မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အဂတိပုဒ်မ ၅၅ နဲ့ တိုင်းတရားလွှတ်တော်မှာ တရားစွဲဆိုထားတယ်လို့ သူ့ရဲ့ရှေ့နေအဖွဲ့ဆီကနေစုံစမ်းသိပါတယ်။”အဂတိပုဒ်မ ၅၅ နဲ့ ၅ မှုစွဲထားတယ်။ နောက်ရုံးချိန်းတွေမှာတော့ ဒေါက်တာဇော်မြင့်မောင်နဲ့ ရှေ့နေတွေတွေ့ဆုံခွင့်ရဖို့ရှိပါတယ်။ အဲရုံးချိန်းမှာအမှုကတော့မစစ်ဖြစ်သေးပါဘူး”ဟု ဒေါက်တာဇော်မြင့်မောင်ရဲ့အမှုလိုက်ရှေ့နေတစ်ဦးကပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံမှာဆေးကုသမှုခံယူနေစဥ် ရာထူးအာဏာကိုအသုံးပြုပြီး ထိုင်းဘတ်ငွေ ၁သိန်းကိုတစ်ကြိမ်၊၂သိန်းကိုဒုတိယအကြိမ်၊ ၃သိန်းကိုတတိယအကြိမ် ရယူခဲ့တယ်ဆိုတဲ့စွပ်စွဲချက်၊ အမေရိကန်ဒေါ်လာ သုံးသောင်းငါးထောင်ကို ၂ကြိမ်ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်၊ မောင်ဝိတ်ဆီကနေ ကျပ်ငွေ သိန်း ၆၅၀ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်၊ အောင်မြေသာစံမြို့နယ်ပါတီရုံးတည်ဆောက်ရာမှာ မြေနေရာကို စျေးတန်ဖိုးလျော့ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်၊ မြင်းခြံ NLD ပါတီရုံးမြေနေရာစျေး တန်ဖိုးလျော့ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အဂတိပုဒ်မ ၅၅ နဲ့ စုစုပေါင်းပုဒ်မ ၅ မှု တရားစွဲဆိုထားတာဖြစ်ပါတယ်။
အဲဒီအဂတိပုဒ်မနဲ့စွဲဆိုထားတဲ့အမှုတွေကို လာမယ့် အောက်တိုဘာလ ၁၅ ရက်မှာ ရုံးချိန်းပေးထားတယ်လို့သိရပါတယ်။
ဒါ့အပြင် ဒေါက်တာဇော်မြင့်မောင်ကိုစွဲချက်တင်ထားတဲ့ ပုဒ်မ ၅၀၅(ခ) ၊ သဘာ ဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပုဒ်မ ၂၅/၃၀ တို့ကိုပြင်ဆင်ချက်ခရိုင်ကိုတက်ခဲ့ရာမှာ ပယ်ချခံခဲ့ရပါတယ်။
ခရိုင်က စွဲချက်အမိန့်ပယ်ချတဲ့အပေါ် ထပ်မံပြီး တိုင်းတရားလွှတ်တော်ကို တက်ရောက်သွားမှာဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေကဆိုပါတယ်။

Public Service Announcement
စွဲချက်တင်ထားတဲ့အမှုနှစ်ခုကိုတော့ သက်ဆိုင်ရာမြို့နယ်တရားရုံးမှာဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီး အောက်တိုဘာလ ၄ ရက်မှာ ရုံးချိန်းပေးထားတယ်လို့သိရပါတယ်။
အဲဒီရုံးချိန်းမှာတော့ စွပ်စွဲခံရသူ ဒေါက်တာဇော်မြင့်မောင်ကိုစစ်ဆေးသွားမှာဖြစ်ပါတယ်။
လက်ရှိဒေါက်တာဇော်မြင့်မောင်ဟာ အမှု ၇ မှုကို မန္တလေးအကျဥ်းထောင်ကနေ ၈ လကျော်ကြာ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
