စစ်ကောင်စီတပ်များစွန့်ခွာသွားသည့် ထန်တလန်မြို့နယ်ရှိ ဝမ်တူးရွာအနီးရှိ ဝမ်တူးတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)နှင့် ချင်းပြည်ကာကွယ်ရေးတပ်(ဇိုဖေး)တို့ ပူးပေါင်းပြီး ဖျက်ဆီးခဲ့သည်။
အင်အားအနည်းငယ်သာရှိသည့် အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၃၀ရက်တွင် ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီးနောက် အောက်တိုဘာ ၂ရက်နှင့် ၃ရက်တွင် CDF(Zophei) တပ်ဖွဲ့ဝင်များနှင့် CNA မိုင်းရှင်းလင်းရေး တပ်ဖွဲ့တို့က တပ်စခန်းကို ဝင်ရောက်ရှင်းလင်း ဖျက်ဆီးခဲ့သည်။
“သူတို့မြှုပ်ထားတဲ့ ဗုံးတွေရော၊ ကတုတ်ကျင်းတွေရော အကုန်လုံးဖျက်ဆီးလိုက်ရတာဖြစ်ပါတယ်”ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အဆိုပါ တပ်စခန်း ဝန်းကျင်မှ မိုင်း ၈လုံးတွေ့ရှိသည်ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ဒုတိယပတ်ကလည် CNA/CDF ပူးပေါင်း ၍ ထန်တလန်မြို့နယ်ရှိ လုံလဲရ်ရွာရှိ စစ်ကောင်ဏီ တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း CDFက ထုတ်ပြန်ခဲ့သည်။ အဆိုပါတပ် စခန်းကိုမီးရှို့ဖျက်ဆီခဲ့သည်ဟု ဆိုသည်။

Public Service Announcement
ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင်လည်း မကွီအိမ်နူး တပ်စခန်းကို မင်းတပ် CDFက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခုခံခြင်းမပြုဘဲ လက်နက် ချခဲ့သည်။
ချင်းပြည်နယ်တွင် မြို့နယ်အသီးသီးရှိ CDFများက စစ်ကောင်စီတပ်ဖွဲ့များကို ခုခံတိုက်ခိုက်လျက်ရှိပြီး တပ်စခန်းနှင့် ရဲစခန်း ၇ခုထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။























































