မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ယနေ့ည၉နာရီခန့်ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာတယ်လို့ အဆိုပါထောင်အနီးပတ်ဝန်းကျင်နေထိုင်သူတစ်ဦးက ပြောပါတယ်။
‘စစ်အာဏာရှင်ဆန့်ကျင်ရေး ဒို့အရေး၊ အရေးတော်ပုံအောင်ရမည်’ ဆိုတာတွေ အော်ဟစ်နေကြတာလို့ ၎င်းကပြောပါတယ်။
ကြွေးကြော်သံတွေပေါ်ထွက်လာပြီး မိနစ်ပိုင်းခန့်အကြာမှာတော့ ထောင်တွင်းကနေ တရားဖွင့်ထားတာ အကျယ်ကြီးကြားနေရတယ်လို့လည်း ပြောဆိုကြပါတယ်။
ဒါ့အပြင် သေနတ်ပစ်ခတ်သံတွေလည်းကြားရတယ်လို့ ဆိုပါတယ်။
ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ထောင်တွင်းတိုက်ပွဲပြုလုပ်တာလို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇူလိုင်၂၃ ရက်ကလည်း ရန်ကုန်မြို့ အင်းစိန်ထောင်မှာ အလားတူကြွေးကြော်သံတွေနဲ့ ထောင်တွင်း ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
