Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဆီယံ သ​ဘောတူညီချက် ၅ ချက်ကို ပြည်တွင်းအဖွဲ့အစည်းများပြင်းထန်စွာရှုတ်ချ

Photo : AP

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အာဆီယံ “နိုင်ငံခေါင်းဆောင်များ” ၏ သဘာတူညီချက် ၅ ချက် အပေါ် အရပ်ဘက်အဖွဲ့အစည်း​ပေါင်း ၄၄၀ ခန့် နဲ့ လူပုဂ္ဂိုလ် ၃၂ ဦးတို့က လက်မှတ်ထိုးပြီးဒီ​ကနေ့(ဧပြီ ၂၆) မှာသဘောထား ထုတ်ပြန်ချက် ပါတယ်။

သ​ဘောထားထုတ်ပြန်ချက်မှာ အာဆီယံဘုံသ​ဘောတူညီချက် ငါးချက်မှာ မြန်မာပြည်သူလူထုရဲ့ဆန္ဒကိုထင်ဟပ်ခြင်းမရှိတဲ့အတွက် ပြင်းထန်စွာရှုတ်ချထားပါတယ်။ဒါအပြင် သ​ဘောတူညီချက် ၅ ချက်ကိုပြင်ဆင်ဖို့နဲ့ ​တောင်းဆိုချက် ၇ ချက်ကို​တောင်းဆိုလိုက်ပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ​အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဧပြီလ ၂၄ ရက်နေ့ကအာဆီယံ “နိုင်ငံခေါင်းဆောင်များ”အစည်းအဝေး က ထုတ်ပြန်သည့် ဘုံသဘောတူညီချက် (၅) ချက်သည် – ၁။) မြန်မာလူထုကိုယ်စားပြု နှင့် မြန်မာလူထုသ ဘောထား မပါဝင်ခြင်း၊ ၂။) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ထည့်သွင်းစဉ်းစား ထားမှုမရှိသည့်အပြင် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း နှင့် ၃။) မြန်မာပြည်သူလူထု၏ လိုအပ်ချက်များအတွက် ထိရောက်မှု မရှိခြင်း ကြောင့် ကျွန်ုပ်တို့ အရပ်ဘက်လူထု (အဖွဲအစည်းပေါင်း – ၄၃၉ ဖွဲ့ နှင့် တစ်ဦးချင်း ၃၂ ဦး) က ပြင်းထန်စွာရှုတ်ချလိုက်သည်။

Public Service Announcement

Public Service Announcement

သို့ပါ၍ ကျွန်ုပ်တို့ အရပ်ဘက်လူထု – အဖွဲအစည်းပေါင်း – ၄၃၉ ဖွဲ့ နှင့် တစ်ဦးချင်း ၃၂ ဦး – လက်မှတ်ထိုးထားသည့် ဤထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ကာ အဆိုပါ သဘောတူညီချက်များအပေါ် ကျွန်ုပ်တို့ ၁။) သဘောထားနှင့် ၂။) တောင်းဆိုချက်များကို အာဆီယံ‌ ခေါင်းဆောင်များသို့ ပေးပို့တိုက်တွန်း တောင်းဆို လိုက်ပါသည်။

အရပ်ဘက် လူထု သဘောထား

၁။) မကြာခင်က ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ် ကို အခြေခံပြီး၊ ပြည်သူလူထု ထောက်ခံမှုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် အာဆီယံဒေသတွင်း နိုင်ငံများ အနေဖြင့် ယင်းတို့၏ တရားဝင်မှုကို မပျက်မကွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ အဆိုပါ မြန်မာနိုင်ငံပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားခြင်း၊ သို့မဟုတ် အုပ်ချုပ်ခွင့်ပေးထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအား အာဆီယံ “နိုင်ငံ့ခေါင်းဆောင်များ” အစည်းအဝေးသို့ ထည့်သွင်း ဖိတ်ကြား ခြင်းမရှိဘဲ၊ မြန်မာပြည်သူများ၏ တရားဝင် ကိုယ်စားပြုမှုကို သော်လည်းကောင်း၊ ထောက်ခံမှုကို သော်လည်းကောင်း၊ မရရှိနေသည့် လူသတ်အကြမ်းဖက်၊ အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ကိုသာ ယင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားခြင်းက မြန်မာလူထု၏ တရားဝင် ကိုယ်စားပြုမှု ပါဝင်ခြင်း မရှိပေ။ ထို့အတူ ယင်းအစည်းအဝေးပွဲက ထုတ်ပြန်သည့် အာဆီယံနိုင်ငံများ သဘောတူညီချက် (၅) ချက်သည်လည်း မြန်မာပြည်သူလူထု သဘောထား ထည့်သွင်းစဉ်းစားထားသည့် အချက်များ မဟုတ်ပေ။

၂။) မင်းအောင်လှိုင်ခေါင်းဆောင်သည့် အာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းချိန် ယခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က စ၍ ယခုကြေညာချက် ထုတ်ပြန်ချိန်အထိ လူပေါင်း ၇၀၀ ကျော် သတ်ဖြတ်ခြင်း၊ အခြား လူထောင်ပေါင်းများစွာအား တရားလက်လွတ် ဖမ်းဆီး၊ ညှင်းပန်း နှိပ်စက်နေမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အခြားရာဇဝတ်မှုပေါင်းများစွာ ကျူးလွန်လျက်ရှိရာ၊ ၎င်းရာဇဝတ်ကောင်အား အာဆီယံခေါင်းဆောင်တစ်ဦးအဖြစ် ဖိတ်ကြားခြင်းသည် ၎င်းကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အသွင် ကူးပြောင်းရေး ကာလ တရားမျှတမှုကို အာဆီယံ ၏ခေါင်းဆောင်များက လျစ်လျူရှုရာ ရောက်သလို၊ အာဆီယံနိုင်ငံများ၏ ဒီမိုကရေစီစံနှုန်းများ ကျရှုံးခြင်း ဖြစ်ပါသည်။

၃။) မြန်မာပြည်သူများသည် စစ်အာဏာသိမ်းမှုအား ချက်ချင်းရပ်တန့်ပြီး မိမိတို့သဘောဆန္ဒအရ ရွေးချယ်တင်မြှောက်ထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ မှတဆင့် ဖြစ်ပေါ်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမှုကို လိုအပ်လျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုက တရားလက်လွတ် သတ်ဖြတ်၊ ညှင်းပန်း၊ နှိပ်စက်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံများကို ရယူ ဖော်ဆောင်နိုင်မည့် တရားစီရင်ရေး ယန္တရားတစ်ခုရှိရန် လိုအပ်နေပါ သည်။

ရေတိုအားဖြင့် အာဏာသိမ်း စစ်အုပ်စုမှ အပြစ်မဲ့အရပ်သားပြည်သူများကို တရားဥပဒေမဲ့ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူ့ဂုဏ်သိက္ခာကျဆင်းအောင် လက်နက်မိုး၍ စေခိုင်းနေမှုများ၊ တရားလက်လွတ် သတ်ဖြတ်နေခြင်းများကို ယခု (ချက်ချင်း) ရပ်တန့်ရန် လိုအပ်သည်။

သို့သော် အာဆီယံ “နိုင်ငံခေါင်းဆောင်များ” ၏ သဘောတူညီချက်တွင် မြန်မာပြည်သူလူထု၏ အဆိုပါလိုအပ်ချက်များအား ထင်ဟပ်ထားခြင်း မရှိသကဲ့သို့ တရားမျှတမှု ဖော်ဆောင်ရေးအပေါ် အာဆီယံ၏ ဆောင်ရွက်လိုမှုကို (လုံးဝ) မတွေ့မြင်ရပါ။

၄။) ထို့အပြင် ယင်းသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ရမည့် တိကျသည့် အချိန်ကာလနှင့် တိုင်းတာမည့်လုပ်ငန်းစဉ်သတ်မှတ်ချက် တခုတလေမျှပင် မပါဝင်ခြင်းက အာဆီယံသည် အကြမ်းဖက် သတ်ဖြတ်ခံနေရသော ပြည်သူလူထုထက် အာဏာသိမ်းစစ်အုပ်စုအပေါ် ပိုမိုအလေးပေးရာ ရောက်ပြီး၊ အာဏာသိမ်းစစ်အုပ်စုမှ စိတ်ကြိုက်အချိန်ဆွဲကာ ပိုမို လူသတ် အကြမ်းဖက် လာနိုင်သော လမ်းကြောင်းကို ဖြစ်စေသည်ဟု ကျွန်ုပ်တို့က သုံးသပ်ပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့အရပ်ဘက်လူထုက အဆိုပါ သဘောတူညီချက် (၅)ချက် အပေါ် အောက်ပါအတိုင်း တောင်းဆိုလိုက်သည်။

၁။) သဘောတူညီချက် နံပါတ် (၁) – အကြမ်းဖက်မှုများကို ကျူးလွန်သူသည် စစ်အုပ်စုသာ ဖြစ်သဖြင့် သဘောတူညီချက် နံပါတ် (၁) တွင် “သက်ဆိုင်သူ အားလုံး (All parties)” ဆိုသော အသုံးအနှုန်းအစား “လွတ်လပ်စွာတွေးခေါ်ယူဆခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စီတန်းလှည့်ခွင့်ကို ကျင့်သုံးနေသည့် ပြည်သူများကို စစ်အုပ်စုက တဖက်သက်လုပ်ဆောင်နေသည့် အကြမ်းဖက်မှု အားလုံးကို ချွင်းချက်မရှိ ချက်ချင်း ရပ်တန့်ရန်” သာ တောင်းဆိုရမည်။

၂။) သဘောတူညီချက် နံပါတ် (၂) နှင့် (၃) – ယင်းအချက်များတွင်ပါသည့် ညှိနှိုင်းရေးအစား အာဆီယံ အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်သန်ရေးကို အမှန်တကယ်လိုလားပါက အာဏာသိမ်းစစ်အုပ်စု၏ မတရားအာဏာသိမ်းထားခြင်းကို မဖြစ်မနေ ရှုတ်ချကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများမှ သုံးသပ်ဆုံးဖြတ်ထားသည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရန် လိုအပ်သည်။ ထိုရွေးကောက်ပွဲမှတစ်ဆင့် အာဏာအပ်နှင်းထားသော တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရထံ အာဏာသိမ်း စစ်အုပ်စုက ချွင်းချက်မရှိ ချက်ခြင်း အာဏာ ပြန်လည် အပ်နှင်းရေးကိုသာ တိုက်တွန်းရမည်။
၃။) သဘောတူညီချက် နံပါတ် (၄) – လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ ပံ့ပိုးပေးမည့် အစီအစဉ်ကို ကျွန်ုပ်တို့က သတိထားပြီး ကြိုဆိုပါသည်။ သတိထားသည့်အချက်မှာ လူသားချင်း စာနာ ထောက်ထားမှု အထောက်အပံ့များအား အာဏာသိမ်း စစ်အုပ်စုက တဆင့်ဖြန့်ဝေခြင်းသည် အဆိုပါ အထောက်အပံ့များအား အမှန်တကယ် လိုအပ်နေသည့် ပြည်သူလူထုထံရောက်ရှိမည် ဟု ကျွန်ုပ်တို့က မယုံကြည်ပါ။ သို့ပါ၍ ထိုသို့ ဖြန့်ဝေခြင်းကို ကျွန်ုပ်တို့ လက်ခံ ကြိုဆိုမည် မဟုတ်ပေ။

လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ ပံ့ပိုးပေးမည့် အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် စစ်ကောင်စီမှ နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ခြင်း လုံးဝ မပြုလုပ်နိုင်ရန် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိမည့် မူဝါဒ လုပ်ထုံးလုပ်နည်းများ နှင့်အတူ လွတ်လပ်သည့် စောင့်ကြည့်ရေး ယန္တရားရှိရမည်။ လူသားချင်းစာနာ ထောက်ထားမှု အကူအညီအစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများ နှင့် ထိခိုက်ခံစားရသူများ ကိုယ်တိုင်ပါဝင် ဆုံးဖြတ်ခွင့် အာမခံရမည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှု ဟု ဆိုရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်း တင်ခြင်း၊ စောင့်ကြည့်ခြင်း ပြုလုပ်နိုင်သည်အထိ ၎င်း၏ လုပ်ပိုင်ခွင့်ကို တိုးချဲ့သင့်သည်။

၄။) သဘောတူညီချက် နံပါတ် (၅) – လက်တွေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရန် မတောင်းဆိုခြင်းနှင့် အများပြည်သူ၏ တရားဝင်ထောက်ခံမှု ရရှိထားသော အမျိုးသားညီညွတ်ရေးအစိုးရအား အစည်းအဝေးသို့ ဖိတ်ကြားခြင်းမရှိဘဲ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် ဆွေးနွေးမည်ဟု စာရွက်ပေါ်တွင်သာ ဖော်ပြထားခြင်းသည် ရှေ့နောက်ကိုက်ညီမှု မရှိသောကြောင့် သတိထားပြီး ကြိုဆိုပါသည်။ အချိန်မဆိုင်းဘဲ ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းရေး၊ တရားမျှတမှု ရှာဖွေရေး၊ ဖက်ဒရယ်စနစ် တည်ထောင်ရေးစသည့် မြန်မာလူထု၏ တောင်းဆိုချက်များကို ထင်ဟပ်အကောင်အထည်ဖော်ရန် အမျိုးသားညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသား လက်နက်ကိုင်​ တော်လှန်ရေး အဖွဲ့အစည်းများ၊​ အထွေထွေသပိတ်ကော်မတီများနှင့် အရပ်ဖက်လူထု ဖွဲ့အစည်းများ၏ သဘောထားများကို အဓိကထား ရယူရန် တောင်းဆိုလိုက်သည်။

ထို့အပြင် အောက်ပါအချက်များကိုလည်း ဖြည့်သွင်း သဘောတူညီမှုရယူရန် ကျွန်ုပ်တို့က တောင်းဆို လိုက်သည်။

၁။) စစ်အာဏာသိမ်းမှုကို ချက်ချင်းရပ်တန့်ပြီး အများပြည်သူလက်ခံရွေးချယ်ထားသော အမျိုးသား ညီညွတ်ရေးအစိုးရထံ ချက်ခြင်း အာဏာလွှဲပြောင်းပေးရေး အာဆီယံက အာဏာသိမ်းစစ်အုပ်စု ခေါင်းဆာင် မင်းအောင်လှိုင် ကို တောင်းဆိုပါ။

၂။) စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကစပြီး အာဏာသိမ်းစစ်အုပ်စုက မတရား ဖမ်းဆီး ထိမ်းသိမ်းထားသော နိုင်ငံရေးအအကျဉ်သားများအားလုံးကို ချွင်းချက်မရှိ၊ ချက်ခြင်း လွှတ်ပေးရေး အာဏာသိမ်း စစ်အုပ်စုကို အာဆီယံမှ ပြတ်ပြတ်သားသား တိုက်တွန်းတောင်းဆိုပါ။

၃။) မြန်မာပြည်သူလူထု၏ နစ်နာမှုများအတွက် အသွင်ကူး ပြောင်းဆဲကာလ တရားမျှတမှုကို ဖော်ဆောင်နိုင်မည့် နိုင်ငံတကာနှင့် ပြည်တွင်း တရားစီရင်ရေးယန္တရားကို ဖော်ဆောင်နိုင်ရန် ဒေသတွင်း အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ကုလသမဂ္ဂကို ဦးဆောင်တိုက်တွန်းသွားမည်ဖြစ်ကြောင်းကို အလေးအနက် ကတိကဝတ်ပြုပါ။

၄။) လွတ်လပ်သော သတင်းစာများ၊ ရုပ်သံလိုင်းများကို ပိတ်သိမ်းခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်း၊ ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်၊ ဟန့်တား၊ အရေးယူမှုများ စသည့် သတင်းအချက်အလက်အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပြင် အခြား လူအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်နေမှုများကို တရားဝင် ရှုတ်ချကာ ယင်းသို့ လုပ်ဆောင်နေ မှုများကို ချွင်းချက်မရှိ ချက်ခြင်း ရပ်တန့်ရေး အာဏာသိမ်း စစ်အုပ်စုအား တောင်းရန်။

၅။) အင်တာနက်ဖြတ်တောက်ခြင်း၊ ဝက်ဘ်ဆိုက်စာမျက်နှာများ ပိတ်ဆို့ခြင်းများ ကျူးလွန်နေခြင်းကို ချက်ခြင်းရပ်တန့်ကာ လူထု သတင်းရရှိပိုင်ခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ရ ရေးသားပြောဆိုခွင့် အပြည့်အဝ ရရှိရေး ချွင်းချက်မရှိ ချက်ခြင်း လုပ်ဆောင်ရန် အာဏာသိမ်း စစ်အုပ်စုအား တောင်းဆိုရန်။

၆။) မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ပြီး ကမ္ဘာကြီးသို့အစီရင်ခံနိုင်ရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အား မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုရေး စစ်အုပ်စုက သဘောတူရေး တိုက်တွန်းရန်။

၇။) ပြည်တွင်းတွင် ဆန္ဒပြပွဲများကို လေ့လာစောင့်ကြည့်ရန်အလို့ငှါ အမှီအခိုကင်းပြီး လွတ်လပ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ အမြန်ဆုံး ထားရှိရေးကို စစ်အုပ်စုက သဘောတူရေး တိုက်တွန်းရန်။

ဆက်စပ်သတင်းများ

News

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ အထူးအစည်းအဝေးကို အခုလ မကုန်ခင် ပြုလုပ်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။