အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့မှုကြောင့် မနက်ပိုင်းကတည်းက မီးလောင်နေသော ထန်တလန်မြို့ရှိ ဒေသခံများ၏ နေအိမ်များမှာ ညပိုင်းအထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြော သည်။
“ ငြှိမ်းမယ့်သူမရှိတော့ ဆက်လက်ပြီးတော့ လောင်နေတယ်လို့ ကြားသိရပါတယ်။ အဲဒါကိုအသေးစိတ်လေ့လာတဲ့အခါမှာ စစ်ကောင်စီက ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ရင် မြို့ပေါ်မှာ ဖြစ်စေ ဘယ်နေရာမှာ ဖြစ်စေ တိုက်ပွဲဖြစ်ရင် အဓိက ပစ်မှတ်က ဘုရားကျောင်းကန်ကိုလက် နက်ကြီးနဲ့ ချိန်ထားပြီး ဘုရားကျောင်းတွေကို အဓိက ဦးတည်တယ်လို့ စစ်ကောင်စီကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်ကောင်စီစစ်သားများထံက သတင်းရရှိတယ်”ဟု ၎င်းက ဆိုသည်။
ယနေ့(အောက်တိုဘာ၂၉)မီးလောင်မှုမှာ ထန်တလန်၌ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က မြို့၏ နေရာသုံးနေရာထက်မနည်းတွင် မီးရှို့နေခြင်းဖြစ်သည်ဟုဆိုသည်။
“ဆက်လက်ပြီးတော့ လောင်မယ်လို့တော့ ယူဆပါတယ်။ဘာလို့လည်းဆိုတော့ မြို့ပေါ်က အိမ်တွေက သိတဲ့အတိုင်း ကပ်လျက်တွေဆိုတော့ အဲဒါ လုံး၀ ဖြစ်နိုင်ချေရှိတယ်။ ခန့်မှန်းလို့ကတော့ အိမ်ခြေ ၆၀အထိ သေချာတယ်။ ဆက်လက်ပြီးတော့ လောင်နေတာတော့ရှိတယ်ဘယ်အထိဆိုတာတော့ သွားတွက်လို့မရဘူး” ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
ထန်တလန်မြို့တွင် စက်တင်ဘာလလယ်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ကြောင့် မြို့ပေါ်မှနေအိမ် ၂၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဘာသာရေးသင်းအုပ်ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင် ထန်တလန်မြို့နေပြည်သူအများစု မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သွားသည်။
ဓာတ်ပုံ – ထန်တလန် CDF


















































