Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ရည်ရွယ်ချက်ရှိရှိနဲ့ လူထုတွေ အကြောက်အလန့်ရှိပြီး ကလေးတွေကျောင်းနေလို့မရဲရအောင် လုပ်ဆောင်ချက်ဖြစ်တယ်”

လွိုင်နန်းဖ တွင်ရှိ​သော​ကျောင်းကနုလည်း​လေ​ကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဆရာမ ၂ ဦး၊ အရပ်သား ၅ ဦး ဒဏ်ရာရခဲ့သည်။

"ရည်ရွယ်ချက်ရှိရှိနဲ့ လူထုတွေ အကြောက်အလန့်ရှိပြီး ကလေးတွေကျောင်းနေလို့မရဲရအောင် လုပ်ဆောင်ချက်ဖြစ်တယ်"
"ရည်ရွယ်ချက်ရှိရှိနဲ့ လူထုတွေ အကြောက်အလန့်ရှိပြီး ကလေးတွေကျောင်းနေလို့မရဲရအောင် လုပ်ဆောင်ချက်ဖြစ်တယ်"

▪️Karenni Human Right Group ဦးဆောင်သူ ဦးဗညားနှင့် မေးမြန်းခြင်း

ကရင်နီပြည်နယ် ဒီမော့ဆိုအနောက်ခြမ်းရှိ ဒေါတဝီ (ဒေါစီအီ)ကျေးရွာ စစ်ရှောင်ကလေးငယ်များ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက တိုက်လေယာဥ်သုံးစီးဖြင့် ၁၀ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ထိုသို့ တိုက်ခိုက်မှုကြောင့် အသက်(၁၂)နှစ်မှ (၁၄)နှစ်ကြားရှိ ကလေးငယ် လေးဦးသေဆုံးခဲ့ပြီး အသက်(၃)နှစ်အောက် ကလေးငယ်များအပါအဝင် ၁၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒါအပြင်လွိုင်နန်းဖ တွင်ရှိ​သော​ကျောင်းကနုလည်း​လေ​ကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ဆရာမ ၂ ဦး၊ အရပ်သား ၅ ဦး ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သည့် စစ်​ဘေး​ရှောင် ​ကျောင်းသားများနှင့် စစ်​ရှောင်ပြည်သူများအား ကူညီပေးနေသည့် Karenni Human Right Group ဦးဆောင်သူ ဦးဗညားအား လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မေး- ဒီကနေ့ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းနဲ့ စစ်ရှောင် နေရာရဲ့ နောက်ဆုံးအခြေအနေ ပြောပြပေးပါဦး။

ဖြေ- ဖြစ်တဲ့နေရာကို ဒီနေ့ခင်းအထိ အချက်အလက်တွေ သွားယူတယ်သွားကြည့်တယ်။အဲဒီမှာ ၁၃ နှစ် ၁၄ နှစ်ကျောင်းသားလေးဦးသေဆုံးတယ်။အရပ်သားပြည်သူတစ်ဦး အပါအဝင် အားလုံးငါးဦးဆုံးတယ်။ကျောင်းသားကျောင်းသူ ၁၄ ဦးထိခိုက်တယ်။အဲဒီအထဲမှာမှ ကျောင်းဆရာ၊ရာမ သုံးဦး ပြည်သူလူထု ငါးဦးပါတယ်။

မေး- မြေပြင်မှာရှိနေတဲ့ ဦးဗညားအနေနဲ့ ​ကျောင်းသား​တွေရဲ့အ​ခြေအ​နေကို အသေးစိတ်ပြောပေးပြပါလား။

Public Service Announcement

Public Service Announcement

ဖြေ- အခု တိုက်ခိုက်မှုကနေ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တွေရှိနေတယ်။သူတို့အချင်းချင်းချစ်ခင်ရတဲ့ အတန်းဖော်အတန်းဖက်၊ သူငယ်ချင်းတွေဆုံးရှုံးသွားကြတယ်။ကျောင်းကိုလည်း ဆုံးရှုံးလိုက်ရတယ်။ထို့နည်းတူစွာပဲ ဆရာ၊ဆရာမတွေ နဲ့ မိဘတွေကလည်း သူတို့ သားတပည့်တွေ ဆုံးရှုံးခဲ့ရတယ်။ဒီဆုံးရှုံးမှုတွေက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို တုန်လှုပ်ခဲ့စေတယ်။ကျောင်းဆိုတာ စိတ်ချလုံခြုံတယ်ဆိုတဲ့ မိဘတွေ၊ကလေးတွေ အမြင်ကိုလည်း ပျက်စီးစေခဲ့တယ်။ခေတ်အဆက်ဆက် ပြည်သူတွေ ပညာမတက်အောင်လုပ်ရေးဆိုတာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလှမ်းတွေထဲက တစ်ခုပဲ။ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ကတော့ ကလေးတွေ ပညာသင်ကြားရေးကိုဆက်ပြီး ဆောင်ရွက်နိုင်ဖို့ အကောင်းဆုံးဆက်ကြိုးစားသွားမယ်။

မေး- ပေါင် ၅၀၀ ဗုံးတွေပါသုံးပြီး စစ် ကောင်စီက ကြဲခဲ့တာလို့ သိရတယ်။ပြီးတော့ စစ်ဘက်အရပ်ဘက်ပစ်မှတ်ကို စစ်ကောင်စီက မခွဲခြားဘဲ လုပ်ဆောင်ခဲ့တာမျိုး ဟုတ်ပါသလား။

ဖြေ- ဂျက်လေယာဥ်ကို စစ်ကောင်စီက အသုံးပြုခဲ့တယ်။ပစ်ခတ်တဲ့ စက်သေနတ်ရော ဗုံးသီးပုံစံရော။ ပြီးတော့ အဲဒီမတိုင်ခင် ကင်းထောက်လေယာဥ်အသုံးပြုတယ်။နောက်ဆုံး လက်နက်ကြီးနဲ့ပါ ပစ်ခတ်တာကို ကြည့်မယ်ဆိုရင် တကယ်ကို အငြိုးတကြီးနဲ့ တိုက်ခိုက်တယ်။ရည်ရွယ်ချက်ရှိရှိ နဲ့ လူထုတွေ အကြောက်အလန့်ရှိပြီး ကလေးတွေ ကျောင်းနေလို့မရဲရအောင် လုပ်ဆောင်ချက်ဖြစ်တယ်။ အဲဒီလုပ်ဆောင်ချက်အားလုံးက စစ်ရာဇဝတ်မှု လုံးဝမြောက်တယ်။ International Law အရလည်း ချိုးဖောက်ရာ ရောက်တယ်။ဒါက နိုင်ငံတကာ စံကျင့်ဝတ်တွေ နိုင်ငံတွင်းစစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို စစ်ကောင်စီက ချိုးဖောက်နေတာ ရှင်းရှင်းလင်းလင်းတွေ့ရတယ်။

မေး- ဒီလုပ်ရပ်​အတွက် စစ်ကောင်စီကို ဘာပြောချင်လဲ။

ဖြေ-စစ်ကောင်စီကို ဘာမှ မေးခွန်းထုတ်စရာပြောစရာမရှိတော့ပါဘူး။သူတို့သည် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်တယ်။လူသားချင်းစာနာထောက်ထားမှု တောင်မရှိဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်တယ်။သေချာတာတစ်ခုက သူတို့လုပ်ရပ်တိုင်းကို သူတို့တာဝန်ခံရမှာ ဖြစ်တယ်။ဒါကြောင့် စစ်ကောင်စီလက်အောက်က တပ်မှူး၊ တပ်ဖွဲ့မှူးတွေအနေနဲ့ လူထုအပေါ်သတ်ဖြတ်မှုကို ရပ်တန့်ပြီး လက်တစ်ဆုပ်စာ အထက်ပိုင်းတွေကို ဆန့်ကျင်ပြီး လူထုနဲ့အတူ အမြန်ဆုံး ရပ်တည်ကြပါလို့ တိုက်တွန်းပါတယ်။

မေး- လက်ရှိကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူ​တွေရဲ့ အခက်အခဲတွေကို ​ပြောပြ​ပေးပါလား ။

ဖြေ- ကရင်နီပြည်နယ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို နယ်နိမိတ်အရ အသေးဆုံးဖြစ်တယ်။ဒါပေမယ့် စစ်ဘေးရှောင်နေရတာ သိန်းနဲ့ချီရှိတယ်။ဆုံးရှုံးမှုတွေများတယ်။ဆုံးရှုံးမှုတွေ ဆက်ဖြစ်ဦးမယ်။ ဒါပေမယ့် ကရင်နီပြည်သူလူထုအနေနဲ့ ရှိတဲ့အားနဲ့ ဆက်တောင့်ခံနေတယ်။တချိန်တည်းမှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့ နိုင်တဲ့ ဝန်ကို ဆက်ပြီး ဒီတော်လှန်ရေးမှာ ဆက်ပါဝင်ကြပါ။

မေး- စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေက နှစ်စဥ် ပိုသုံးလာတာတွေ့ရတယ်။ဒါကို ကာကွယ်နိုင်ဖို့ဘယ်လိုအကြံပြုလိုပါသလဲ။

ဖြေ- သေချာတာတစ်ခုက စစ်ကောင်စီက ဒီလေ ကြောင်းကိုပဲ အားပြုပြီး တိုက်ခိုက်နေဦးမှာ ဖြစ်တယ်။ဘာကြောင့်လဲဆိုရင် မြေပြင်မှာ ပြည်သူလူထုရဲ့အားကို သူတို့ မယှဥ်နိုင်ဘူး။ဒါကြောင့် ပြည်သူလူထုအနေနဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကို ဆက်ပြီးတောင့်ခံထားကြပါ။ဗုံးခိုကျင်းတွေ နဲ့ လေကြောင်းရန်အတွက်သတိပြုရမယ့် အရာတွေကို ဂရုတစ်စိုက် ဆောင်ရွက်ကြဖို့လည်း အကြံပြုလိုတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ