ရန်ကုန်မြို့တွင် လျှပ်စစ်မီတာခများအတင်းအကြပ်လိုက်လံကောက်ခံနေပြီး မီတာခမဆောင်နေသည့် နေအိမ်နှင့် တိုက်ခန်းများအား သက်ဆိုင်ရာက မီးဖြတ်တောက်နေကြောင်း ရန်ကုန်မြို့နေပြည်သူအချို့က ပြောသည်။

အောက်တိုဘာ ၂၂ ရက် နံနက်တွင် တောင်ဥက္ကလာပမြို့နယ်၌ မီတာခမဆောင်သည့် နေအိမ်နှင့်တိုက်ခန်း ၁၀၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်မီးဖြတ်တောက်သွားသည်။
“မနက်က မီတာမဆောင်တဲ့အိမ်တွေကို မီးလာဖြတ်သွားတယ်။ ကျန်တဲ့အိမ်တွေကိုလည်း နောက်နေ့ လာဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။
တောင်ဥက္ကလာပတွင် လျှပ်စစ်မီးလာဖြတ်သူများသည် လျှပ်စစ်ဝန်ထမ်းများဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ခြင်းမရှိပေ။

Public Service Announcement

ထို့အပြင် မြို့နယ်အချို့ရှိ လျှပ်စစ်မီတာရုံးများတွင်လည်း ပြီးသည့်ရက်တစ်ပတ်က ဗုံးပေါက်ကွဲမှုဆက်တိုက်ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ထိခိုက် ဒဏ်ရာရရှိမှုများရှိသည်ဟု မြို့ခံများက ပြောသည်။
လှိုင်မြို့နယ်နှင့် ကြည့်မြင့်တိုင်မြို့နယ် လျှပ်စစ်မီတာရုံးများပေါက်ကွဲမှုဖြစ်ခဲ့သည်။
အင်းစိန်မြို့နယ်တွင် လျှပ်စစ်ဝန်ထမ်းများကို မီတာခအတင်းအဓမ္မကောက်ခံနေခြင်းများကို ရပ်တန့်ဖို့ GhostRangers အဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် သတိပေးခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်သားများနှင့် လျှပ်စစ်ဝန်ထမ်းများက အင်းစိန်မြို့နယ်အတွင်း လျှပ်စစ်မီတာမဆောင်သူများကို လျှပ်စစ်မီးဖြတ်တောက်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပရေးရှင်းကလည်း လျှပ်စစ်မီတာခများကို ဘဏ်ခြောက်ခုနှင့် Digital payment လေးခုက ငွေပေးချေနိုင်ကြောင်းအောက်တိုဘာ ၂၂ရက်တွင် ထုတ်ပြန်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုဝန်ကြီး ဦးမော်ထွန်းအောင်က လျှပ်စစ်မီတာခ အတင်းအကြပ်ကောက်ခံသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
(တောင်ဥက္ကလာပမြို့နယ်၌ လျှပ်စစ်ဝန်ထမ်းများက ယနေ့နံနက်တွင် လိုက်လံ၍ မီးဖြတ်နေစဥ်၊ ဓာတ်ပုံ – CJ)


















































