အသံတိတ်သပိတ်ဆင်နွှဲပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည့် တစ်နိုင်ငံလုံးမှ ပြည်သူများကိို ကျေးဇူးတင်ရှိပြီး တော်လှန်ရေးအတွက် ပိုမိုယုံကြည်မှုခိုင်မာစေခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်သီ၏ ဖိနှိပ်မှုများကြားမှ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ကို အခြေခံလူတန်းစားများစွာ ပါဝင်ခြင်းအတွက်လည်း အံ့သြရသည်ဟု ၎င်းတို့က ဆိုသည်။
“ကျွန်တော်တို့လည်း ပြည်သူထဲက ပြည်သူပါပဲ။ဒါပေမယ့် တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ တအားကို တော်တော်လေးကို ပြည်သူတွေညီညွတ်တာ၊ အာဏာရှင်ကို မကျေနပ်တာ၊အာဏာရှင်အုပ်ချုပ်မှုကို ဘယ်လိုမှမလိုလားတာ တအားသိသာလွန်းတယ်။ ၁၀၀ ရာခိုင်နှုန်း ကျွန်တော်တို့နိုင်မယ်။အောင်ပွဲက နီးနေပြီ။ ဘာကြောင့်လဲဆိုတော့ ဒီလောက်ရှည်ကြာနေတဲ့ လူမှုရေး၊စီးပွားရေး ၊ကျန်းမာရေးစတဲ့ ဘေးဒုက္ခတွေကို တောင့်ခံပြီးတော့ ရနိုင်သလောက်ကို တွန်းလှန်နေတာလေ”ဟု မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်သူ ဗိုလ်သံလုံးက ပြောသည်။
ထို့အတူ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကလည်း “စစ်ကောင်စီကို ဆန့်ကျင်ဖို့ တစ်ညီတစ်ညွတ်ထဲလုပ်တယ်ဆိုတာ ပြသခဲ့ကြတာပေါ့။လုံးဝ အုပ်ချုပ်လို့ မရသေးဘူး။သေနတ်ပြ ခြိမ်း ခြောက်နိုင်တဲ့ ပါဝါပဲရှိတယ်ဆိုတာ မျက်မြင်တွေ့ရတယ်။အားတက်စရာပါပဲ”ဟု ပြောသည်။

Public Service Announcement
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို အောင်နိုင်ရန်အတွက်လည်း ယခုထက်ပိုမို၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးရန်လည်း ၎င်းက တိုက်တွန်းသည်။
“လူထုသပိတ် အပြည့်အဝအောင်မြင်ပါတယ်။ လက်နက်မဲ့ လူထုတော်လှန်ရေးကြီးမှာပါဝင်သူတစ်ဦးစီတိုင်းကိုလေးစားစွာဖြင့်ဦးညွတ်ရပါတယ်”ဟု ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ၏ သဘော ထားနှင့် ယုံကြည်ချက်ကို မျက်ကွယ်ပြုထားသော်လည်း ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် သပိတ်သည် ၎င်းတို့အတွက် တုန်လှုပ်ဖွယ်ရာ အရေးဖြစ်လာမည်ဟု ယုံကြည်ကြောင်း ကရင်နီတပ်မတော်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
“တော်လှန်ရေးအတွက် ပြည်သူတွေရဲ့ စိတ်သဘောထားကို တိုင်းတာလို့ရတဲ့ ပကတိအခြေအနေပဲ။ဒါဟာ အကြမ်းဖက် စစ်ကောင်စီကို အောင်နိုင်နေတဲ့ ရလဒ်တစ်ခုပဲ”ဟု ၎င်းက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၀ ရက်)ကပြုလုပ်သည့် အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ပြီး ဆိုင်ပိတ်ခဲ့သော စျေးများအား ယနေ့(ဒီဇင်ဘာ ၁၁)ဆိုင်ပြန်ဖွင့်ချိန်တွင် စစ်ကောင် စီတပ်များက စျေးသည်များအား ရိုက်နှက်ခြိမ်းခြောက်ကာ စျေးမရောင်းဘဲ ခိုင်းပြန်လွှတ်နေမှုများလည်း ရှိနေသည်။


















































