Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“စစ်ဘေးရော၊ရေဘေးရော ဘေးနှစ်မျိုးကြုံရတဲ့အတွက် ဒုက္ခတွေပိုရပါတယ်”

IEC အတွင်း​ရေးမှူး ဦးခွန်ဗညား​အောင်နဲ့​

ကရင်နီပြည်ရှိ ​ဒေသအများစုတွင် စစ်​ဘေး​ အပြင် စက်တင်ဘာလ ဒုတိယပါတ်မှစ၍ ​ရေ​ဘေးပါခံစား​နေရသည်။ ယခုရက်ပိုင်းအတွင်း မိုးဗြဲဆည်ရေဖွင့်ချလိုက်၍ မိုးဗြဲ၊လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် အိမ်ခြေ ရာနှင့်ချီရေနစ်မြှုပ်နေကြောင်း ဒေသခံများက ​​ပြောသည်။လူဦးရေ နှစ်သိန်းခွဲကျော်ရှိသော ကရင်နီစစ်ဘေးရှောင်များသည် ရေဘေးကြောင့်ပါ အခြေခံလူသုံးကုန်များ အရေးပေါ်လိုအပ်​နေကြောင်း ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC က က ကြေညာသည်။ လက်ရှိ ကရင်နီရေဘေးတွင် မြေပြင်၌ ကူညီ​ပေးနေသည့် IEC အတွင်းရေးမှူး ဦးဗညားခွန်အောင် ကို လူထုနွေဦး (People’s Spring)က စက်တင်ဘာ ၁၉ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

ရဲ​ခေါင်/People’s Spring

မေး – ကရင်နီပြည်နယ်မှာ ရေဘေးနဲ့ မြေပြိုကျမှုတွေက ဘယ်နေ့ကစဖြစ်ခဲ့တာလဲ။​နောက်ဆုံး အခြေအနေကရော ဘယ်လိုရှိနေလဲဆိုတာရှင်းပြ​ပေးပါလား။

ဖြေ – အကြမ်းဖျင်းပြောရရင် ကရင်နီပြည်နယ်ထဲမှာ ဒီလ ၉ ရက် ၁၀ ရက်နေ့ကစပြီး ရေကြီးတာပေါ့။လက် ရှိမှာတော့ နေရာတော်တော်များများမှာရေကြီးနေတုန်းပဲ။တချို့နေရာတွေရေပြန်ကျတာရှိတယ်။ဖယ်ခုံမြို့နယ်ထဲက နေရာတော်တော်များများမှာ ရေကြီးနေတာရှိသလို၊ ဖရူဆိုမြို့နယ်ထဲမှာလည်း မြေပြိုတာတွေနဲ့ လမ်းတွေပျက်စီးတယ်။ပြီးတော့ ရွာအလိုက်ရွှေ့ ပြောင်းရတာရှိတယ်။

Public Service Announcement

Public Service Announcement

မေး – မကြာသေးခင်ရက်ပိုင်းက မိုးဗြဲဆည်ရေဖောက်ချတယ်လို့ သိရတယ်။အဲဒါနဲ့ပက်သက်လို့ ပြောပေးပါဦး။

ဖြေ – မိုးဗြဲဆည်ကရေလွှတ်ချနေတာကြောင့် ရေလုံးဝလွှမ်းသွားတာက လွိိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်အစပ် နန်းမယ်ခုံ၊ဘုရားဖြူ၊ဘုရားနီရွာတွေအပါအဝင် လွိုင်ကော်လမ်းမကြီးတစ်လျှောက်လုံးဝကိုရေမြှုပ်သွားတယ်။လွိုင်ကော်မြို့ထဲပါ ရေဝင်ပြီးတော့အိမ်ရာနဲ့ချီရေမြှုပ်နေတယ်။လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေရေဝင်တာရှိတယ်။ပြီးတော့ ပွန်ချောင်းဘေးက ရှားတော မြို့နယ်ထဲက ရွာသုံးရွာလည်းရေ မြှုပ်နေတယ်။

ဒီဘက်အောက်ဆင်လိုက်ရင်း ဒီးမော့ဆို မြို့နယ် အရှေ့ဘက် က စစ်ဘေး​ရှောင်စခန်း ခြောက်ခု ရေမြှုပ်နေတယ်။အိမ်ပေါင်း ၃၀၀ လောက်ပျက် စီးဆုံးရှုံးထားတယ်။ဒီးမော့ဆို အနောက်ခြမ်းမှာ မြေပြိုလို အိမ်တစ်လုံးစ၊ နှစ်လုံးစ ပျက်စီးတာလည်းရှိတယ်။

မေး – ကရင်နီပြည်နယ်မှာ ရေဘေးနဲ့ မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးထားတဲ့ အဆောက်အဦးနဲ့ ရွှေ့ပြောင်း ရတဲ့ ပြည်သူ အရေအတွက် ကို IEC က ရရှိထားတဲ့ နောက်ဆုံး အချက်အလက်​တွေအရ ဘယ်​လောက်ရှိပါလဲ။

ဖြေ – ဖယ်ခုံမှာ လူဦးရေ ၂၆၀၀ လောက် ရွှေ့ပြောင်းနေရတယ်။ရေထဲမျောသွားတဲ့အိမ် ၂၅ လုံးရှိတယ်။ဒီးမော့ဆိုမှာက လူဦးရေ ၄၄၀၀ ကျော်ရေဘေးသင့်တယ်။အိမ် ၂၆၅ လုံး ပျက်စီးသွားတယ်။လွိုင်ကော် မြို့မှာ ရေဘေးသင့်တဲ့သူ ၁၃,၀၀၀ လောက်ရှိတယ်။တခြား ရှားတော၊ဖားဆောင်း၊ဘောလခဲ နဲ့ ဖရူဆိုမြို့နယ် နဲ့ဆိုရင် စုစုပေါင်း ရေဘေးသင့်တဲ့သူ ၂၁,၇၃၉ က စားနပ် ရိက္ခာလိုအပ်နေတယ်။အိမ်ခြေ အလုံး ၃၂၀ ကျော်ကို အလုံးစုံပျက်စီးသွားတယ်။

မေး – မြေပြိုမှုနဲ့ ရေကြီးမှုမှာ သေဆုံးတဲ့သူတွေရှိတာ တွေ့ရတယ်။ဘယ်မြို့နယ်ထဲမှာ ဖြစ်ခဲ့တာလဲ။

ဖြေ – အသေအပျောက်ကတော့ စုစုပေါင်း ၂၈ ဦးအကြမ်းဖျင်းပေါ့။အဲဒီထဲက သေဆုံး၁၈ ဦးက တော့ ဆေးတပ်သားတွေ။ဒီးမော့ဆိုမြို့နယ်ထဲမှာဖြစ်သွားတာပေါ့။ ကျန်တာတော့ ပြည်သူတွေ ပါ။ဘောလခဲ၊ရှားတော၊လွိုင်ကော်၊ဖယ်ခုံမြို့နယ်ထဲကပါ။

မေး – စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရဲ့ လူဦးရေ သုံးသိန်းလောက်မှာ နှစ်သိန်းခွဲလောက်က စစ်ရှောင်နေရတာလို့ သိရတယ်။အခုလိုရေဘေးပါ ထပ်ကြုံနေရတဲ့အပေါ် ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ဘာပြောချင်လည်း။

ဖြေ-အခု ရေဘေးကြောင့် ပျက်စီးသွားတဲ့နေရာအများစုက စစ်ရှောင်တွေနေတဲ့နေရာနဲ့ စစ်ရှောင်တွေရောနှောနေရတဲ့နေရာတွေဖြစ်တယ်။စစ်ဘေးရော၊ရေဘေးရော ဘေးနှစ်မျိုးကြုံရတဲ့အတွက် ဒုက္ခတွေပိုရပါတယ်။ပြီးတော့ ကိုယ့်အိမ်ကိုယ့်ယာမှာ မဟုတ်ဘဲ စစ်ဘေးကြောင့် တဲထိုးပြီး အရင်ကတည်းက ဒုက္ခရောက်နေရတဲ့သူတွေဖြစ်တယ်။

မေး – ကရင်နီရေဘေးနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ IEC ရဲ့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်လို့ ပါဝင်မှုအခြေ အနေပြောပြပေးပါဦး။

ဖြေ – ကျွန်တော်တို့ကိုတော့ လော လောဆယ် တစ် သီးပုဂ္ဂလ တွေလာလှူနေကြတာမျိုးရှိတယ်။အရပ်ဘက်အဖွဲ့အစည်းတွေရော NUG ရဲ့ တချို့ဌာနတွေ ချိတ်ဆက် လှူဒါန်းတာမျိုးလည်းရှိတယ်။

မေး – IEC ရဲ့ ရေဘေးအပေါ် တုံ့ပြန်ဆောင် ရွက်မှုတွေဘာတွေ လုပ်နေပါပြီလဲ။

ဖြေ – လက်ရှိမြေပြင်မှာတော့ IEC ရဲ့ သက်ဆိုင်ရာ မြို့နယ် အလိုက် လူကယ်ပြန်ဌာန တွေနဲ့ အရပ်ဘက် အဖွဲ့တွေက ဝိုင်းဝန်းစီမံပြီးတော့ ကူညီနိုင်ဖို့ လုပ်နေကြတယ်။တချို့ကိုတော့ အကူအညီ စနေပြီ။အိုးအိမ်ပျက်စီး သွားတဲ့ ပြည်သူတွေကိုတော့ လောလောတယ် ရာသီဥတု အခြေအနေအရ ချို့ယွင်းချက်ရှိသေးတဲ့အတွက် ကြောင့် ဆောက်ပေးနိုင်ခြင်းမရှိသေးဘူး။ တခြားနေရာရွှေ့​ပြောင်းတဲ့အပိုင်းမှာတော့ အမိုးအကာ တွေ ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ထားတယ်။ကြိုးလည်း ကြိုးစားနေပါတယ်။အချို့ကိုတော့ စဆောက်နေပါပြီ။

မေး – အခြားရေကြီးတဲ့ ဒေသတွေမှာ စစ်ကောင်စီဘက်က ကူညီမှုအချို့ လုပ်နေတယ်လို့ သတင်ဖြန့်နေတာတွေ့ရတယ်။ ကရင်နီပြည်နယ်ဘက်မှာရော စစ်ကောင်စီ ဘက်ကကူညီတာမျိုးရှိလား။

ဖြေ – ပုံမှန်အားဖြင့် စစ်ကောင်စီက အရင်ကတည်က လူမှုအဖွဲ့အစည်းတွေဖြစ်ဖြစ် UN လို အေဂျင်စီတွေကိုတောင်မှပိတ်ပင်တာရှိခဲ့တာပဲ။ အခု အခြေအနေ အရ စစ်ရေးပိုင်းမှာ ကရင်နီတပ်ပေါင်းစုက နယ်မြေအများစု ထိန်း ချုပ်ထားတာရှိတော့ စစ်ကောင်စီက နယ်မြေ ဖြတ်တောက်ပြီး ရိက္ခာပိတ်ဆို့တာတွေရှိခဲ့တယ်။ နောက်ပြီး အရင်တုန်းကထက် ကြပ်မတ်တာတွေ ပိုလုပ်တာရှိတယ်။ ရေဘေးမှာလည်း ဒီအတိုင်းပါပဲ။စစ်ကောင်စီက ပိတ်ဆို့မှုတွေဆက်လုပ်နေဦးမှာပါပဲ။

မေး- ဖြည့်စွက်ပြောကြားလိုတာရှိဦးမလား။

ဖြေ – အရေးပေါ်လိုအပ်ချက်တွေများပါတယ်။စားနပ်ရိက္ခာအပြင် ဆေးဝါးလိုအပ်ချက်တွေပါရှိပါတယ်။တော်တော်လေးကို ကြပ်တည်းတယ်လို ပြောချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

ကရင်နီပြည်နယ်အတွင်း အရပ်သားအသွင်းယူထားသည့် စစ်ကောင်စီတပ်သားများနှင့် သတင်းပေး(ဒလန်)များ စိမ့်ဝင်နေပြီး လေကြောင်းပစ်မှတ် အတည်ပြုပေးခြင်းနှင့် လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်မှုများပါ လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ကရင်နီပြည်နယ်အတွင်းသန်းခေါင်စာရင်းကောက်ယူခြင်း၊ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း နှင့် ရွေး ကောက်ပွဲဖြစ်မြောက်ရေးတွင်ပါဝင်သူများကို ပြင်း ပြင်းထန်ထန်အရေးယူမည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို ကထုတ်ပြန်သည်။

သတင်း

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက် သည် ပြဿနာများပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်ပြီးဖိတ်ခေါ်ချက်ကို လက်ခံမည်မဟုတ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ -IEC ကယနေ့ (စက်တင်ဘာ ၂၈)ထုတ်ပြန်လိုက်သည်။

Facebook