အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ခုခံစစ်ကြေညာမှုဟာ မသင့်တော်ပေမယ့် ၇ လကျော် ကြာ စစ်ကောင်စီရဲ့ လူမဆန်မှု၊ နိုင်ငံတကာအသိုင်းအဝန်းရဲ့အရေးယူဖို့ပျက်ကွက်မှုတွေကြောင့် NUGနဲ့ ပြည်သူတွေရဲ့မချင့်မရဲဖြစ်မှုတွေကို နားလည်တယ်လို့ အထူးအကြံပေးကောင်စီ (SAC-M)က ဒီနေ့ထုတ်ပြန်ပါတယ်။
အကြမ်းဖက်မြန်မာစစ်တပ်ကို ပြည်သူ့ခုခံစစ်ကြေညာခြင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂကျွမ်း ကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က အပြန် အလှန်ပစ်ခတ်မှုတွေပြင်းထန်လာမှာကို ထောက်ခံကြိုဆိုခြင်းမရှိပေမယ့် NUG ရဲ့ ဆုံးဖြတ်ချက် ကို စာနာနားလည်နိုင်တယ်လို့ ဆိုထားပါတယ်။
“အကြမ်းဖက်မှုတွေဟာ မြန်မာပြည်သူတွေခံစားနေရတဲ့အကြောင်းရင်းတွေပါ။ ဒါက အဖြေမဟုတ်ပါဘူး။ ကျွန်တော်တို့ NUG ကို စာနာနားလည်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ရဲ့ရလဒ်က ဘာဖြစ်မလဲဆိုတာကို ကျွန်တော်စိုးရိမ်ပါတယ်” လို့ SAC-M က Chris Sidoti က ပြောပါတယ်။
လောဘကြီးတဲ့မြန်မာစစ်တပ်ဟာ တရားမဝင်အာဏာ သိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ကစလို့ ပြည်သူ ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၀၀၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ နောက်ပြီး ကိုဗစ်-၁၉ ပြန့်ပွားမှုကို လက်နက်အဖြစ်သုံးခြင်း၊ စစ်တပ်အတွက် ဆေးဝါးအထောက်အကူတွေ သိမ်း ဆည်းသိုလှောင်ခြင်း၊ အောက်စီဂျင်အမှန်တကယ်လိုအပ်နေသူတွေကို ပေးဖို့ငြင်းဆန်ခြင်း စတာတွေကြောင့်လည်း လူသားချင်းစာနာမှုအကျပ်အတည်းကို ပိုမိုကြီးမားနက်ရှိုင်းစေခဲ့ပါတယ်။

Public Service Announcement
အရေးကြီးတဲ့အချက်မှာ NUG ဟာ PDF တွေအတွက် အရပ်သားပြည်သူတွေကို ပထမဦးစားပေး ကာကွယ်ပေးရမယ်ဆိုတဲ့ စစ်တပ်တစ်တပ်လိုက်နာရမယ့်ကျင့်ဝတ်တွေကို ညွှန်ကြားထုတ်ပြန်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်မှာ NUG ဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရဲ့ တရားစီရင်မှုကို လက်ခံတယ်လို့ ဆုံးဖြတ်ခဲ့ပြီး PDF ၊ EAOs အပါအဝင် သက်ဆိုင်သူအားလုံးအတွက် တာဝန်ခံမှု ရှိရမယ်လို့လည်း SAC-M အဖွဲ့က သတိပေးထားပါတယ်။
NUG ရဲ့ ကြေညာချက်ဟာ ၇ လကြာ နိုင်ငံတကာအားပေးထောက်ခံမှုနည်းပါးမှုနဲ့အတူ စစ်ကောင်စီရဲ့လူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်တွေကို ရဲဝံ့စွာ ကြံ့ကြံ့ခံခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ မချင့်မရဲဖြစ်မှုမြင့်တက်လာခြင်းကို ရောင်ပြန်ဟပ်တယ်လို့ SAC-M က သုံးသပ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ လာမယ့်တစ်ပတ် ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပချိန်မှာ အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ဖို့ နောက်ထပ် အခွင့်အရေးရှိနေတယ်လို့ SAC-M က ဆိုပါတယ်။

















































