Connect with us

Hi, what are you looking for?

News

Silent Strikeအကြောင်း နိုင်ငံတကာ မီဒီယာတွေ အလေးထား ဖော်ပြ

Silent Strike မတိုင်ခင် ကတည်းက အဲဒီနေ့မှာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် သောင်းကျန်းနိုင်တာကို စိုးရိမ်တဲ့အတွက် အမေရိကန် သံရုံးကလည်း သံရုံးဝန်ထမ်းတွေကို အပြင်မထွက်ကြဖို့ အကြံပြုထားခဲ့ပါသေးတယ်။

စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ အသံတိတ်သပိတ် (Silent Strike)အကြောင်းကို နိုင်ငံတကာ မီဒီယာတွေမှာ အလေးထား ဖော်ပြခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ သတ်မှတ်ကြေညာထားတဲ့ Silent Strikeကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့လို မြို့ကြီးတွေ အပါအဝင် နိုင်ငံအနှံ့မှာ ပြည်သူတွေက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး စစ်တပ် ကြီးစိုးမှုအပေါ် ဘယ်လောက် နာကျည်း မုန်းတီးနေသလဲ ဆိုတာကို ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။

စျေးတွေ၊ ဆိုင်ခန်းတွေ၊ ပုဂ္ဂလိက ရုံးတွေပါ အဲဒီနေ့မှာ ပိတ်ခဲ့ကြတာကို စစ်တပ်က အတင်း အဓမ္မ ပြန်ဖွင့်ဖို့ ခိုင်းစေတာမျိုး ရှိခဲ့ပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ပြန့်ခဲ့တဲ့ Silent Strikeရဲ့ ပုံရိပ်ကိုတော့ ဘယ်လိုမှ မဖျက်ဆီးနိုင်ခဲ့ပါဘူး။ စစ်တပ် လက်ပါးစေ မီဒီယာတွေကတော့ NUG အစိုးရ အဖွဲ့ရဲ့ လက်နက်အားကိုး ခြိမ်းခြောက်မှုကြောင့် ပြည်သူတွေရဲ့ ဆန္ဒ အမှန်နဲ့ မဟုတ်ဘဲ Silent Strikeမှာ ပါဝင်ခဲ့ရပါတယ်လို့ ဖော်ပြနေကြတာ တွေ့ရပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း ဒုတိယအကြိမ် ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ် Silent Strikeရဲ့ အောင်မြင်မှုဟာ နိုင်ငံတကာ အာရုံကိုလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဂျနီဗာ ရုံးခွဲက နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ မြန်မာ ပြည်သူတွေဟာ အာဏာသိမ်းမှုကို ရဲစွမ်းသတ္တိရှိရှိ၊ ခံနိုင်ရည် ကောင်းကောင်းနဲ့ ဆန့်ကျင်နေဆဲ ဆိုတာကို အသံတိတ် သပိတ် ဆင်နွှဲပြီး ပြသသွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

AFP၊ AP၊ Reuters အစရှိတဲ့ နိုင်ငံတကာ မီဒီယာကြီးတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး အထင်ကရ လှုပ်ရှားမှုတစ်ခု ဖြစ်လာတဲ့ Silent Strikeအကြောင်းကို ခေါင်းစဉ် အမျိုးမျိုးနဲ့ ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ပြည်သူတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေး စိတ်ဓာတ်ကို ပြသခဲ့တာကြောင့် လမ်းတွေအားလုံး လူသူကင်းမဲ့ တိတ်ဆိတ်သွားတဲ့ ပုံရိပ်တွေကို မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ သတင်းခေါင်းစဉ် တစ်ခုမှာတော့ လူသန်းနဲ့ချီပြီး ထူထပ်များပြားတဲ့ မြို့ကြီးတွေ အသံတိတ် သပိတ်မှောက်တဲ့အခါလို့ ရေးသားထားပြီး တိတ်ဆိတ်နေတဲ့ လမ်းမကြီးတွေပုံကို ဖော်ပြထားတာ တွေ့ရပါတယ်။

Silent Strike မတိုင်ခင် ကတည်းက အဲဒီနေ့မှာ စစ်တပ်နဲ့ ရဲတွေက အကြမ်းဖက် သောင်းကျန်းနိုင်တာကို စိုးရိမ်တဲ့အတွက် အမေရိကန် သံရုံးကလည်း သံရုံးဝန်ထမ်းတွေကို အပြင်မထွက်ကြဖို့ အကြံပြုထားခဲ့ပါသေးတယ်။

Silent Strike ပြီးဆုံးတဲ့ ညနေ ၄ နာရီမှာတော့ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လက်ခုပ်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး ပုံမှန် ပြန်လည် စည်ကား သက်ဝင်လာတဲ့ မြို့ပြ မြင်ကွင်းတွေကို တွေ့ရပါတယ်။ ဒါပေမဲ့ တစ်နေကုန် လမ်းပေါ်မှာ ယောင်ချာချာနဲ့ အကြီးအကျယ် အရှက်ကွဲထားတဲ့ စစ်သားနဲ့ ရဲတွေက Silent Strikeမှာ ပါဝင်ခဲ့တဲ့ လမ်းဘေး စျေးသည်တွေကို လက်နက်အားကိုးပြီး ပြဿနာ ရှာခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၁ ရက်ထိ ရန်ကုန်မှာ စစ်ကားတွေနဲ့ ပတ်ပြီး လမ်းဘေး စျေးသည်တွေ ဆိုင်မဖွင့်နိုင်အောင် ဖိအား လိုက်ပေးနေသလို တချို့မြို့ရွာတွေမှာ ကိုဗစ်ရောဂါ တားဆီးရေး အကြောင်းပြချက်နဲ့ စျေးတွေ ပိတ်ခိုင်းတာမျိုး ရှိနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်တပ်က ဆန္ဒပြသူတွေကို ကားနဲ့ ဝင်တိုက်တာ၊ အရပ်သား ပြည်သူတွေကို မီးရှို့ သတ်ဖြတ်တာလိုမျိုး ရက်စက်တဲ့ အပြုအမူတွေက ပြည်သူတွေရဲ့ နာကျည်းစိတ်ကို မီးစာမြှင့်ပေးခဲ့ပြီး Silent Strike ပိုမို အောင်မြင်ဖို့ တွန်းအား ဖြစ်စေခဲ့တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အတွေးအမြင်

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

နိုင်ငံတကာ

ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချထုတ်ပယ်ရဖွယ် ရှိနေကြောင်း ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCက အတည်ပြုခဲ့ပါတယ်။