စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှု မီးရှို့မြို့များကြောင့် ချင်းပြည်နယ် ထန်တလန်မြို့နေ လူထု ၉၀ရာခိုင်နှုန်းခန့် မြို့ကို စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
စက်တင်ဘာ ၁၈ရက်တွင် CDFနှင့် စစ်ကောင်စီတပ်တို့ မြို့ပေါ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် ပစ်ခတ်၍ ထန်တလန်မြို့မှ နေအိမ် အဆောက် အဦး၁၉လုံး ပျက်စီးခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်၍ မီးငြှိမ်းသတ်ရန်လာရောက်သည့် သင်းအုပ်ဆရာတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည့်အပြင် ၎င်း၏ လက်ချောင်းကိုဖြတ်ကာ လက်စွပ်နှင့် ပစ္စည်းများ လုယူသွားသည်ဟု ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
“သူတို့မှာ အမိန့်ကျပြီးသားရှိတယ်။ သူတို့အတွင်းထဲကပြောတာပေါ့။ တကယ်လို့ ပစ်ခတ်မှုရှိခဲ့ရင် အရင်ဆုံးပစ်မှတ်ထားဖို့က ဘာသာရေးအဆောက်အအုံတွေပေါ့နော်။ ပြီးရင် ပစ်ခတ်မှုက နည်းနည်းအရှိန်များရင် ပြည်သူတွေနေတဲ့ဘက်ပစ်ဖို့ပေါ့။ ဘာဖြစ်လို့ အဲဒီလိုလုပ်လဲဆိုတော့ အကြောက်တရားတွေကို ပြန်လည်မွေးထုတ်ပေးဖို့ပေါ့။ နောက်တစ်ခုက CDF အပေါ်မှာ အယုံအကြည်မဲ့သွားအောင်ပေ့ါနော်” ဟု CDF ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
ထိုသို့အမိန့်ကျပြီးနောက်ပိုင်း ထန်တလန်နှင့် ဟားခါးမြို့များ၌ အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

“သူတို့က အဲဒီလို အကြမ်းဖက်လေလေ ကျွန်တော်တို့က စည်းလုံးလေလေဖြစ်လာတာပေါ့။ နာကျင်မှုများတဲ့အခါ စည်းလုံးတယ်။တစ်ဘက်မှာ ကိုယ်က မလုံခြုံဘူးလို့ ထင်လာတဲ့အခါကျရင် ဘယ်လူမျိုးမဆို ကိုယ့်ကိုယ်ကိုယ် မလုံခြုံဘူးလို့ထင်လာရင်တော့ ပြန်ပြီး ကိုယ့်ဟာနဲ့ကိုယ် ပြန်ခုခံရမယ်ဆိုတဲ့အတွေးက လူ့သဘာ၀ တစ်ခုပေါ့။ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ခုခံတာက တစ်နေ့ပြီးတစ်နေ့ အင်အားကြီးလာမယ့်ပုံရောက်တယ်”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များသည် အမုန်းတရားကို မွေးထုတ်ပေးသကဲ့သို့ ဖြစ်နေသည်ဟုလည်း ၎င်းက ဆိုသည်။

ချင်းသတင်းဌာန Chin World ၏ ဖော်ပြချက်အရ မြန်မာ – အိန္ဒိယ နယ်စပ်ရွာတစ်ခုဖြစ်သည့် ဖလမ်းမြို့နယ် Satawm ရွာသူရွာသားများသည် စစ်ဘေးရှောင်ရန် မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်နေရသည်ဟုဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကို ချင်းပြည်နယ် ဒေသအသီးသီးရှိ ဒေသခံများက ရရာလက်နက်စွဲကိုင်ခုခံတော်လှန်လျက်ရှိသည်။




















































