ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒိုလမ်းတစ်လျှောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာ သိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmeseက သတင်းဖော်ပြသည်။
KIA တပ်မဟာ(၂)၊ တပ်ရင်း (၄၃) နယ်မြေ တနိုင်းဒေသ နန်ဖျက်နှင့် ကောင်ရာကျေးရွာကြား၌ ယနေ့ နံနက် ၈နာရီ ၄၀မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အင်အား ၇၀ခန့်ရှိသော စစ်ကောင်စီတပ်က ဒေသတွင်းသို့ စစ်ရေးလှုပ်ရှား ဝင်ရောက်လာသည့်အတွက် KIAမှ ခုခံတိုက်ခိုက်ခဲ့၍ မိနစ် ၂၀ခန့် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။
နံနက် ၁၀နာရီခွဲခန့်ကလည်း အင်အား ၁၀၀ခန့်ရှိသည့် စစ်ကောင်စီ စစ်ကြောင်းကို Hkawng Lo ချောင်းနှင့် Jam Bu တောင်ကြားနေရာ၌ KIAက ခုခံတိုက်ခိုက်ခဲ့၍ ၁၅မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့သေးသည်ဟု ဆိုသည်။
စက်တင်ဘာကစပြီး တနိုင်း လီဒိုလမ်းမတစ်လျှောက်စစ်ကောင်စီတပ်များ စစ်အင်းအား၊ ရိက္ခာ၊ စစ်အသုံးအ ဆောင်ပစ္စည်းများ ဖြည့်တင်းနေခြင်း ၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ခရီးသွားပြည်သူ များကို အသေးစိတ်ရှာဖွေစစ်ဆေးခြင်းများပြုလုပ်လျှက်ရှိသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement


















































