Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျနော်တို့က ပါလို့ရှိရင်(စစ်​ရေး) အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်”

ရှမ်းတောင် ပအိုဝ်းဒေသ လတ်တလော တိုက်ပွဲတွေမှာ SSPP တပ်ပါဝင်မှု ရှိမရှိ အခြေအနေတွေနဲ့ SSPP ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိမလဲ ဆိုတာတွေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

"ကျနော်တို့က ပါလို့ရှိရင်(စစ်​ရေး) အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်"
"ကျနော်တို့က ပါလို့ရှိရင်(စစ်​ရေး) အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်"

▪︎SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုနှင့်မေးမြန်ခန်း

အာဏာသိမ်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က စစ်အာဏာရှင်တော်လှန်လိုသူ လူမျိုးပေါင်းစုံ ဘာသာမရွေး SSPP ထံ လာရောက်နိုင်ကြောင်းဖိတ်ခေါ်တဲ့ ပန်ကြားချက်ကို ဖေဖော်ဝါရီ ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အကြောင်းအရာ အပါအဝင် SSPPနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးမှု အခြေအနေ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ စီမံထားမှု၊ SSPP တပ်ရှိရာဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြင်းရှိမရှိနဲ့ ရှမ်းတောင် ပအိုဝ်းဒေသ လတ်တလော တိုက်ပွဲတွေမှာ SSPP တပ်ပါဝင်မှု ရှိမရှိ အခြေအနေတွေနဲ့ SSPP ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိမလဲ ဆိုတာတွေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

မေး။SSPP အနေနဲ့ စစ်အာဏာရှင်တော်လှန်လိုတဲ့သူတွေကို ဖိတ်ခေါ်တဲ့အကြောင်း ပန်ကြားချက် ထုတ်ပြန်တာတွေ့ရလို့ပါ။ ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့ ထုတ်ပြန်ရတဲ့ အကြောင်းကိစ္စက ယနေ့မှာ ကျနော်တို့ နိုင်ငံမှာ စကစမှာလည်း စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်။ ဟိုအဖွဲ့ထုတ်တယ် ဒီအဖွဲ့ထုတ်တယ်ပေါ့။ ကျနော်တို့မှာ ဟိုလို ဒီလို ထမ်းရမယ်ဆိုပြီး အဲဒီလိုမျိုး ထုတ်ပြန်တာမျိုး မလုပ်ဘူး။ ကျနော်တို့က တန်းတူရေး၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လက်ခံတဲ့ တိုင်းရင်းပြည်သူတွေအားများလုံး အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက အဲဒီလိုပါပဲ။ ကျနော်တို့က လူမျိုးဘာသာပေါင်းစုံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။

မေး။အတင်းအကြပ်မဟုတ်ဘဲ ဆန္ဒအရလာမယ်ဆိုရင် ကြိုဆိုတဲ့ သဘောမျိုးလား။

Public Service Announcement

Public Service Announcement

ဖြေ။ဟုတ်ကဲ့ အဲဒီလိုမျိုးထုတ်ပြန်တာပါ။

မေး။ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းလိုက်တာမှာ ပြည်သူတွေက စိတ်ပူနေကြတာရှိတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။အဲဒါကျတော့ ကျနော်တို့လည်း ပြည်သူလူထု အပေါ်မှာ ကိုယ်ချင်းလည်းစာပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတဲ့ကိစ္စမို့လို့ ပြည်တွင်းစစ်ဖြစ်နေတော့ အခုမှာ ဟိုစုဆောင်းရေး ဒီစုဆောင်းရေး ဥပဒေတွေ ပြဌာန်းနေတာ။ ပြည်သူလူထုတွေ ထွက်ပေါက်ရှာနေတဲ့အချိန်မှာ ကျနော်တို့က သဘောဆန္ဒအတိုင်း နောက်ပြီး သူတို့ကို ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့။ အကယ်၍ စကစဆီမှာ ဝင်ပြီးတော့ စစ်သားတွေ မလုပ်ချင်ဘူး။ ဒီအဖွဲ့လည်း မလုပ်ချင်ဘူးဆို ကျနော်တို့မှာ တံခါးဖွင့်ပေးတဲ့ သဘောနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။

မေး။စစ်ကောင်စီလုပ်လို့ ပြည်သူတွေ စိတ်ပူနေရတဲ့ အခြေအနေမှာ တချို့အဖွဲ့တွေက အတင်းအဓမ္မ ပုံစံမျိုး၊ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့ ထုတ်ပြန်တာမျိုးလည်းရှိပါတယ်။အဲဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ။အဲဒါကျတော့ ပြောမယ်ဆိုရင် အကယ်၍ အေးအေးချမ်းချမ်းဆိုရင်တမျိုးပေါ့။ ကျနော်တို့က ပြည်တွင်းစစ်လည်းဖြစ်နေတော့ တပ်မတော်(စစ်ကောင်စီ)ကလည်း အခု ပြောမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အခြေအနေအရ ပြည်သူလူထုရဲ့ ထောက်ခံမှုမတွေ မရသေးဘူး မရှိသေးဘူးဆိုတော့ တော်လှန်ရေးတွေက ပြည့်ကြပ်နေတဲ့ အချိန်မှာ အဲဒီလိုမျိုး ဥပဒေတွေ ပြဌာန်းလာတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့။ ဒီအချိန်စုဆောင်းရေးလုပ်လို့ရှိရင် ဒါက စစ်ဘက်ကိုပဲ ဦးတည်သွားစေတယ်ဆိုတာမျိုး မြင်ကြတာပေါ့။ စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်ဆိုတော့ ဒါ ပြည်တွင်းစစ် ကို ဆက်လက်ပြီးတော့ ရေရှည်သွားစေတယ်လို့ ကျနော်တို့က မြင်တယ်။ ဟိုအဖွဲ့လည်း စု ဒီအဖွဲ့လည်း စုဆောင်းရေးလုပ်လိုက်ဆိုတော့ ကျနော်တို့မှာ နိုင်ငံရေးဆွေးနွေးဖို့၊ နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်ဖို့ နည်းလမ်းက လမ်းစ ပိုပြီးတော့ ဝေးသွားလေမလား အဲဒီလိုမျိုးဖြစ်တာပေါ့။ ဥပမာဆိုရင် အစ္စရေးတောင်မှ လူတိုင်း ယောက်ျား၊ မိန်းမ ၁၈နှစ်ပြည့် အားလုံး စစ်မှုထမ်းရတယ်။ ဆိုတော့ ပြည်တွင်းစစ် မဖြစ်ရင်တော့ ဒါ လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်နေတော့ ကျနော်တို့က အပြန်အလှန် စုဆောင်းရေးတွေလုပ်ပြီးတော့ အပြန်အလှန်တွေ စစ်ခင်းကြတဲ့ အတွေးအမြင်တွေက များတာပေါ့။ ကျနော်တို့က ပြည်တွင်းစစ် ပြဿနာ ဘယ်တော့ အေးချမ်းမလဲဆိုရင် အခုလို အခြေအနေမျိုး ဟိုစုဆောင်း ဒီစုဆောင်းဆိုရင် ပိုပြီးတော့ စစ်ပွဲတွေ ပိုပြီး ရေရှည်သွားစေတယ်လို့ မြင်တယ်။ အဲဒါ မကောင်းသေးဘူးပေါ့။

မေး။SSPP ဆိုရင်လည်း စစ်ကောင်စီနဲ့ နိုင်ငံရေးအရအဖြေရှာဖို့ဆိုပြီး​ဆွေး​နွေးခဲ့တာရှိခဲ့တယ် ။ဒီလို ဆွေးနွေးမှုတွေကရော ထိရောက်ပါသလား။

ဖြေ။ ။ ဆွေးနွေးမှုက ထိရောက်မှုရှိလို့ရှိရင် ဒီလိုမျိုး အခြေအနေ ရောက်မလာဘူးဗျ။ ဆွေးနွေးတာ အဖြေမရခဲ့ဘူး။ ရလဒ်မရခဲ့ဘူး။ အချိန်ဆွဲတာ သပ်သပ်ပဲဖြစ်သွားတယ်။ ဆိုတော့ အခုလို ပုံစံကြတော့ ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်တိုက်တွန်းတယ်။ ကျနော်တို့ ထုတ်ပြန်ချက် အကြိမ်ကြိမ်နဲ့ ကျနော်တို့ တိုက်တွန်းထားတာရှိတယ်။ ခြောက်လပတ်နဲ့ နှစ်ချုပ်အစည်းအဝေးတွေကအစ ကျနော်တို့က ကျနော်တို့ သဘောထား အမြင်ထုတ်ပြန်လျက်ရှိပါတယ်။ ကျနော်တို့ကအေးအေးချမ်းချမ်းနဲ့ ဖြေရှင်းသွားချင်တယ်။ ကျနောတို့က နိုင်ငံရေးပြဿနာက စလာတာကိုး။ နိုင်ငံရေးပြဿနာက စလာတဲ့ အရင်းခံပြဿနာကို ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ်။ အပေးအယူမှာ အယူပဲ ရှိတယ် အပေးမရှိဘူးဆိုရင်လည်း မဖြစ်ပြန်ဘူး။ ကျနော်တို့က လိုချင်တာက အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ကျနော်တို့က ဖက်ဒရယ်ကို အရင်ဖြစ်ချင်တယ်။ နောက်ပြီး ဒီမိုကရေစီ ဖော်ဆောင်သွားမှာ။ ဖြစ်နိုင်ရင်တော့ တချိန်တည်း တခါတည်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့က တိုင်းရင်းသား အနေနဲ့ ပြောမယ်ဆိုရင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့က လိုချင်တယ်။ လိုတော့ ဖက်ဒရယ်ကို မဖော်ဆောင်ဘဲနဲ့ ဒီမိုကရေစီကို လုပ်နေလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားလူနည်းစုအရေးမှာ အဆင်မပြေကြဘူး။ ကျနော်တို့ လိုချင်တဲ့ အချက်တွေမရခဲ့ဘူးပေါ့။ နောက်ပြီး ယနေ့မှာဆိုလို့ရှိရင် ဗမာ အချင်းချင်းတောင် တန်းတူရည်တူ၊ လူ့အခွင့်အရေး ၊ ဒီမိုကရေစီပေါ့နော် ပြုပြင်ပြောင်းလဲရေးဆန္ဒ ဗမာလူမျိုး၊ ရှမ်းလူမျိုး လူမျိုးပေါင်းစုံ။ အခုက လူမျိုးပေါင်းစုံ ထပြီးတော့ ပုန်ကန်နေတဲ့ အချိန် အခါလိုမျိုးမှာ အခုလက်ရှိ အာဏာရယူထားတဲ့ စကစက လုံး၀ တာဝန်ရှိတယ်။ ဒီထက်ပိုပြီး လိမ္မာပါးနပ်မှုရှိဖို့လိုအပ်တယ်။ အေးအေးချမ်းချမ်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ကျနော်တို့က တိုက်တွန်းလိုတယ်။

မေး။ SSPP ရှိတဲ့နေရာတွေမှာရော စစ်ရေးအရလှုပ်ရှားတာတွေ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အနေအထားမျိုးရှိပါသလား။

ဖြေ။ကျနော်တို့ကျတော့ အခုမှာ ကျနော်တို့ကဝင်မပါသေးဘူးဗျ။ ဝင်မပါသေးဘူးဆိုတာ ကျနော်တို့နယ်မြေဒေသတွေကို အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ပြီး ကျနော်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကိစ္စ ကျနော်တို့က မျှော်လင့်နေသေးတယ်။ သူတို့(စစ်ကောင်စီ)က စစ်ဆင်လာရင်တော့ ကျနော်တို့လည်း ပါချင်ပါမှာပေါ့။ အရင်တုန်းကလည်း ခဏခဏ ထိတွေ့မှု ဖြစ်တယ်။ ကျနော်တို့ကျတော့ ထိန်းထားတယ်။ ထိန်းထားတယ်ဆိုတာ ကျနော်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အဲဒီလိုမျိုး ပေါ်လစီချမှတ်ထားတာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အခြေအနေလိုမျိုးပဲ။ ကျနော်တို့ စစ်အင်အား သုံးမဟုတ်ဘူး အဲဒီလိုမျိုးချမှတ်ထားတာရှိတယ်။

မေး။ ရှမ်းတောင်(ပအိုဝ်းဒေသ)မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ SSPP ပါတယ်ဆိုတာမျိုး ရေးသားချက်အချို့ ရှိပါတယ် ။အဲဒါမှန်ပါသလား။

ဖြေ။ ။ အဲဒါ ပြည်သူလူထုက မြေပြင်ပေါ်က ထိတွေ့နေတဲ့ သူများ သက်သေဖြစ်ပါတယ်။ ကျနော်တို့က ပါတယ်၊ မပါဘူး မပြောချင်ပါဘူး။ ကျနော်တို့က ပါလို့ရှိရင် အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်။

မေး။ပြီးခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့(အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ -NUG တို့ ပူးပေါင်းကျင်းပသည့် ဖေဖော်ဝါရီ ၁၂ရက်နေ့ အခမ်းအနား) မှာ SSPPက သဝဏ်လွှာ(SSPP၊ ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA၊ ချင်းအမျိုးသားတပ်မတော်-CNF/CNA သုံးဖွဲ့ပေါင်းပေးပို့တဲ့သဝဏ်လွှာ) ပို့တာလည်းတွေ့ရတယ်။ အရင်နှစ်တွေက မတွေ့ရဘူး ဒီနှစ်မှာ တွေ့ရတယ်ဆိုတော့ ဘယ်လိုပြောလိုပါသလဲ။

ဖြေ။ကျနော်တို့ NUCCမှာ သဝဏ်လွှာပေးတယ်ဆိုတာ ကျနော်တို့မှာ သူတို့က ၇၇နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်ပြောတော့ ကျနော်တို့မှာ ဒီပင်လုံစာချုပ် ချုပ်ဆိုတဲ့ သမိုင်းနဲ့ဆိုရင် ရှမ်းနဲ့ ကချင်နဲ့ ချင်းနဲ့ ပါဝင်ပြီးတော့ ဆွေးနွေးတယ် ချုပ်ဆိုခဲ့တာပေါ့။ ကျနော်တို့ ပြည်ထောင်စု ဖြစ်ပေါ်လာတဲ့ အခန်းကဏ္ဍမှာ လူမျိုးသုံးမျိုးက ပြည်နယ်သုံးခု ၊ တိုင်းပြည်သုံးခုက အဓိက အရေးပါအရာရောက်ပြီး တော့ ကျနော်တို့က ပင်လုံစာချုပ်ကိုချုပ်ဆိုလာခဲ့တာပေါ့။ အဲဒါကြောင့် သူတို့ က အထိမ်းအမှတ်လုပ်တယ်ဆိုတော့ ကျနော်တို့က သဝဏ်လွှာပေးပို့တာပေါ့။ အကယ်၍ တခြား ဘယ်သူလုပ်မယ်ဆိုလည်း သဝဏ်လွှာကတော့ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ချင်း၊ ကချင်၊ ရှမ်းက အဓိက ပါဝင်ပြီးတော့ လက်မှတ်ထိုးထားတာဖြစ်တယ်။ ယနေ့ အထိ ပြည်ထောင်စုဖြစ်လာတာ ကျနော်တို့ ပြည်နယ်သုံးခုက အဓိက ဖြစ်တယ်။ အဲဒါကြောင့် သဝဏ်လွှာပေးပို့တာဖြစ်တယ်။

မေး။ရှမ်းမြောက်တိုက်ပွဲမှာဆိုရင် တချို့မြို့တွေဆို တချို့ တိုင်းရင်းသားအဖွဲ့တွေက သိမ်းထားတာမျိုးရှိတော့ အဲဒီမှာ ဆရာတို့ (ရှမ်းလူမျိုးနှင့် SSPPတပ်) လည်းရှိတော့ အနေအထား ဘယ်လိုရှိပါသလဲ။ ပြဿနာရှိနိုင်ပါသလား။ ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ကျနော်တို့ SSPPမှာ ခုနှစ်ဖွဲ့(၀၊ မိုင်းလား၊ SSPP၊ တအာင်း၊ ကိုးကန့်၊ ရက္ခိုင်၊ ကချင်) ထဲက မဟာမိတ်တွေဖြစ်တယ်။ ကျနော်တို့ ဘုံရပ်တည်ချက်ကျတော့ မတူဘူးပေါ့။ စစ်ရေးစစ်ရာမှာကျတော့ သူတို့ အခြေအနေနဲ့ သူတို့ပေါ့။ ကျနော်တို့မှာကျတော့ SSPPနဲ့ ပန်ဆန်း(UWSA)နဲ့ မိုင်းလားနဲ့ကျတော့ Bilateral လက်မှတ်ထိုးထားတာကိုး။ ကျနော်တို့က ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမယ့် သံဓိဌာန်ချထားတယ်။ သူတို့ အနေနဲ့လည်း ကျနော်တို့ကို ထိပါးလာရင်တော့ သူတို့မှာ တာဝန်ရှိတာပေါ့။

မေး။ SSPPက စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ဖို့ ဆိုတာရှိတော့ ဒီလိုလုပ်တဲ့အခါမှာ တချို့အဖွဲ့တွေက စစ်ရေးအရ တိုက်ပွဲဝင်ကြတာရှိတယ်။ SSPP အဖွဲ့အနေနဲ့ရော ဒီအပေါ် ဘာသတင်းစကား ပါးလိုပါသလဲ။ရည်မှန်းချက် ပြည့်မြောက်အောင် ဘာလုပ်သွားမလဲ။

ဖြေ။ဘာလုပ်သွားမလဲဆို ကျနော်တို့က ရှမ်းပြည်တခွင်လုံးမှာ လှုပ်ရှား စိုးမိုးထားတဲ့ ရှမ်းပြည်သူ လူထုတွေက မြောက်ပိုင်း ဟိုး မူဆယ် – နမ့်ခမ်းကနေ မေမြို့အထိ မြေပြန့်မှာ ရှိနေတဲ့ ကျနော်တို့ ရှမ်းလူထုတွေ များတဲ့နေရာမှာ ကျနော်တို့က ရှမ်းကံကြမ္မာ ရှမ်းက ဖန်တီးရမယ့် ကိစ္စ။ ရှမ်းကံကြမ္မာကို တခြားလူမျိုးက လာပြီးတော့ ကံကြမ္မာဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ SSPP ရဲ့ ထိန်းချုပ်နယ်မြေများ အားလုံးကျတော့ ကျနော်တို့မူ ၊ ကျနော်တို့ လမ်းစဉ် ၊ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအရ ကျနော်တို့က ဆက်ပြီး တော့ အုပ်ချုပ်သွားမှာ ဖြစ်တယ်။ ပလောင်များရင်လည်း ပလောင်အုပ်ချုပ်ပေါ့။ တခြား ကိုးကန့်များရင်လည်း ကိုးကန့် အုပ်ချုပ်ပေါ့။ ပြည်သူလူထုက အဓိက ဖြစ်ပါတယ်။ အဲဒါသည် ကျနော်တို့ အတူယှဉ်တွဲနေထိုင်ရေးဖြစ်တယ်။ ကျနော်တို့က ဟိုးအရင်တုန်းက အတူယှဉ်တွဲနေထိုင်လာတာလည်း ပြဿနာမရှိခဲ့ဘူး။ အဓိကက အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေ မကျင့်သုံးဖို့ လိုအပ်တာပေါ့ ။ဘယ်အဖွဲ့အစည်းမဆို။

မေး။ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဆိုတာဘယ်လိုဟာမျိုးကို ညွှန်းတာပါလဲ။

ဖြေ။ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဆိုတာ ကိုယ့်လူမျိုးကလွဲရင် တခြားလူမျိုးတွေကို ဖိနှိပ်ပြီးတော့ ခွဲခြားအုပ်ချုပ်တာမျိုးတွေဖြစ်တာပေါ့။ ကိုယ့်လူမျိုး ကောင်းစားရေး တခြားလူမျိုးကျတော့ တန်းတူ ရည်တူ မရှိတာမျိုး ခွဲခြားပြီးလုပ်တာမျိုး ကိုယ့်လူမျိုးက လွဲရင် တခြားလူမျိုးကို ဘယ်လိုပြောမလဲ ခွဲခြားတာပေါ့။ တခြားလူမျိုးတွေကို တန်ဖိုးမထားဘူးဆိုရင် အတူယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့ပြည်ထောင်စုမှာ လူမျိုးပေါင်းစုံ အဲဒီလောက်များတာကိုး။ လူမျိုးပေါင်းစုံ ခွဲခြားဆက်ဆံ ၊ ခွဲခြား အုပ်ချုပ်တာမျိုး ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ မျက်ကန်းအမျိုးသားရေးဝါဒတို့ နောက်ပြီး လူမျိုးကြီး ဝါဒတို့ မဖြစ်ဖို့လိုအပ်တယ်။ တန်းတူရည်တူ အတူယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ် ဒီမိုကရေစီ အစဉ်အစဉ်ကို လက်ခံရင် ပြဿနာမရှိဘူး ဘယ်အဖွဲ့အစည်းမဆိုပေါ့။

မေး။SSPP လိုလားတဲ့ ရည်မှန်းချက်တွေရဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးရုံနဲ့ အဆင်ပြေနိုင်ပါသလား။

ဖြေ။ဆွေးနွေးလို့ရရင်တော့ ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ဒါက ဆွေးနွေးမရလို့ ဖြစ်လာတာ။

မေး။နောက်ဆုံးမေးလိုတာက SSPP အနေနဲ့ရော အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်ဖို့ ဆိုတဲ့ အနေအထားမျိုးရှိရင် ပြောပြပေးပါလား။

ဖြေ။စစ်ကောင်စီကို ပြောလိုတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ပေါ့။ အဲဒီ စနစ်ကို ကိုင်ပြီးတော့ နောက်ပြီး ကိုယ်စားပြုပြီး လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ ပြောချင်တာ။ ယနေ့ စစ်ကောင်စီကို ရည်ညွှန်းပြီး ပြောဆိုရန်ရှာတာမျိုးမဟုတ်ဘူး။ ကျနော်တို့က အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ က အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောသွားတာဖြစ်တယ်။

မေး။အခြားဘာဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ။ ကျနော်တို့က အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ အာဏာရှင်စနစ်ကို အမြန်ဆုံးပြုပြင်ပြောင်းလဲရေးပေါ့ အဲဒါကို ကျနော်တို့ လိုလားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဟာကိုပဲ လုပ်သွားချင်တယ်။ ဘာမဆိုပေါ့။

PS- ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

SSPPနှင့် RCSS တို့သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှုလည်း အလွန်နည်းပါးခဲ့သည်။

သတင်း

နိုဝင်ဘာ ၂၃ ရက်တွင် SSPP/SSA ထိန်းချုပ်နယ်မြေရှိ အဆောက်အဦးတစ်ခုအတွင်း၌ တရုတ်နိုင်ငံသား ၈၈ဦး နှင့် မြန်မာ ၂၈ဉီး စုစုပေါင်း ၁၁၆ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စက်တင်ဘာ ၂၃ရက်ကလည်း TNLAနှင့် SSPP တို့သည် ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာ တွင်လှုပ်ရှားနေသည့် SSPP စစ်ကြောင်းနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

SSPPကြေညာချက်ပါ အကြောင်းအရာများ၊ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး နှစ်ဖက် အကြားတွေ့ဆုံပြီးမှ လုပ်ဆောင်ရမည့် ညှိနှိုင်းကျော်လွှားရမည့်အပိုင်းများဖြစ်သည်ဟု ဖြေကြားသည်။