—ပြည်သူများရှေ့မှ ရပ်၍ကာကွယ်ပေးသွားမည်ဟု မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော
မြောင်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်များကအင်အားအများအပြားဖြင့် လေးဘက်လေးရံ ပိတ်ဆို့ထားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM)မှ ကိုနွေဦးက လူထုနွေဦးသို့ ပြောသည်။
စစ်ကိုင်းတိုင်းရှိ မြောင်မြို့နယ်ကို အဝင်၊အထွက်ဂိတ်များထားရှိပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOMတို့က စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ဒီဇင်ဘာ ၄ရက်က အသိပေးကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်က မြောင်ဒေသကို ထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် ကြိုးပမ်းလာခြင်းလည်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်က မြောင်မြို့နယ် ၏ အနောက်ဘက်ချင်းတွင်းဖက်တွင် အင်အား ၈၀ခန့်ဖြင့် ကျေးရွာတစ် ရွာကို တပ်စွဲထားပြီးအဆင်သင့်အနေထားမျိုးရှိနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
အလားတူ ကျောက်ရစ်ရဲစခန်း၌လည်း အင်အား ၁၀၀ ခန့်သည် အသင့်အနေထားတွင် နေရာယူထားပြီး မြောင်မြို့နယ် ရဲစခန်းတွင် အင်အား ၇၀ နှင့်အတူ မြောင်မြို့ နယ်၏ အရှေ့ဖက်ဧရာဝတီမြစ်ကြောဖက်တွင် စက်လှေ နှစ်စီးဖြင့် အဆင်သင့်ဖြစ်နေပြီး လိုအပ်လျှင်လိုအပ်သလို စစ်ကူပေးနိုင်ရန် အကြမ်းဖက်စစ်ကောင်စီတပ်များရှိနေပြီဟုလည်း ကိုနွေဦးက ပြောသည်။
“အဲ့ဒီတော့ ကျွန်တော်တို့ မြို့နယ်သူ၊ မြို့နယ်သားတွေကို သိစေချင်ပါတယ်။ဘယ်လိုအခြေအနေမျိုး ဘယ်လိုအချိန်အခါမျိုးမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ဒေသခံကာကွယ်ရေအဖွဲ့တွေဟာ ကျွန်တော်တို့ မြို့နယ်သူ၊ မြို့နယ်သားတွေရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်တည်နေပါမယ်။ကျွန်တော်တို့ အသက်နှင့်ခန္ဓာရှိနေသရွေ့ ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့ ကာကွယ်သွားပါမယ်”ဟု ကိုနွေဦးက ပြောသည်။
ဆက်လက်၍ ၎င်းက “ကျွန်တော်တို့ လိုနေအပ်တာ အဓိကအနေနဲ့ ဆေးဝါးတွေလည်း မဟုတ်ပါဘူး။အစား အစာတွေလည်း မဟုတ်ပါဘူး။ အသုံးအဆောင်ပစ္စည်းတွေလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အဓိကလိုအပ်နေတဲ့အချက်ကတော့ လက်နက်ပါပဲ။လက်နက်၊ ကျည်၊ ခဲယမ်းတွေ အဓိကလိုအပ်ပါတယ်။အဲတာတွေရှိမှလည်း ကျွန်တော်တို့ စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်နိုင်ပါမယ်။ဒုတိယအနေနဲ့ ကျွန်တော်တို့ ငွေကြေးလိုအပ်ပါတယ်။ငွေကြေးရှိတယ်ဆိုလို့ရှိရင် ကျွန်တော်တို့လိုအပ်တဲ့ လက်နက်၊ ခဲယမ်းတွေကို ကျွန်တော်တို့ ဝယ်ယူနိုင်ပါမယ်”ဟု တောင်းဆိုသည်။
မြောင်မြို့နယ်၌ CDSOM ကို ဧပြီကစတင်ဖွဲ့စည်းခဲ့ပြီးနောက် ဒီဇင်ဘာအထိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲအရေအတွက် ၁၄ကြိမ်ရှိခဲ့သည်။
ထို့အပြင် မဟာမိတ်တွေပူပေါင်းစစ်ဆင်ရေးအနေဖြင့် ၁၅ ကြိမ် ရှိခဲ့ရာ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ သေဆုံးသူ ၁၈၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ ၅၀ကျော် ရှိခဲ့သည်ဟု CDSOM က ဆိုသည်။
မြောင်မြို့နယ်ရှိ ဒေသခံကာကွယ်ရေးတပ်များမှ ကျဆုံးသူ ရှစ်ဦးနှင့်အတူ ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိခဲ့ကြောင်းလည်း သိရသည်။
မြောင်မြို့သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင်တည်ရှိပြီး မြင်းမူမြို့၏ အနောက်တောင်ဖက် (၁၄)မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ဆုံရာ ဧရာဝတီမြစ်၏ ညာဘက်ဖက်ကမ်းပေါ်၌ တည်ရှိသည်။


















































