ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်အာဏာသိမ်းစစ်ကောင်စီတပ်တို့ ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ ယနေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းဖော်ပြသည်။
KIA တပ်မဟာ(၂)၊ တပ်ရင်း(၄၅) နယ်မြေ တနိုင်း – ရှင်ဗွေယန်သွားလမ်းမပေါ် ရှိ လဂျားဘွမ် ကျေးရွာ အနီး စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို စက်တင်ဘာ ၈ရက် နံနက်ပိုင်းတွင် KIAက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“တနိုင်းဘက်မှာ တိုက်ပွဲရှိတယ်ဆိုတာက ပြောလို့ရပါတယ်။ ဒါပေမဲ့ မြေပြင်သတင်းက ကျွန်တော်တို့ ဆီမှာ အသေးစိတ် ဘာမှ မတက်သေးပါဘူး။ တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ တက်ပါတယ်”ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြော သည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ၇ရက် ကတည်းက စစ်ရေးလှုပ်ရှားလာခြင်းဖြစ်ပြီး အင်အား ၁၀၀ ခန့်ပါဝင်ကြောင်း၊ စစ်ကောင်စီမှ အနီးတဝိုက်သို့လက်နက်ကြီးငယ် များရမ်းသမ်း ပစ်ခတ်ခဲ့၍ ဒေသခံရွာသားများ လက်ရှိအချိန်ထိ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Kachinnet Burmese က ဖော်ပြထားသည်။

Public Service Announcement
KIAနှင့် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ် မြောက်ပိုင်း၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
လားရှိုးဘက်မှ စစ်အင်အား၊ စစ်အသုံးအဆောင်များ တင်ဆောင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကား (၁၀)စီးကို KIAက ခြုံခိုတိုက်ခိုက်ခဲ့ ကြောင်း မြေပြင်သတင်းရသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ ဖော်ပြခဲ့သည်။
KIA အနေဖြင့် စက်တင်ဘာ ၇ရက်ကလည်း စစ်ကိုင်း တိုင်း ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ကို KIA က တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းဒေသခံ ကပြောသည်။
ကချင်ပြည်နယ် မိုးမောက်ဒေသ၌ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သတင်းဖော်ပြမှုများရှိရာ ဗိုလ်မှူးကြီးနော်ဘူက ထူးထူးခြားခြား စစ်ရေးလှုပ်ရှားမှုများ မရှိဟု ဆိုသည်။
“သူတို့ ပတ်ဝန်းကျင်မှာ သူတို့ ပတ်ကြည့်တာတော့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူလူထု ခုခံစစ်စတင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၇ရက်တွင် ကြေညာခဲ့ရာ ယင်းနှင့်ပတ်သက်ပြီး KIO အနေဖြင့် သဘောထား ချမှတ်ခြင်းမရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုတဲ့ ဝေါဟာရကို ကြည့်ခြင်းအားဖြင့် စစ်ရေလှုပ်ရှားမှုတွေက ကျွန်တော်တို့ KIA မရှိရင်လည်း စစ်ကောင်စီဘက်က ရှိလို့ရှိရင်တော့ တိုက်ပွဲတွေက ဖြစ်နိုင်တာပေါ့။ လွှမ်းခြုံမှုတော့ရှိတာပေါ့”ဟု ၎င်း ကဆိုသည်။
ယာယီသမ္မတ အမိန်မပေးခင်ကတည်းက ပြည်သူ့တော်လှန်ရေးကို ပြည်သူလူထုက ကြိုးစားခဲ့ရာ ယခု အခြေအနေတွင် ပိုကြိုးစားမည်ဟု ယူဆကြောင်း၊ ပြည်သူလူထု၏ လှုပ်ရှားမှုဖြစ်၍ ပိုမိုတရားဝင်ဖြစ်သွားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်နေသည့် စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည်။


















































