူရတဲ့သဘောရှိတာမို့ နည်းပညာပိုင်းကိုပဲ အားပြုလုပ်ဆောင်နေခြင်းပါ။

​မေး-Federal Wingsအနေနဲ့ရောတော်လှန်ရေးအလွန်ရည်မှန်းချက်မျှော်မှန်းချက်ဘာတွေရှိသလဲပြောလို့ရရင်ပြောပါပေးပါလား။

​ဖြေ-တော်လှန်ရေးကာလပြီးရင် Federal Wings ကို သက်ဆိုင်ရာအစိုးရဆီအပ်နှံပြီး FW committee ကိုတော့ဖျက်သိမ်းပါမယ်ဆိုတဲ့ စာချုပ်သဘောတူညီချက်ရှိပါတယ်။ Founder တွေက သာမန်ပြည်သူတွေအတိုင်းပဲရှိနေမှာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေကတော့ သူတို့ရဲ့သဘောဆန္ဒတွေအတိုင်း သက်ဆိုင်ရာအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ အသီးသီးဆက်လက်ရှိနေကြပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။