လူမျိုးတုန်းသတ်ဖြတ်ခြင်းနဲ့ ရက်စက်ယုတ်မာမှုများကိုတားဆီးကာကွယ်ရေးဥပဒေအရ အမေရိကန်အစိုးရက ကွန်ဂရက်လွှတ်တော်ကို ပေးပို့တဲ့အစီရင်ခံစာမှာ မြန်မာ နိုင်ငံအခြေအနေကို ထည့်သွင်းထားပြီး ပြစ်မှုကျူးလွန်သူများကို တာဝန်ခံနိုင်ရေး ပံ့ပိုးကူညီသွားမယ်လို့ ဖော်ပြပါတယ်။
ဇူလိုင် ၁၂ ရက်က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရရဲ့အစီရင်ခံစာမှာ လူမျိုးတုန်းသတ်ဖြတ်ခြင်း(ဂျီနိုဆိုက်)ကျူးလွန်တဲ့နိုင်ငံတွေ ဒါမှမဟုတ် ဂျီနိုဆိုက်အန္တရာယ်ရှိတဲ့နိုင်ငံတွေ အကြောင်းကို ဖော်ပြထားပြီး တရုတ်၊ အီသီယိုပီးယားတို့နဲ့အတူ မြန်မာနိုင်ငံကို ထည့် သွင်းထားတာပါ။
အမေရိကန်အစိုးရဟာ ရက်စက်ယုတ်မာမှုအန္တရာယ်ရှိတဲ့နိုင်ငံတွေကို အရေးယူလုပ် ဆောင်နေပြီး စစ်တပ်က အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းကျ ရွေး ကောက်ခံအစိုးရဆီ အာဏာပြန်လည်ပေးအပ်ဖို့ ၎င်းတို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့အတူ တောင်းဆိုနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် လူမဆန်တဲ့သတ်ဖြတ်မှုတွေ၊ ဆန္ဒပြသူတွေကို တိုက်ခိုက်မှုတွေ၊ အဓမ္မ ထွက် ပြေးစေမှုတွေနဲ့ မတရား သဖြင့် ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့လည်း မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။
အမေရိကန်ဟာ ဖေဖော်ဝါရီမတိုင်ခင်ကတည်းက မြန်မာစစ်တပ်ကို စစ်လက်နက် ရောင်းချခြင်းတွေ၊ စစ်ဆင်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ဘက်ဆိုင်ရာပညာရေးနဲ့ပတ်သက်လို့ ကန့် သတ်ခဲ့ပြီး အာဏာသိမ်းမှုအပြီးမှာလည်း ကာကွယ် ရေးဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဆိုင်းငံ့ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတလက်မှတ်ရေးထိုးတဲ့အမိန့်နဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်ခဲ့ပြီး ကုန်သွယ်ရေးဝန်ကြီးဌာန ကလည်း မြန်မာနိုင်ငံအပေါ် တင်ပို့မှုတွေကို ထိန်းချုပ်ခဲ့ပါတယ်။
အမေရိကန်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုလည်း ယာယီအကာအကွယ်ပေးရေး(TPS)နဲ့ သက်တမ်းတိုးမြှင့်ကာ ၁၈ လကြာနေထိုင်ခွင့်ပေးခဲ့ပြီး မိတ်ဖက်နိုင်ငံ တွေကိုလည်း အလားတူ ကာကွယ်မှုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီနဲ့ G7 နိုင်ငံ တွေနဲ့ အတူ အမေရိကန်အစိုးရက အပြင်းထန်ဆုံးတုံ့ပြန်ခဲ့ပြီး အာဏာသိမ်းမှုကို ရှုတ်ချကာ အကြမ်းဖက်မှုရပ်တန့်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အာဏာသိမ်းခေါင်းဆောင်တွေဟာ ၂၀၁၆ နဲ့ ၂၀၁၇ တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ယုတ်မှုတွေအတွက် တာဝန်ရှိပြီး အဲဒီဖြစ်ရပ် တွေကို နိုင်ငံခြားရေးဝန်ကြီးဟောင်း တီလာဆန်က မျိုးနွယ်စုသုတ်သင်ရှင်းလင်းမှု(Ethnic Cleansing)အဖြစ် သတ်မှတ်ခဲ့ပါတယ်။
နောက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ် ခွင့် ပြင်းထန်စွာချိုးဖောက်မှုနဲ့ပတ်သက်လို့ သီးခြားစိုးရိမ်ဖွယ်ကောင်းတဲ့နိုင်ငံအဖြစ် ၂၀၂၀ မှာ စာရင်းသွင်းခဲ့ပါတယ်။
အမေရိကန်အစိုးရနဲ့ USAID တို့ဟာ တာဝန်ခံနိုင်ရေး မြှင့်တင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာမှတ်တမ်းတွေကို ပံ့ပိုးသွားမယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရဟာ လွတ်လပ်မှု၊ သာယာ၀ ပြောမှုနဲ့ ငြိမ်းချမ်းမှုတို့အတွက် တည်ငြိမ်တဲ့နိုင်ငံတကာစနစ်ခိုင်မာစေဖို့ ဒီမိုကရက်တစ်တန်ဖိုးတွေကို ကတိ ကဝတ်ပြု ထားပါတယ်။
လက်ရှိ သမ္မတဘိုင်ဒန်အစိုးရဟာ ကမ္ဘာတစ်လွှားရှိ လူ့အခွင့်အရေးတွေကို ကာကွယ်ခုခံသွားမှာဖြစ်ပြီး ရက်စက်ယုတ်မာမှုတွေကို တားဆီးကာကွယ်ခြင်းက အမျိုးသားလုံခြုံရေး အကျိုးစီးပွားနဲ့ ကိုယ်ကျင့်တရားဆိုင်ရာတာဝန်ရှိမှုတို့ရဲ့ ဗဟိုချက်မအဖြစ် သတ်မှတ် ထားတယ်လို့ ဆိုပါတယ်။