Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွား

ကယားပြည်နယ်ရှိ မြို့နယ်အချို့တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား ပြီး ယနေ့ဖြစ်ပွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့၏ တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ် ဒေသခံအချို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဒီး​မော့ဆို​ဒေသခံများ စစ်​ဘေး​ရှောင်​နေစဥ် (ဓာတ်ပုံ - KNIC)

စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်ရှိ မြို့နယ်အချို့တွင် ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ပြည်သူ့ ကာကွယ်ရေးတပ်တို့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား တိုက်ပွဲ စတင်ဖြစ်ပွားခြင်း လည်းဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆိုမြို့နယ် မာနာပလော့ရပ်ကွက်အနီး နယ်မြေကျူးကျော်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း KNPPသတင်းနှင့်ပြန်ကြားရေးဌာန KNIC က သတင်းထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်မှုများကြောင့်ဒီးမော့ဆို ဒေသခံများ ဘေးကင်းရာ တိမ်းရှောင်နေကြရကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KNIC က ဖော်ပြသည်။ ထို့ပြင် ယနေ့ နေ့လည်ပိုင်း၌ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးလမ်းခွတွင် ဆိုင်ကယ်မောင်းနှင်လာသူ ခရီးသွားအရပ်သား နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ တစ်ဦးသေဆုံးသွားကြောင်း KNIC က သတင်းဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယမန်နေ့ မေလ ၂၀ရက်တွင် လည်း ဘောလခဲမြို့နယ်ရှိ KNPP၏ လူငယ်လေ့ကျင့်ရေး ကွင်းသို့ လာရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်သင်တန်းပေးတဲ့နေရာဝန်းကျင် အဲဒီနေရာ ချီတက်လာတာ။ ချီတက်လာတာ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာပေါ့” ဟု ကယားဒေသခံ ကိုဌေးရယ်က ပြောသည်။

အဆိုပါ လူငယ်လေ့ကျင့်ရေးကွင်းသည် ကယားပြည်နယ် ဘောလခဲမြို့နယ် စလဲလုံရွာ နှင့် ဖာဆောင်းမြို့နယ် နန့်ကစ်ရွာအကြား၌ တည်ရှိပြီး လတ်တလောတွင် လူငယ်များကို စစ်ရေးလေ့ကျင့်ပေးနေသည့် နေရာဖြစ်ကြောင်း ကိုဌေးရယ်က ပြောသည်။

KNPP စစ်ဘက်တာဝန်ရှိသူတစ်ဦးက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုပြီး အသေးစိတ်အခြေအနေ မသိရသေးဟု ပြောသည်။

“ သူတို့က ကျွန်တော်တို့ကို လာတိုက်တာကတော့ ဒါပထမဆုံးပေါ့” ဟု ၎င်း ကဆိုသည်။ တိုက်ပွဲဖြစ်စဉ်တွင် ထိခိုက်မှုရှိမရှိကို အသေးစိတ်မသိရသေးကြောင်း KNPP စစ်ဘက်တာဝန်ရှိသူက ပြောသည်။

ယခု တိုက်ခိုက်မှုသည် ဧပြီ ၃၀ရက်က လူငယ် ၇၄ဦး ကို စစ်ကောင်စီက ဖမ်းမိသွားသည့်ဖြစ်စဉ်နှင့် ဆက်စပ်နိုင်ကြောင်းကိုဌေးရယ်က ပြောသည်။

KNPPသည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ထားသည့် အဖွဲ့ဖြစ်သည်။ ယခု တိုက်ပွဲဖြစ်ပွားမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားမှုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။