Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သေဆုံးသွားတဲ့ (စစ်တပ်က အဓမ္မစု​ဆောင်းစစ်သင်တန်း​ပေးပြီးစစ်တိုက်ခိုင်း၍​သေဆုံးခဲ့တဲ့ရိုဟင်ဂျာလူငယ်) ပမာဏက ရာချီပြီး ၁၀၀ နဲ့ ၁၅၀ ကြားလောက်မှာရှိတယ်လို့ ခန့်မှန်းရပါတယ်”

ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။

(စစ်​ကောင်စီက ရိုဟင်ဂျာလူငယ်များကို စစ်သင်တန်း​ပေး​နေစဥ် (ပုံကြီး)/ ဦး​အောင်​ကျော်မိုး (ပုံ​သေး) ။ဓါတ်ပုံ- CJ / Aung Kyaw Moe Facebook)
(စစ်​ကောင်စီက ရိုဟင်ဂျာလူငယ်များကို စစ်သင်တန်း​ပေး​နေစဥ် (ပုံကြီး)/ ဦး​အောင်​ကျော်မိုး (ပုံ​သေး) ။ဓါတ်ပုံ- CJ / Aung Kyaw Moe Facebook)

▪︎NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီး

ဦးအောင်ကျော်မိုးနဲ့ ​မေးမြန်းခန်း

စစ်​ကောင်စီက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများနဲ့ ရိုဟင်ဂျာ​ကျေးရွာ​တွေက လူငယ်ရာ​ပေါင်းများစွာကို စစ်သင်တန်း​ပေးပြီး စစ်တိုက်ခိုင်းတဲ့အတွက် ​သေဆုံးခဲ့တဲ့ ရိုဟင်ဂျာလူငယ် ရာနဲ့ချီရှိလာပါတယ်။ ရက္ခိုင့်တပ်​တော်-AA ရဲ့ထိုးစစ်​ကြောင့် မရှုမလှ ရှုံးနိမ့်ပြီး မြို့​တွေဆက်တိုက်လက်လွှတ်​နေရတဲ့ စစ်​ကောင်စီဟာ ရိုဟင်ဂျာ​တွေကို အသုံးချပြီး ရခိုင် နဲ့ ရိုဟင်ဂျာ ကြားလူမျိုး​ရေးပြသာနာဖန်တီးဖို့လည်း ကြိုးစား​နေပါတယ်။ အထူးသဖြင့် ရ​သေ့​တောင်၊ ဘူးသီး​တောင်၊ မောင်​တောဒေသကို AA ထိုးစစ်ဆင်လာတဲ့အခါ စစ်​ကောင်စီဟာ ရိုဟင်ဂျာလူငယ်​တွေကို စစ်တိုက်ခိုင်းပြီးအ​သေခံခိုင်းတာ၊ ရိုဟင်ဂျာ ပြည်သူ​တွေကိုအသုံးချပြီး လူမျိုး​ရေး၊ ဘာသာ​ရေး ပြဿနာဖန်တီးလာတာကို ပိုအရှိန်မြှင့်လာပါတယ်။ ရိုဟင်ဂျာလူငယ်​တွေစစ်သားစု​ဆောင်းခံရတာ၊ စစ်​ကောင်စီက လူမျိုး​ရေးပြသာနာဖန်တီး​နေတာ၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းနဲ့ ရွာ​တွေက စစ်​ကောင်စီအတွက်နိုင်ငံ​ရေးအမြတ်ထုတ်ဖို့ ဘယ်လိုလွယ်ကူ​နေတာ စတာ​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးအောင်ကျော်မိုးကို People’s Spring ကမေးမြန်းထားပါတယ်။ ဦး​အောင်​ကျော်မိုး ကိုယ်တိုင်ဟာ ရိုဟင်ဂျာဖြစ်ပြီး​တော့ ဒုဝန်ကြီးတာဝန်မထမ်း​ဆောင်ခင် ရိုဟင်ဂျာအ​ရေးတက်ကြွလှုပ်ရှားခဲ့သူဖြစ်ပါတယ်။ ဦး​အောင်​ကျော်မိုးရဲ့ အကိုဖြစ်သူ ဦးသန်းမြင့်ဟာ ရန်ကုန်မြို့နေအိမ်အနီးမှာ ၂၀၂၃ ဇွန် ၇ ရက်မှာ အမည်မသိလူတစ်စုရဲ့သတ်ဖြတ်မှု ခံခဲ့ရပါတယ်။​ ဒေသခံပြည်သူ​တွေကတော့ ဦးသန်းမြင့်ကို သတ်ဖြတ်သွားသူ​တွေဟာ စစ်​ကောင်စီလက်​​အောက်ခံပျူ​စောထီး​တွေလို့ ​ပြော​ဆိုသုံးသပ်ကြပါတယ်။ စစ်​ကောင်စီဦးသန်းမြင့်အသတ်ခံရမှုအတွက် ကျူးလွန်သူ​တွေကို ဖမ်းဆီးမ​ပေးပါဘူး။

-လီလီယန်/People’s Spring

မေး – မတ်လ ၁၈ ရက်က မင်းပြားမြို့နယ်မှာ မွတ်ဆလင်ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမှာ အရပ်သား ၅၀ ကျော်သေဆုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်ပါတယ်။စစ်အုပ်စုက အခုလို ကျူးလွန်မှုအပေါ် ဘာပြောလိုပါလဲ။

Public Service Announcement

Public Service Announcement

ဖြေ – AA က ထုတ်ပြန်တာလည်း ရှိတယ်။ ကျွန်တော်တို့လည်း မြေပြင်က သတင်းအချက်အလက်တချို့ရထားတာရှိတယ်။ စစ်ကောင်စီက တခြားနေရာဒေသတွေမှာပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး အရပ်သား၊ စစ်ရေးပစ်မှတ်တွေ မခွဲခြားဘဲ ရမ်းသမ်းပြီး လေကြောင်းကနေ ဒါတွေ လုပ်လေ့လုပ်ထရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံး တတိုင်းပြည်လုံးလည်း အသိဖြစ်ပါတယ်ပေါ့။ ရိုဟင်ဂျာတွေအပေါ်မှာ နဂိုကတည်းက ၊ ရိုဟင်ဂျာတွေဆိုတာ အရင်ကတည်းက သာမန်ပြည်သူတွေနဲ့ မတူတာက ဆယ်စုနှစ်ပေါင်းမြောက်များစွာ ရိုဟင်ဂျာတွေကို ဖိနှိပ်လာပြီးတော့ သူတို့ကို ၂၀၁၇ တုန်းက လူမျိုးတုန်းသတ်ဖြတ်မှုအထိ မြောက်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့အခါကျတော့ အခုထပ်မံပြီးတော့ အဲဒီတုန်းက survive ဖြစ်ခဲ့တဲ့သူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေကို အခုလို လေကြောင်းကနေ ပစ်တယ်ဆိုတာက စစ်ကောင်စီက ၂၀၁၇ တုန်းက၊ ၂၀၁၂ တုန်းက မပြီးပြတ်သေးတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ဆက်လက်ပြီး အရှိန်အဟုန်မြှင့်မြှင့် ကျူးလွန်တာဖြစ်တယ်လို့ပဲ ကျွန်တော်တို့က မြင်တယ်ဗျ။

မေး – စစ်တပ်ဟာ ရိုဟင်ဂျာတွေ အပေါ် ကြိမ်ဖန်များစွာသတ်ဖြတ်၊နှိပ်စက်၊ ကျူးလွန်ခဲ့တယ်။ အခုဆက်လက်လုပ်ဆောင်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်း သိရှိအောင် ဆရာတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဘာတွေ ဆောင်ရွက်နေပါလဲ။ လုပ်ဆောင်နေတဲ့ အခြေအနေကို ပြောပြလို့ရသလောက် ရှင်းပြနိုင်မလား။

ဖြေ – ကျွန်တော်တို့ ရိုဟင်ဂျာအရေးကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရက စဥ်ဆက်မပြတ် ကျွန်တော်တို့ မူဝါဒတွေ ထုတ်ပြန်ခဲ့သလို ရိုဟင်ဂျာတွေနဲ့ ထိတွေ့ဆက်ဆံမှု၊ ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးအခြေအနေတွေကို အနီးကပ်စောင့်ကြည့်တာ၊ မှတ်တမ်းတင်တာတွေကို အခြားဒေသအတွက် လုပ်သလို အသွင်သဏ္ဍန်တူတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့က အချက်အလက်ကောက်ခံတာတွေ ရှိသလို ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်တိုင်း မူဝါဒအပြောင်းအလဲဆိုင်ရာတွေ လုပ်ဆောင်ဖို့အတွက်အပါအဝင် တရားမျှတမှုယန္တရား၊ နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေမှာ ဆက်လက်အသုံးဝင်နိုင်မယ့် မှတ်တမ်းမှတ်ရာတွေကို verified(စစ်ဆေးအတည်ပြု)ပြီး သက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့ မျှဝေတဲ့ ကိစ္စတွေ၊ နောက်ပြီး နိုင်ငံရေးရပ်တည်ချက်နဲ့ အရေးယူဆောင်ရွက်ချက်တွေ ဆက်လက်လုပ််ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်တာတွေ စဥ်ဆက်မပြတ်ရှိနေတယ်။ တဖက်မှာလည်းပဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အတွက် မှတ်တမ်းမှတ်ရာတွေ၊ အသွင်ကူးပြောင်းမှုရေးရာတရားမျှတမှုဆိုင်ရာ လုပ်ငန်းကိစ္စတွေ ဆောင်ရွက်တဲ့အခါကျရင်လည်း ဒီလိုမှတ်တမ်းမှတ်ရာတွေက တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် စစ်ကောင်စီကို ပြစ်ဒဏ်ပေးတဲ့လုပ်ငန်းစဥ်တွေမှာ ဆောင်ရွက်ရမယ့်၊ ဆောင်ရွက်နိုင်မယ့်အနေအထားဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့တတွေက ဒါကို နိုင်ငံတကာတွေနဲ့ မျှဝေတဲ့အခါ မိမိတို့ရဲ့ ဒိမိုကရေစီအသွင်ကူးပြောင််းရေးမှာ နောက်နောင်ဒါမျိုးတွေ မဖြစ်အောင်၊ ကာလကြာရှည်အပြစ်ပေးခံရခြင်းကနေ လွတ်မြောက်နေတဲ့ ကင်းလွတ်နေတဲ့ စစ်ကောင်စီကို ထိုက်ထိုက်တန်တန် အရေးယူတဲ့ လုပ်ငန်းစဥ်တွေမှာလည်း သုံးနိုင်ဖို့အတွက် ကျွန်တော်တို့က ထိန်းသိမ်းထားတာတွေလည်း ရှိတယ်ခင်ဗျ။

မေး – ပြီးခဲ့တဲ့ရက််ပိုင်းက AA ရဲ့ထုတ်ပြန်ချက်မှာ လောလောလတ်လတ် စစ်သင်တန်းပေးပြီး စစ််မှုထမ်းခိုင်းတဲ့ရိုဟင်ဂျာတွေရဲ့ သေဆုံးအလောင်းတွေ တွေ့ရပါတယ်လို့ဖော်ပြပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်လို့ ဆရာတို့ သိရှိထားတာရှိရင် မျှဝေပေးနိုင်မလား။

ဖြေ – အစတုန်းက စစ်ကောင်စီက တစ်နေရာတည်းမှာ စုစုစည်းစည်းနဲ့ လူငယ်အများအပြားကို ဖမ်းဆီးနိုင်တာ၊ အတင်းအဓမ္မစစ်သားစုဆောင်းနိုင်တာက လတ်တလောကတော့ ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာတွေပဲ ရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့သည် တစ်နေရာနဲ့တစ်နေရာ သွားလာခွင့်ကို ပိတ်ပင်တားဆီးခံရတယ်။ နိုင်ငံရေးအရ သတင်းအချက်အလက်တွေကို လက်လှမ်းမီခွင့်မရှိဘူး။ နိုင်ငံရေးရေချိန်က ပြည်မက လူတွေလောက် ၊ တခြားသော လူမျိုးစုတွေလောက်မြင့်တက်မနေဘူး။ အဲဒီအတွက် အသုံးချတဲ့နေရာမှာ အကောင်းဆုံးအသုံးချလို့ရတဲ့သူတွေ ဖြစ်တယ်ဆိုတာ သူတို့(စစ်ကောင်စီ)အတွက် မဟာအခွင့်အရေးဖြစ်တယ်ပေါ့။ အဲဒီအတွက် စစ်တွေဒုက္ခသည်စခန်းလိုနေရာမျိုး၊ IDP စခန်းလို နေရာမျိုးကနေ စုဆောင်းစရာမလိုဘဲနဲ့ စုဆောင်းပြီးသား တစ်နေရာတည်းမှာ ရှိတဲ့သူတွေကို စတုန်းက သွားပြီး စည်းရုံးခဲ့တာရှိတယ်။ နောက်ပြီး ခြိမ်းခြောက်ပြီး စည်းရုံးတာတွေလည်း ရှိတယ်။ အစတုန်းက သူတို့(စစ်ကောင်စီ)က ငြင်းတယ် မဟုတ်ဘူးဆိုတာ။ နောက်ပိုင်းကျတော့ ရိုဟင်ဂျာတွေ ကိုယ်တိုင်ကိုက အဲဒီတုန်းက သူတို့တတွေကို စစ်သင်တန်းပေးနေတာတွေ၊ မှတ်တမ်းမှတ်ရာတွေကို တိုက်ရိုက်ကြီးကျွန်တော်တို့ဆီတွေကို ပို့ပေးခဲ့တာရှိတယ်။ လက်နက်ကိိုင်ပြီး ယူနီဖောင်းအပြည့်နဲ့ ။ ဒါသည် သူတို့ ပထမတော့ သူတို့ရဲ့ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ နောက် မြန်မာ့အလင်းပေါ့။ စစ်တပ်က ဝါဒဖြန့်ချိရေးလုပ်နေတဲ့ သတင်းစာတွေကနေ တဆင့် သူတို့ ငြင်းခဲ့တာတွေ ရှိတယ်။ ဒါ သူတို့ ပုံမှန်လုပ်နေကျအတိုင်းပေါ့လေ။ အဲဒီတော့ ကျွန်တော်တို့ဆီ ဒီလို လက်ပူးလက်ကြပ် ခိုင်မာတိကျတဲ့ ဗီဒီယိုဖိုင်တွေ၊​ မှတ်တမ်းမှတ်ရာတွေက ကာယကံရှင်တွေဆီကနေ တိုက်ရိုက်ရောက်လာတဲ့အခါကျတော့ သူတို့အနေနဲ့ ဒါကို ဘယ်လိုမှငြင်းလို့မရဘူး။ ဒါပေမဲ့ ဒါကို သူတို့ ငြင်းနေဆဲပဲ အခုထိပေါ့လေ။

အဲဒီတော့ အဲဒီကတဆင့် ရသေ့တောင်တို့၊ ရသေ့တောင်နဲ့စစ်တွေကြားမှာ ရှိတဲ့ အငူမော်တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ရာနှင့်ချီပြီး သေဆုံးသွားရတာတွေရှိတယ်ပေါ့။ ဒီရိုဟင်ဂျာတွေဆိုတာ ကျောင်းတက်ခဲ့ရတာ မဟုတ်ဘူး။ ဘာသာစကားမသိဘူး။ ဒီလိုလက်နက်တွေ၊ သေနတ်တွေက မြင်ဖူးတာတောင်မဟုတ်ဘူး။ အဲဒီလူတွေကို ရက်သတ္တပတ်သင်တန်းပေးပြီးတော့ ရှေ့တန်းလွှတ်တယ်ဆိုတာက ဘယ်လိုမှ စဥ်းစားလို့ မရတဲ့အရာဖြစ်တယ်။ ဒီရိုဟင်ဂျာတွေကိုယ်တိုင်ကလည်း မိမိကိုယ်တိုင် ဘာလုပ်မှန်းမသိ၊ ဘာအတွက်လုပ်မှန်းမသိ။ ဘာလို့လဲဆိုတော့ ဒုက္ခသည်စခန်းတစ်ခုမှာ ကြီးပြင်းလာတဲ့ အသက် ၆ နှစ်အရွ​ယ်ကလေးတစ်ယေောက်က ဒီနေ့မှာ (ဒုက္ခသည်စခန်းအတွင်း)၁၂ နှစ်ကျော်မှာ အသက် ၁၈ နှစ်ပြည့်ပြီ။ ဒီဒုက္ခသည်စခန်းရဲ့ ပြင်ပကမ္ဘာအခြေအနေကို သိမနေတဲ့အခါကျတော့ ဒီလို လူတွေကို အသုံးချလို့ အကောင်းဆုံးပဲဆိုတဲ့အခြေအနေမှာ သူတို့က(စစ်ကောင်စီ)အသုံးချလိုက်တာပေါ့။ နောက်ဆုံးဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့ တချို့သူတွေလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ဘယ်ကို သွားနေလို့ သွားနေမှန်းမသိ၊ သွားနေတာတွေ ဗီဒီယိုဖိုင်မှာ တွေ့ရတာရှိတယ်။ ဒါလည်း ကိုယ်က သေတွင်းကို ဦးတည်နေတာ။ အဲဒီသေတွင်းကို ရီရီမောမောနဲ့ ဘယ်သတ္တဝါမှ အဲဒီလို မရှိဘူး။ အသိတရားရှိတဲ့ သတ္တဝါဆိုရင်။ ဒီလိုသွားတယ်ဆိုတာက ဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကျွန်တော်တို့က သိနိုင်တယ်။ အခု ရသေ့တောင်မှာဆိုလည်းအလားသဏ္ဍန်တူတဲ့ မြို့သိမ်းတိုက်ပွဲမှာ၊တပ်ရင်းတွေထဲမှာ ရိုဟင်ဂျာအလောင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့ ဗီဒီယိုဖိုင်တွေမှာလည်း တွေ့ရတာရှိတယ်။ ဒါသည် တကယ်တမ်း ပြောမယ်ဆိုရင် ရိုဟင်ဂျာတွေ တော်တော်များများက စစ်ကောင်စီနဲ့ ပူးပေါင်းလိုစိတ်မရှိဘူးဆိုတာ ကျွန်တော်တို့က အခိုင်အမာပြောထားပြီးသား။ ဒီဘက်က ရိုဟင်ဂျာခေါင်းဆောင်တွေ ဘက်ကရော၊ ရိုဟင်ဂျာတွေနဲ့ ထိတွေ့ဆက်ဆံမှုလုပ်တိုင်း ဒါကို သိရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရိုဟင်ဂျာတစ်ယောက်ဖြစ်တဲ့အခါကျတော့ ဒါကို သိတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်းပဲ ရိုဟင်ဂျာတွေကို ရခိုင်တွေနဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်သဏ္ဍန်ဆောင်တဲ့ ပဋိပက္ခတွေ ဖန်တီးပေးနိုင်တဲ့ အခွင့်အလမ်းတွေလည်း သူတို့(စစ်ကောင်စီ)အတွက်ရှိတယ်။ ဒါတွေကို သူတို့(စစ်ကောင်စီ)စစ်ရေးအသာစီးရအောင်၊ လူ့စွမ်းအားအရင်းအမြစ်ကိုလည်း အသုံးချမယ်။ တစ်ဖက်က လူမျိုးရေး၊ ဘာသာရေးအသွင်သဏ္ဍန်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်သွားမယ်ဆိုလည်း အာရုံလွှဲနိုင်မယ် စသဖြင့်ပေါ့။ ဒီလိုအကျိုးအမြတ်တွေကို သူတို့ တွက်ချက်ပြီးတော့ အခုလိုလုပ်ရပ်တွေ စစ်ကောင်စီက လုပ်တာဖြစ်တယ်လို့ပဲ မြင်တယ်။

မေး – ဆရာတို့ သိရှိထားသလောက်၊ ရိုဟင်ဂျာခေါင်းဆောင်တွေဆီက သိရှိထားသလောက်၊ ဒေသခံရိုဟင်ဂျာတွေဆီက သိရှိထားသလောက်ဆိုရင် စစ်တပ်ရဲ့အဓမ္မစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာအရေအတွက် ဘယ်လောက်ရှိသွားပြီလဲ။ နောက်တစ်ခုက တိုက်ပွဲတွေမှာ ရှေ့တန်းမှာ သေဆုံးခဲ့တဲ့ ရိုဟင်ဂျာအရေအတွက်က ဆရာတို့ စာရင်းအရ ဘယ်လောက်ရှိနေပြီလဲ။

ဖြေ – ပထမအသုတ်က ၅၀၀ ကျော်လို့ ကျွန်တော်တို့ ခန့်မှန်းတယ်။ ပျောက်သွားတဲ့သူတွေ၊ သတင်းအချက်အလက် လက်လှမ်းမမီတဲဲ့အခါကျတော့ နာမည်စာရင်းအတိအကျ၊ ဖမ်းသွားခံရပေမယ့် ကြောက်ပြီးတော့ အသတ်ခံရမှာတို့ စသဖြင့် မပြောနိုင်တာတွေရှိတယ်။ အဲဒီတော့ ပထမက ၅၀၀၊ အခုနောက်ထပ် နေ့စဥ်နဲ့အမျှ ရွာတွေကို ဝင်စီးပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရာနှင့်ချီ ရှိနေတယ်။ ၅၀၀ နဲ့ ၁၀၀၀ ကြားမှာတော့ လတ်တလောရှိမယ်။ သေဆုံးတာတွေကလည်း သေဆုံးတဲ့ မိသားစုဝင်တွေ၊ နီးစပ်တဲ့သူတွေ၊ ရပ်မိရပ်ဖတွေကတဆင့် ကျွန်တော်တို့က အတည်ပြုချက်တွေ ပြန်လည်ယူလိုက်ရတာရှိတယ်။ ဥပမာ ရသေ့တောင်မှာ ရှေ့တန်းမှာ သေသွားတဲ့သူဆိုရင် စစ်တွေမှာ အလောင်းလာပေးမယ်ပေါ့။ အလောင်းကောက်ရရင် အလောင်းကောက်ပေးမယ်၊ ပထမ အလောင်းတစ်လောင်း လာပေးပြီး ပိုက်ဆံ ၁၀ သိန်းနဲ့ ဆန်နှစ်အိတ်လာပေးသွားတာတို့ ဒီလို…ကျွန်တော်တို့ဆီ သတင်းတွေ ဆက်တိုက်ဆိုသလို ပေးနေတာတွေ မြေပြင်မှာ ရှိတယ်။ သေဆုံးသွားတဲ့ ပမာဏက ရာချီပြီး ၁၀၀ နဲ့ ၁၅၀ ကြားလောက်မှာရှိတယ်လို့ ခန့်မှန်းရပါတယ်။

မေး – တဆက်တည်းမှာပဲ ဒီလိုမျိုး စစ်တပ်က အဓမ္မစစ်သားစုဆောင်းတာာ၊ အခုလိုမျိုး ရှေ့တန်းလွှတ်ပြီး သေခိုင်းတာ၊ ပြီးခဲ့တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ထုတ်ပြန်ချက်မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ လောက်က စက်လှေနဲ့ထွက်ပြေးသွားပြီး ကျန်ခဲ့တာက ရိုဟင်ဂျာတွေ ကျန်ခဲ့ပြီး သေဆုံးသွားရတယ်။ သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်၊ အတင်းအဓမ္မစစ်သားစုဆောင်းခံနေရတယ်။ ဒီလိုမျိုးအခြေအနေမှာ ဆရာတို့ ဝန်ကြီးဌာနအပါအဝင် ရိုဟင်ဂျာခေါင်းဆောင်တွေ အနေနဲ့ ဒါကို ဘယ်လို ဟန့်တားနိုင်မလဲ။ ဒါကို ဘယ်လိုမျိုး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်လို့ ရမလဲ။

ဖြေ – ကျွန်တော်က အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် အစိုးရအဖွဲ့ဝင်ရှုထောင့်ကနေပဲ အရင် ပြောချင်တာပေါ့လေ။ ကျွန်တော်တို့အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မစစ်သားစုဆောင်းတာနဲ့ပတ်သက်လို့ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့အပတ်ကို ထုတ်ပြန်ခဲ့တာ ရှိတယ်ဆိုတာ ဆရာတို့လည်း သိမှာပါ။ ဒါပေမဲ့ လူထုနဲ့လည်း ထိတွေ့ ဆက်ဆံမှု စဥ်ဆက်မပြတ် လုပ်နေတယ်။ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ ရှိတယ်။ တကယ်တမ်းကတော့ ရိုဟင်ဂျတွေကို စစ်တပ်က စုဆောင်းခံရတာတွေကို ဒါကို လက်ခံစရာမလိုဘူးဆိုပြီး ပြောရုံတစ်ခုတည်းနဲ့ မလုံလောက် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရိုဟင်ဂျာတွေသည် ဗမာပြည်မှာရှိတဲ့ တခြားလူမျိုးစုတွေနဲ့ တူမနေတာက ထွက်ပြေးစရာ ရေမရှိဘူး၊ မြေမရှိဘူး။ ဒီလူတွေ ဘယ်ကိုသွားကြမလဲ။ ဘင်္ဂလားဒေ့ရှ်ကိုလည်း ထွက်ပြေးလို့ မရဘူး။ နယ်စပ်က ပိတ်ထားတယ်။ ဒီဘက် ပြည်မဘက်ကိုလည်း သူတို့ (ရိုဟင်ဂျာ)လာလို့မရဘူး။ အတားအဆီးတွေ အများကြီးရှိနေတယ်။ သွားလာခွင့်ပိတ်ပင်ခံရတဲ့အခါကျတော့ အဲဒီတော့ သူတို့အတွက် ပိုမိုတိကျတဲ့ လမ်းညွှန်မှုတွေ ပေးနိုင်မှသာ ကျင့်ဝတ်အရ ဒါကို မရွေးချယ်သင့်ဘူး။ လက်ရှိအခြေအနေအရလည်း စစ်ကောင်စီနဲ့ ကျွန်တော်တို့က ပူးပေါင်းစရာမလိုဘူးဆိုတဲ့ အခင်းအကျင်းကို ဒီနေရာမှာ ရက္ခိုင့်တပ်တော်ရယ် အခန်းကဏ္ဍကလည်း အရေးကြီးတာပေါ့လေ။ ရက္ခိုင့်တပ်တော်က သူ့ရဲ့စိုးမိုးနယ်မြေတွေမှာ ဒါကို ကြည်ကြည်ဖြူဖြူနဲ့ ဒီရိုဟင်ဂျာတွေကို ခိုလှုံခွင့်နဲ့ ဒီဘက်ကိုတော့ မင်းတို့ ဝင်မပါသင့်ဘူး။ ရက္ခိုင်ပြည်နယ်တစ်ခုလုံး၊ ဗမာပြည်တစ်ခုလုံး စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်နိုင်ဖို့အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီနေရမှာ ရိုဟင်ဂျာတွေရဲ့ ပါဝင်မှုက အရေးကြီးတယ်။ တပြိုင်တည်းမှာလည်း တန်းတူညီိမျှမှု အာမခံမှု၊ နိုင်ငံရေးအရ အာမခံမှုတွေ၊ တရားမျှတမှုတွေ ရရှိနိုင်မယ့် သေချာတဲ့ သတင်းစကားတွေနဲ့ ပါးနိုင်တယ်ဆိုရင်တော့ အင်မတန်ကောင်းတယ်။ တဖက်မှာလည်းပဲ ရိုဟင်ဂျာခေါင်းဆောင်တွေ၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေနဲ့ ကျွန်တော်တို့နဲ့ ကြားမှာ တဖက်က ရက္ခိုင်ခေါင်းဆောင်တွေ ကြားမှာလည်း ပိုမို သမာသမတ်ကျတဲ့ ထိတွေ့ ဆက်ဆံမှုတွေ အရင်တုန်းက မရှိခဲ့ရင်လည်း အခုက အချိန်ကောင်းနဲ့ အရေးကြီးဆုံးအချိန်ဖြစ်တယ်လို့ပဲ မြင်တယ်။ ဒါကို ကျွန်တော်တို့ စုပေါင်းပြီးတော့ ပိုမိုကောင်းမွန်တဲ့ ရက္ခိုင်ပြည်၊ ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံတည်ဆောက်တဲ့နေရာမှာ စစ်ကောင်စီဟာ ဘုံရန်သူဖြစ်တဲ့အတွက်ကြောင့် ဒီဘုံရန်သူကို အရင်ချေမှုန်းနိုင်မှာဖြစ်တယ်ဆိုတာကို သဘောတူညီပြီး တူညီတဲ့ အချက်တွေအပေါ်မှာ သဘောတူညီပြီး ကျွန်တော်တို့ရဲ့ စုပေါင်းအင်အားကို အသုံးပြုနိုင်မှသာ နိုင်ငံရေးအရ ပိုပြီးမှန်ကန်လိမ့်မယ်လို့ ယူဆတယ်။ ဒီနေရာမှာ နိုင်ငံရေးအရ အမျှော်အမြင်ကြီးမှုနဲ့ သဘောထားကြီးမားမှု နောက်ပြီး နိုင်ငံရေးအရ စိတ်ဆန္ဒ ဒါတွေက အင်မတန်အရေးကြီးတယ်။

မေး – ပြီးခဲ့တဲ့ရက်ပိုင်းက ဘူးသီးတောင်မှာ AA အလိုမရှိဘူး။ တိုက်ပွဲအလိုမရှိဘူးဆိုပြီးတော့ ရိုဟင်ဂျာတွေ ဆန္ဒပြခဲ့တာပေါ့။ အခုလို ရိုဟင်ဂျာတွေ ရာနှင့်ချီ ဆန္ဒထုတ်ဖော်လာတာနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်လဲ။ ဘယ်လိုသိရှိထားလဲ။

ဖြေ – ဒါတွေက စစ်ကောင်စီက လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ မေးခွန်းထုတ်စရာလိုကို မလိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရက္ခိိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေက ဆန္ဒပြဖို့မပြောနဲ့ ၊ လူ ရာနှင့်ချီ ဆန္ဒပြဖို့မပြောနဲ့ လူတစ်ယောက်က တော်ရုံတန်ရုံ မိမိရဲ့အခွင့်အရေးကို တခြားတစ်ယောက်ကို ပြောဖို့တောင် အခွင့်အရေးမရှိတဲ့အခြေအနေဖြစ်တယ်။ တစ်ရွာကနေ တစ်ရွာ သွားလာခွင့်ပိတ်ပင်ခံရတာတို့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်မရတာတို့၊ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေကို လက်လှမ်းမီခွင့်မရတာတို့ ဒါတွေ ရှိနေတဲ့အချိန်မှာ ရုတ်တရက်ကြီး လူ ရာနှင့်ချီတဲ့လူတွေက ဒီလို လမ်းမပေါ် ဆန္ဒပြနိုင်တယ်ဆိုတာက ဘူးသီးတောင်လို ဒေသမှာ သူတို့(စစ်ကောင်စီ)ဘာလို့ လုပ်နိုင်လဲဆိုတော့ ဘူးသီးတောင်မှာက တပ်မရှိတယ်။ တပ်ရင်းတွေ အများကြီးရှိနေသေးတယ်။ နောက် စစ်ဗျူဟာကုန်းရှိနေသေးတယ်။ ဒါကို အခြေခံပြီးတော့ ဘူးသီးတောင်မှာ ရိုဟင်ဂျာတွေ အများဆုံးကျန်နေသေးတဲ့ နေရာလည်းဖြစ်တယ်။ ဒီထဲမှာ စစ်ကောင်စီနဲ့ အလိုတူ ၊ အကျိုးတူပူးပေါင်းနေတဲ့ ရိုဟင်ဂျာတစ်ချို့လည်းရှိတယ်။ ဒီလူတွေကနေတဆင့် ရိုဟင်ဂျာတွေကို ခြိမ်းခြောက်တာတို့ ချော့မော့တာတို့ မက်လုံးပေးတာတို့ ဘာတို့ ရှိသလို ၊နိုင်ငံရေးအရ လမ်းကြောင်းမှားကို တည်ပေးပြီး ရှေ့တန်းပို့တာတို့ ၊ အခြားသော လူမျိုးစုတွေကြားမှာ ပဋိပက္ခဖြစ်အောင် ဖန်တီးတာတို့က စစ်ကောင်စီက သူ့ရဲ့ စစ်ရေးအကျိုးအမြတ်၊ နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်နေတယ်ဆိုတာ ဘယ်သူမဆို သိတယ်။ သို့သော် ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေက ဒီလိုလုပ်နေတယ်ဆိုတာက သူတို့ လုပ်ချင်လို့မဟုတ်ဘဲ မလုပ်လို့ မရလို့ လုပ်တာဖြစ်သလို တဖက်ကလည်း ဒီလို ဆန္ဒထုတ်ဖော်ရာမှာ ကလေးသူငယ်တွေတောင်ပါတယ်။ ဒီကလေးသူငယ်တွေကို ရာနှင့်ချီ ကလေးသူငယ်တွေက ဘာသိလို့ ဘာကို ဆန္ဒပြမှာလဲ။ တစ်သက်မှာ တစ်ခါ ဆန္ဒမပြဖူးဘူး၊ သမိုင်းမှာ(၁၉၈၈ နောက်ပိုင်းမှာ) ရိုဟင်ဂျာတွေ ရာနှင့်ချီ ဆန္ဒပြတယ်ဆိုတာ မရှိဘူး။ ရုတ်တရက်ကြီး ဒီလို ဆန္ဒပြတယ်ဆိုတာက စစ်ကောင်စီက သူသည် ခုနက ပြောသလိုဖိအားပေးပြီး သူ့ရဲ့ စစ်ရေးအကျိုးအမြတ်၊ နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်နေတာဖြစ်တယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ အမျှော်အမြင်ကြီးစွာ ကိုင်တွယ်ဖို့ လိုတယ်။ဒီ ရာချီတဲ့ ရိုဟင်ဂျာတွေက သန်းချီတဲ့ ရိုဟင်ဂျာတွေကို ကိုယ်စားမပြုဘူးဆိုတာလည်း မြန်မာပြည်သူပြည်သားတွေက သိဖို့လိုတယ်။

မေး – စစ်အုပ်စုကျူးလွန်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအပါအဝင်နိုင်ငံတကာတရားရုံးတွေမှာ စစ်အုပ်စုအပေါ် တရားစီရင်နိုင်ရေး လုပ်ဆောင်နေမှုအခြေအနေကိုရော ရှင်းပြပေးနိုင်မလား။

ဖြေ – အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂမ်ဘီယာ vs မြန်မာ အမှုကတော့ ဆက်လက်သွားနေတာပေါ့လေ။ ရုံးတော်(ICJ)နဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရက လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့၊ နဂိုတုန်းက တင်ခဲ့တဲ့ ခုခံချေပလွှာတွေကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့တယ်ဆိုတာ ပထမ တင်ခဲ့တာရှိတယ်။ တဆက်တည်းမှာပဲ နောက်ထပ်ရုံးတစ်ခုဖြစ်တဲ့ ICC ပေါ့လေ နိုင်ငံံတကာ ရာဇဝတ်ခုံရုံးကိုလည်း ကျွန်တော်တို့ တရားဝင်စာပို့ခဲ့တာရှိတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်အနေနဲ့ စွဲထားတဲ့အမှုအပေါ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာ အတိအလင်းပြောထားပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက နိုင်ငံအနှံ့ ဗုံးကြဲ၊ စစ်ရာဇဝတ်မှုတွေ လုပ်နေတာတွေကိုလည်း ကျွန်တော်တို့က စဥ်ဆက်မပြတ် သက်ဆိုင်တဲ့ အစုအဖွဲ့တွေကို ပုံမှန်ပို့ပေးနေတယ်။ နောက်ပြီး Universal Jurisdiction လို့ခေါ်တဲ့ သီးခြားနိုင်ငံတွေမှာ တရားစွဲလို့ ရတဲ့နိုင်ငံတွေမှာလည်း အမှုတစ်ချို့ ရှိနေသလို တူရကီလို နေရာမျိုးမှာ ရှိသလို ဖီလစ်ပိုင်မှာလည်း ချင်းခေါင်းဆောင်တချို့က ဦးဆောင် လုပ်ခဲ့တာရှိတယ်။ အာဂျင်တီးနားလိုနေရာမျိုးမှာ ရိုဟင်ဂျာတွေက လုပ်ခဲ့တာရှိိတယ်။ ဂျာမနီမှာလည်း ကြိုးစားခဲ့တာရှိတယ်။ တခြားသော ကမ္ဘာ့နိုင်ငံတွေမှာ ကျွန်တော်တို့က ဒါတွေ လုပ်ဆောင်နိုင်ပြီးတော့ စစ်ကောင်စီကို နိုင်ငံတကာ တရားစီရင်မှု အခင်းအကျင်းမှာ နလံထူလို့ မရအောင်၊ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားနေပါတယ်။

မေး – နောက်ဆုံးအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာမူဝါဒချမှတ်ထားတွေ ရှိပါတယ်။ အဲဒီမူဝါဒတွေကို ဘယ်လို ကျင့်သုံးဆောင်ရွက်နေလဲ။ ရိုဟင်ဂျာမူဝါဒနဲ့ပတ်သက်လို့ AA နဲ့ ဘယ်လိုညှိနှိုင်းဆွေးနွေး လုပ်ဆောင်နေလဲ။

ဖြေ – မူဝါဒကတော့ မူဝါဒပေါ့လေ။ ၂၀၂၁ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ မူဝါဒအတိုင်း ဆက်လက်အကောင်အထည်ဖော်မယ့် လုပ်ငန်းစဥ်တွေ ဆက်သွားနေတယ်ပေါ့။ အဲဒီတော့ ဒီနေရာမှာ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းတာတို့၊ ဂုဏ်သိက္ခာရှိရှိ ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး စသဖြင့် ဒီကိစ္စတွေ၊ တရားမျှတမှု ကိစ္စရပ်တွေ၊ တန်းတူညီမျှမှု ကိစ္စရပ်တွေ လုပ်ဆောင်နေတယ်။ လတ်တလော နိုင်ငံရေး အခင်းအကျင်းအရ စိုးမိုးနယ်မြေပြဿနာ၊ တော်လှန်ရေးကာလဖြစ်တဲ့အတွက်ကြောင့် တချို့ကိစ္စရပ်တွေမှာ လုံးလုံးလျားလျား အကောင်အထည်ဖော်တဲ့နေရာမှာ စိန်ခေါ်မှုတွေ၊ နှောင့်နှေးမှုတွေ ရှိတယ်ဆိုတာက ဘယ်လိုမှ ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ တဖက်မှာလည်းပဲ ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရက္ခိုင်ပြည်နယ်က AA ရဲ့ စိုးမိုးနယ်မြေဖြစ်တဲ့အခါကျတော့ အမျိုးသားညီိညွတ်ရေးအစိုးရနဲ့ AA ကလည်းပဲ မဟာမိတ်ဖြစ်တယ်။ ကျွန်တော်တို့မှာလည်း မဟာမိတ်ဆက်ဆံရေးကော်မတီဆိုတာ အစိုးရအဖွဲ့ထဲမှာ ရှိတယ်။ အဲဒီကနေတဆင့် လူသားချင်းစာနာထောက်ထားမှု ကိစ္စတွေ၊ တခြားသော ကိစ္စတွေ လုပ်တာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုရောက်ရင်တော့ ဒါနဲ့ပတ်သက်ပြီးတော့ ပိုမိုသမာသမတ်ကျတဲ့ မူဝါဒကို အခြေခံပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။