Connect with us

Hi, what are you looking for?

သတင်း

အင်းတော်၊ ကောလင်းနဲ့ မော်လူးမှာ စစ်တပ် စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၂၀ ထက်မနည်းရှိလာ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်၊ ကောလင်း၊ဝန်းသိုနဲ့ မော်လူးမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၀ဦးထက်မနည်းရှိနေတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေက ပြောပါတယ်။

(စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - CJ)

နိုဝင်ဘာ-၁၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်၊ ကောလင်း၊ဝန်းသိုနဲ့ မော်လူးမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ လေကြောင်း၊လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၀ဦးထက်မနည်းရှိနေတယ်လို့ ဒေသခံစစ်ဘေးရှောင်တွေက ပြောပါတယ်။

နယ်မြေချင်းဆက်ဆက်နေတဲ့ အင်းတော်၊ ကောလင်းနဲ့ မော်လူးမြို့တွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ခန့်ကစပြီး လက်ရှိ နိုဝင်ဘာလ ၁၀ရက်အထိ စစ်တပ် မြေပြင်စစ်ကြောင်းတွေရဲ့ သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

” ကောလင်းမှာ အများဆုံးပဲ။ ညောင်ပင်သာရွာမှာဆိုရင် တရွာထဲမှာတင် ကိုးယောက်လောက်သေဆုံးတယ်။ ငါးယောက်က အသတ်ခံရပြီး သုံးယောက်က လေကြောင်းနဲ့လက်နက်ကြီးထိတာ။ တစ်ယောက်ကတော့နှလုံးရပ်ပြီးဆုံးသွားတယ်။ မော်လူးနဲ့အင်းတော်ဘယ်မှာလဲအရပ်သားတွေသေဆုံးတယ်”လို့ ကောလင်းမြို့ခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်-ထီးချိုင့်လမ်းကနေတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၃ရက်မှာ ဝင်ရောက်လာတာပါ။နိုဝင်ဘာ ၄ရက် ညကကလည်း ကောလင်းမြို့နယ်မှာ ဒေသခံပြည်သူတွေ ဆေးကုသပေးနေတဲ့ ဆေးရုံကို စစ်တပ်က ဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးသေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမကြီးဖြစ်တဲ့ ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုးရှုခင်းသာနေရာမှာလည်း စစ်ဘေးရှောင်အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၂ဦးကို စစ်တပ်က သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီမတိုင်ခင်ကလည်း အင်းတော်မြို့နယ်အတွင်း အရပ်သား ၂ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အင်းတော်မြို့နယ် ပုန်းဟုန်ရွာကိုလည်း စစ်တပ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် ၁ဦး၊ အမျိုးသမီး ၁ဦးသေဆုံးတယ်လို့ ဒေသတွင်းလုံခြုံရေးနဲ့စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Indaw Revolution – IRက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၅ရက်နဲ့ ၇ရက်အတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကောလင်းမြို့နယ်ထဲကိုဝင်ရောက်လာတဲ့စစ်ကြောင်းကစစ်ဘေးရှောင် ယာဉ်တန်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

” အင်းတော်ကနေ ဝင်လာတဲ့စစ်ကြောင်းကြောင့် ကောလင်းက အရပ်သားတွေ အထိနာဆုံးဖြစ်နေတယ်။ သေဆုံးသူတွေရဲ့အမည်စာရင်းကိုပြုစုနေဆဲဖြစ်တယ်။ အတည်ပြုထားတဲ့သူတွေလည်းရှိတယ်။ ရွာတွေလည်း၁၅ရွာထက်မနည်း တိမ်းရှောင်နေကြရတယ်ဗျ”လို့ ကောလင်းမြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေက ကောလင်းမြို့နယ်ထဲကမင်္ဂလာဆောင်တစ်ခုကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားအချို့ဖမ်းဆီးခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေတဲ့ မော်လူးမြို့အနီးဝန်းကျင်ကိုလည်း စစ်ကောင်စီ ဗုံးကြဲလို့အရပ်သားတွေထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။နိုဝင်ဘာလ ၅ရက်က ဗုံးကြဲတာမှာ ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ ကလေးငယ်တစ်ဦးသေဆုံးပြီ ‌အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မော်လူးမြို့နယ်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ ဒေသတွင်းက ကသာ – ထီးချိုင့် အမှတ် (၃) ကားလမ်း၊ ကသာ – မော်လူးကားလမ်းမှာ စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာ ၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ်(၁)တပ်ရင်းက သတိပေးထားပါတယ်။ ကောလင်းကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဝန်းသိုမြို့ကိုဝင်ရောက်ခဲ့ပြီး ဝန်းသိုမြို့က စစ်ကြောင်းနဲ့ အချိန်းအပြောင်းပြုလုပ်ထားတာမို့ ဒေသခံတွေ လုံခြုံရေးဆက်လက်သတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ မော်လူးမြို့အကြားရှိ စစ်တပ်တပ်စခန်း ၃ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်နဲ့ သုံ့ပန်းအချို့ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY PDF)အထူးလှုပ်ရှားတပ်မက ထုတ်ပြန်ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

Facebook