ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေးအခက်အခဲဖြစ်၍ အလံဖြူထောင်အကူအညီတောင်းသူကို ဖိအားပေးခြိမ်းခြောက်ခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် ဆယ်အိမ်မှူးသေနတ်ဖြင့်ပစ်ခံရမှု ယနေ့ (သြဂုတ် ၁၄ရက်)နေ့လည်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဆယ်အိမ်မှူးသည် ရပ်ကွက်ရုံးအတွင်း ပစ်ခံရခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာလည်း ဒဏ်ရာရရှိိခဲ့သည်။
“နေ့လည် ၁ နာရီ ကျော်လောက်က ရပ်ကွက်ရုံးနားမှာ သေနတ်သံတွေ ကြားရတာပါ။ နှစ်ယောက်ထိတယ်လို့ သိရတယ်။ တစ်ယောက်က ရပ်ကွက်ဆယ်အိမ်မှူးပါ။ သူက မျက်လုံးနဲ့ ခြေထောက်ထိသွားတယ်။ နောက်တစ်ယောက်က ရင်ဘတ်ထိတယ် ကြားတယ်။ ဆေးရုံကားတွေ လာခေါ်သွားပါတယ် “ဟု ၎င်းက ပြောသည်။
အခင်းဖြစ်ပွားသည့် ရပ်ကွက်ရုံးဝန်းကျင်ကို အကြမ်း ဖက် စစ်ကောင်စီတပ်သားများက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးကဆိုသည်။
ကိုဗစ်ကပ်ရောဂါကြောင့် မိသားစုစားဝတ်နေရေး အခက် အခဲဖြစ်၍ အလံဖြူထောင်ကာ အကူအညီတောင်းခံခဲ့သည့် ကြံခင်းစုရပ်ကွက်ရှိ နေအိမ်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့က ခေါ်ယူခြိမ်းခြောက်မှု ဇူလိုင် ၃၀ရက်က ဖြစ်ပွားသေးသည်။
