အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။
နယူးယောက်မှာ ပက်ဇက်ရှ်ခန်း မိန့်ခွန်းမပြောခင် တစ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက်နေ့မှာ ထရမ့်ကအရင် မိန့်ခွန်းပြောခဲ့တုန်းက အီရန်အစိုးရကို အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်ခဲ့သလို အီရန်အနေနဲ့ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ ညှိနှိုင်းမလား၊ အလုံးစုံ ဖျက်ဆီးချေမှုန်းတာမျိုးကို ခံမလား ဆိုတာမျိုး ခြိမ်းခြောက်သွားခဲ့ပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ မိန့်ခွန်းမှာတော့ ပက်ဇက်ရှ်ခန်းက အမေရိကန် သမ္မတဟာ အီရန်ကို အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်ခဲ့ကြောင်း၊ တကယ်တမ်းကျတော့ အီရန်သာ အကြမ်းဖက်သမားတွေရဲ့ သားကောင် ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ တစ်နည်းအားဖြင့် အီရန်ကို စစ်ပြုတိုက်ခိုက်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးကို ပက်ဇက်ရှ်ခန်းက အကြမ်းဖက်သမားတွေအဖြစ် တန်ပြန် စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းလုပ်ကြံတာ ခံခဲ့ရသူ အီရန် အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ ရုပ်ပုံကိုလည်း ပက်ဇက်ရှ်ခန်းက မိန့်ခွန်းပြောတဲ့ စင်မြင့်ဆီကို ယူဆောင်လာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ မီနက်ဘ်မြို့ စာသင်ကျောင်းက မိန်းကလေးငယ်တွေရဲ့ ဓာတ်ပုံကိုလည်း အီရန်သမ္မတက ပြသခဲ့ပါတယ်။

Public Service Announcement
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်ရင်း အရပ်သားတွေကို သတ်ဖြတ်နေကြောင်း ပက်ဇက်ရှ်ခန်းက မိန့်ခွန်းထဲ ထည့်ပြောနေချိန်မှာပဲ ဆန္ဒပြတဲ့ အနေနဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ UN ခန်းမဆောင်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ်တွေ ထွက်ခွာသွားချိန်မှာ ပက်ဇက်ရှ်ခန်းက အကြမ်းဖက်သမားတွေကို လေ့ကျင့်ပေးနေသူတွေက အီရန်ကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲနေကြောင်း၊ တကယ်တမ်းမှာ အီရန်ဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရုံသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူက အီရန်ပြည်သူတွေကသာ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာတွေနဲ့ တိုက်ခိုက်မှုတွေရဲ့ ပစ်မှတ် ဖြစ်နေပြီး ကြံ့ကြံ့ခံ ဆက်လက် ရပ်တည်နေကြောင်းလည်း ဆိုပါတယ်။
ထရမ့်အနေနဲ့ သူ့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေ၊ ဖိအားပေးမှုတွေ၊ အနိုင်ကျင့်မှုတွေကို တိုးပြီးလုပ်လေလေ၊ အီရန်ပြည်သူတွေရဲ့ အလျှော့မပေးဘဲ တွန်းလှန်လိုစိတ်က ပြင်းပြလာလေလေ ဆိုတာကိုတော့ နားလည်ဖို့ လိုကြောင်းလည်း ပက်ဇက်ရှ်ခန်းက ပြောကြားသွားပါတယ်။
အီရန် အစိုးရ အဖွဲ့ထဲမှာ အတော်လေး အလယ်အလတ် အမြင်မျိုး ရှိသူလို့ သတ်မှတ်ခံရတဲ့ ပက်ဇက်ရှ်ခန်းက အီရန်ဟာ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် တံခါးဖွင့်ထားဆဲ ဆိုတာကိုလည်း အသိပေးသွားပါတယ်။ အီရန်ဟာ ကမ္ဘာကြီးဆီ လက်ကမ်းထားကြောင်း၊ အဲဒီလို ဖိတ်ခေါ်တယ် ဆိုတာဟာ အီရန်က အားနည်းနေတာကြောင့် မဟုတ်ဘဲ အီရန်ရဲ့ ကိုယ်ပိုင် စွမ်းရည်ကို အပြည့်အဝ ယုံကြည်မှု၊ ဒေသတွင်းမှာ ဘယ်သူမှ တစ်နိုင်ငံတည်း လုံခြုံနေမှာ မဟုတ်ကြောင်း နားလည်မှုပေါ် အခြေခံတဲ့ ပူးပေါင်းဆောင်ရွက်ရေး လိုလားမှုတွေကြောင့်သာဖြစ်ကြောင်း ပက်ဇက်ရှ်ခန်းက ဆိုပါတယ်။
ထရမ့်ရဲ့ မိန့်ခွန်းပြောပြီး နာရီပိုင်းအကြာ စက်တင်ဘာ ၂၂ ရက်နေ့တုန်းကတော့ နယူးယောက်မှာ အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့တွေဟာ ၃ နာရီလောက်ကြာအောင် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အီရန် ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက ဦးဆောင်ခဲ့ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကိုတော့ ထရမ့်ရဲ့ အထူးအရာရှိ စတိဗ်ဝစ်ကော့ဖ်နဲ့ ထရမ့်ရဲ့သမက် ဂျရတ်ကူရှ်နာတို့က ဦးဆောင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ထရမ့်က အဲဒီဆွေးနွေးမှုဟာ အတော်လေး ကောင်းမွန်ပြီး အပြုသဘော ဆောင်ခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ သဘောတူညီမှု တစ်ခုခု ရနိုင်မယ့် အခြေအနေဆီ ပိုပြီး အရှိန်ကောင်းကောင်းနဲ့ နီးကပ်လာနေကြောင်း၊ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး အဆုံးမှာတော့ သဘောတူညီမှု တစ်ခုခု ရလာမယ်ထင်ကြောင်းလည်း ထရမ့်က သတင်းထောက်တွေကို မှတ်ချက်ပေးသွားပါတယ်။
ကိုးကား: Guardian



















































