အကြမ်းဖက်စစ်ကောင်စီက ဟားခါးနှင့်ထန်တလန်မြို့ များကို လက်နက်ကြီးဖြင့်ပစ်ခတ်ပြီး ပြည်သူများသေ ဆုံး၊ ဒဏ်ရာရ ပျက်စီးဆုံးရှုံးခဲ့ရမှုများကို လက်တုံ့ ပြန်သည့်အနေဖြင့် မင်းတပ် CDFက မင်းတပ်မြို့ပေါ်တွင် ပြောက်ကျားတိုက်ပွဲ ဆင်နွှဲခဲ့ရာစစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ -CDF က ထုတ်ပြန်သည်။
ဟားခါးနှင့်ထန်တလန်မြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီက စက်တင်ဘာ ၁၈ရက်ညတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ယင်းလုပ်ရပ်အတွက် မင်းတပ်မြို့ပေါ်တွင် စက်တင်ဘာ ၁၉ရက်က ပြောက်ကျားစစ်ဆင်နွှဲခြင်းဖြင့် လက်တုန့်ပြန်ခြင်းဟု မင်းတပ် CDFက ယနေ့ (စက်တင်ဘာ ၂၁) တွင် သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။ ထန်တလန်မြို့တွင် စက်တင်ဘာ ၁၈ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ဦးခန့်သေဆုံးခဲ့ကြောင်း CDF ထန်တလန်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က အထိနာပြီးနောက် ထန်တလန်မြို့နှင့် ဟားခါးမြို့အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် သင်းအုပ်ဆရာတစ်ဦးကွယ်လွန်ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်။ ထိုအပြင် နေအိမ်ဆယ်နှင့်ချီ၍ မီးလောင်ပျက်စီးခဲ့သည်။စက်တင်ဘာ ၁၈ရက်တွင် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်နောက်ပိုင်း ထန်တလန်မြို့ပေါ်နေ ပြည်သူအားလုံးနီးပါးသည် မြို့ကိုစွန့်ခွာ၍ ထွက် ပြေးတိမ်းရှောင်နေရသည်။ ယင်းလုပ်ရပ်အတွက် စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းသွားမည်ဟု CDF က ထုတ်ပြန်ကြေညာထားသည်။

Public Service Announcement


















































