စစ်အာဏာရှင်ကို ပြည်သူလူထုရဲ့ ခုခံတွန်းလှန်စစ်စတင်ပြီလို့ NUG အစိုးရက ကြေညာတဲ့ ဒီနေ့မှာ မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းပေါက်ကွဲမှု တွေ ဖြစ်ခဲ့ပါတယ်။
ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က ၅၅လမ်းနဲ့ ၅၆လမ်းကြား ၊၁၂၁လမ်းကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ဆွဲထားတဲ့ ဓမ္မာရုံနားမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့တာလို့အခင်းဖြစ်ရာ အနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက ဆိုပါတယ်။
ဗုံးကနှစ်လုံးဆင့်ပေါက်တာ အကျယ်ကြီးပဲ ဒဏ်ရာရတာရှိမရှိတော့ မသိသေးဘူး။ အခုတော့ စစ်သားတွေအများကြီးရောက်လာကြတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်က သေနတ်၁၀ချက်ထက်မနည်း ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။
ဒီနေ့မနက်အစောပိုင်းက NUG အစိုးရဟာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက် မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းမြို့ပြင် လှည့်လည်ပြီး ကင်းလှည့်နေတာတွေရှိနေပါတယ်။
လက်ရှိအခြေအနေကြောင့် အခြေခံစားသောက်ကုန်အချို့ကို ဝယ်ယူစုဆောင်းသူတွေရှိပေမယ့် မန္တလေးမှာ အလုအယက်ဝယ်ယူတာမျိုးတွေ့ မတွေ့ရပါဘူး။
ဒါပေမယ့် ဆေးဆိုင်တွေမှာတော့ လိုအပ်တဲ့ဆေးဝါးတွေဝယ်ယူသူ များပြားနေကြပါတယ်။


















































