NLD ပါတီဒုဥက္ကဋ္ဌလည်းဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်ထပ်ချလိုက်ပါတယ်။
အိုးဘိုထောင်တွင်းတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ထောင်၃ နှစ် ချလိုက်တာလို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။
စစ်တပ်ဟာ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် NLD အစိုးရအဖွဲ့ အကြီးအကဲတွေကို ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီလိုစွဲဆိုခံရသူတွေထဲမှာ သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့လည်းပါဝင်ပါတယ် ။
ဒီနေ့ထောင် ၃ နှစ်ထပ်ချလိုက်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ ပုဒ်မအသီးသီးနဲ့ ထောင်ဒဏ် ၂၉ နှစ် ချထားတာရှိပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ဝေဒနာခံစားနေရသူဖြစ်ပါတယ်။
