မကွေးတိုင်း ရေစကြိုမြို့ အမှတ်(၈) အုပ်ချုပ်ရေးမှူးနေအိမ်အား အောက်တိုဘာ ၂ရက်က ဗုံးတစ်လုံးခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။
အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုရှိမရှိနှင့် ထိခိုက်ပျက်စီးမှု အခြေအနေများကိုမှု ဖော်ပြမထားပေ။
ရေစကြိုမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်သွားကြပြီး တပ်တွင်း၌ တိမ်းရှောင်နေသော အုပ်ချုပ်ရေးမှူးတစ်ချို့နှင့် မြို့ပေါ် ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး များသာ ကျန်ရှိတော့ကြောင်း၊ နုတ်ထွက်သွားသူများအား ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး မျက်နှာပြောင်တိုက် ဆက်လုပ်နေသည့် မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အပြင်း အထန် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ရေစကြို PDFက အသိပေးထားသည်။
ရေစကြို PDF အနေဖြင့် အောက်တိုဘာ ၁ရက်ကလည်း ရေစကြိုမြို့နယ် သာစည်အုပ်စုအုပ်ချုပ်ရေးမှူးအသစ် ဆန်းလင်းဆိုသူကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဆန်းလင်းသည် ယခင်အုပ်ချုပ်ရေးမှူး နုတ်ထွက်သွားချိန်တွင် မည်သူ့မှ မကြောက်အုပ်ချုပ်ရေးမှူး တာဝန်ယူမည်ဟု အသံချဲ့စက်ဖြင့် ကြေညာခဲ့သူဖြစ်သည်ဟု ဆိုသည်။
ရေစကြို PDF အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးများအားလုံး စက်တင်ဘာ ၃၀ရက် နောက်ဆုံးထား၍ နုတ်ထွက်ကြရန် သတိပေးခဲ့ပြီး အောက်တိုဘာ ၁ရက်တွင် ထပ်မံ သတိပေးခဲ့သည်။
လိုက်နာမှုမရှိပါက နောက်ထပ် သတိပေးတော့မည်မဟုတ်ဘဲ စစ်ကောင်စီကို ချေမှုန်းသကဲ့သို့ တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။