ကောလင်းမြို့နယ် ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းကျေးရွာကြားယာယီရပ်နားနေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကောလင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ဦးခန့်အထိ သေဆုံးခဲ့သည်ဟု Kawlin Revolutionက ထုတ်ပြန် သည်။
ယနေ့(အောက်တိုဘာ၂၇ရက်) မွန်းလွဲ ၂နာရီခန့်က ယာယီစခန်းချနားနေသည့် စစ်အုပ်စုကို ကောလင်း ပကဖနှင့် ကောလင်း PDF တပ်ရင်း (၁) ပူးပေါင်းအဖွဲ့ဝင်များက စစ်ကြောင်းနှစ်ခုခွဲကာ တပြိုင်နက်ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
“သူရဲကောင်းတို့ဟာ သေခါနီး ရိက္ခာယူနေသော ခွေးများအား မနာကျင်စေဘဲ ဘာမှန်းမသိဘဲ အသက်ထွက်သွားအောင် ဒံပေါက်အလှူ ကျွေးခဲ့ကြောင်း သိရပါတယ်။ တစ်ချို့ကလည်း ပွဲလေးဆယ်ဟု သိရပြီး တစ်ချို့ကလည်း ပွဲခြောက်ဆယ်ဟု ခန့်မှန်းကြပါသည်။ သေချာသည်ကတော့ အနည်းဆုံးပွဲလေးဆယ်အလှူပါ”ဟု Kawlin Revolution၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် သေဆုံးသွားသော စစ်ကောင်စီတပ်သားများကို မီးရှို့သဂြိုလ်ပေးခဲ့သည်ဟုလည်း Kawlin Revolutionက ဆိုသည်။

Public Service Announcement
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေထဲမှ ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း အသိပေးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အောက်တိုဘာ ၂၇ ရက် စစ်အာဏာရှင်စနစ် ခုခံတော်လှန်စစ်ပွဲများသတင်းများစုစည်းထုတ်ပြန်ရာတွင် ကောလင်းမြို့အရှေ့ဘက်ခြမ်း ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းကျေးရွာကြားရှိ စစ်ကောင်စီတပ်သား ၂၀ ဦးနေရာယူထားသောနေရာနှင့် နောက်တွင် စစ်သား ၈၀ နားနေသော နေရာနှစ်နေရာကို ပြည်သူ့ကာကွယရေးတပ်ဖွဲ့များက အောက်တိုဘာ ၂၇ ရက် နံနက် ၂ နာရီတွင်လက်နက်ကြီးများဖြင့် တစ်ချိန်တည်းတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၄၀ ခန့်သေဆုံးနိုင်ကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ – Kawlin Revolution


















































