■နပခ ဌာနချုပ် အဆောက်အအုံများစွာထိခိုက်ပျက်စီးနေပြီး မီးလောင်နေ
ရှိုင်း/People’s Spring
ရခိုင်ပြည်နယ် အမ်းမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အား အာရက္ခတပ်တော်(AA)က တိုက်ခိုက်ရာတွင် ထပ်မံဖမ်းမိထားသည့်စစ်သုံ့ပန်း ရာချီ နေကြောင်း AAက ဒီဇင်ဘာ ၁၇ ရက်ညသန်းခေါင်တွင်ထုတ်ဖော်ပြသလိုက်ပြီး အသက်ရှင်လိုပါက အလံဖြူထောင်ရန် ထပ်မံသတိပေးခဲ့သည်။
ဒီဇင်ဘာ ၁၇ရက် နပခ၏ ပကတိ မြေပြင် အခြေအနေ ကို ၁ မိနစ် ၄၁စက္ကန့်ကြာ ရုပ်သံဖြင့် ဖော်ပြရာ AAက ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာဂဏန်းကို ကြိုးနှင့်ချီပြီး ခေါ်ဆောင်လာမှု ရုပ်သံကို ပြသသည်။ ဖမ်းမိထားသူများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများလည်းပါဝင်သည်ကိုတွေ့ရသည်။
“စောစောအလံဖြူထောင်လျင် စောစော အသက်ရှင် ကျန်ရစ်စေမယ် မိသားစု ဆွေမျိုးတို့နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟု AAက ရုပ်သံတွင် စာရေးပြီး ထပ်မံ သတိပေးသည်။
ထို့အပြင် နပခ ဌာနချုပ် အဆောက်အဦး တိုက်ခိုက်ခံရပြီး ပျက်စီး မီးလောင်နေမှုကိုလည်း တွေ့ရသည်။
AAသည် ဒီဇင်ဘာ ၁၆ရက် ညပိုင်းကလည်း နပခ ၏ ပကတိ မြေပြင်အခြေအနေကို စတင်ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ အလံဖြူထောင်အလင်းဝင်လာမှု အခြေအနေကို ပြသခဲ့သည်။ ထိုစဉ်ကလည်း စောစောအလံဖြူထောင်ပါက စောစော အသက်ရှင်ကျန်ရစ်မည်ဟု သတိပေးစာ ဖော်ပြခဲ့သည်။
AA ဖမ်းမိသည့် စစ်သုံ့ပန်းများထဲ၌ ဒဏ်ရာရသူများစွာပါဝင်နေသည်ကိုလည်းတွေ့ရသည်။
အာရက္ခတပ်တော် က အမ်းမြို့နယ်တွင် နောက်ဆုံးကျန်သော နပခ နှင့် ဂွမြို့မှ လက်ကျန်စစ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေသည်။ အမ်း နပခ ကို AAအပြီးတ်သိမ်းလိုက်ပါက စစ်ကောင်စီအတွက် ဒုတိယမြောက်တိုင်းစစ်ဌာနချုပ် လက်လွတ် ဆုံးရှုံးရခြင်းဖြစ်လာမည်ဖြစ်သည်။
စစ်တပ်သမိုင်းတွင် ပထမဆုံးတိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ပြီးခဲ့သည့် သြဂုတ်လဆန်းတွင်လားရှိုး မြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို MMDAAနှင့်မဟာမိတ်တပ်ပေါင်းစုကသိမ်းပိုက်ခဲ့သည်။