ဇူလိုင် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။
မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုက ဗမာတပြည်လုံး နေရာအနှံ့အပြားမှာနေ့စဉ်နဲ့အမျှဗုံးကြဲတိုက်ခိုက်ကာ မြန်မာပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် အခုလို ပန်ကြားချက် ထုတ်ပြန်ခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ သူတို့အထိနာတဲ့ စစ်မျက်နှာတိုင်းမှာ အငြိုးအတေးနဲ့ လူထုကို ပစ်မှတ်ထားပြီး ဖြတ်တောက်ပိတ်ဆို့တာ၊ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်တာ၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့တာတွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
” မင်းအောင်လှိုင်စစ်အုပ်စု၏ ဤရွံရှာစက်ဆုပ်ဖွယ် လုပ်ရပ်ဆိုးကို လူသား၊ လူ့အသက်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ပေးလိုသော နိုင်ငံတကာမှ ပြည်သူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဗမာပြည် လူထုလူတန်းစားအသီးသီးနှင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ပြည်သူများ၊ တရားမျှတမှုကို လိုလားသော အဖွဲ့အစည်းအသီးသီးတို့က ဝိုင်းဝန်း၍ နည်းမျိုးစုံဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသွားကြရန် ပြည်သူလူထု အကျိုးစီးပွါးအတွက် ဤမေတ္တာရပ်ခံ ပန်ကြားလွှာကို ထုတ်ပြန်လိုက်ပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မင်းအောင်လှိုင်စစ်အုပ်စုရဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာများ၊ ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကျောင်းသားကျောင်းသူများ နဲ့ ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများ သေဆုံးနေကြရကြောင်း ဖော်ပြပြီး မင်းအောင်လှိုင်စစ်အုပ်စုရဲ့ စစ်ဆင်ရေးတွေဟာ တိုက်ပွဲတိုက်ရုံသက်သက် မဟုတ်တော့ဘဲ လူသား၊ လူ့ဂုဏ်သိက္ခာ၊ လူ့အသက်များကို အညွန့်တုံးအောင် နင်းချေသတ်ဖြတ် ချေမှုန်းနေတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
အခု ထုတ်ပြန်ချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီ ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ၁၉၇၄/၇၅/၇၆ နိုင်ငံရေးအင်အားစု(အဝေးရောက်)၊ လူ့ဘောင်သစ်လူငယ် – YNS ၊အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ရက် – DRPDN၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ၊ တာမွေမြို့နယ်သပိတ်ကော်မတီ၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ မင်္ဂလာတောင်ညွန့်မြို့နယ်လုံးဆိုင်ရာအထွေထွေသပိတ်ကော်မတီ ၊ All Kachin Students’ Federation၊ အညာ့မှတ်ဉာဏ်နဲ့ လီဆူလူငယ်အစည်းအရုံးတို့ ပူးပေါင်းထုတ်ပြန်ထားတာပါ။
ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ရဲ့ ဇူလိုင် ၂၂ရက် ထုတ်ပြန်ချက်မှာလည်း မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်းအသိပေးထားပါတယ်။ ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို တရားဝင်မှု ဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့လည်း KHRGက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
ဇူလိုင် ၁၃ရက်က ထုတ်ပြန်ခဲ့တဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ အစီရင်ခံစာမှာလည်း နိုင်ငံတကာရဲ့ ပျက်ကွက်မှုကြောင့် စစ်တပ်က လူသားမဆန် ရက်စက်တဲ့ လုပ်ရပ်တွေ ပြည်သူအပေါ် ကျူးလွန်ဖို့ ပိုရဲတင်းလာစေခဲ့ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်ကောင်စီထံ ရောက်ရှိနေတဲ့ လေယာဉ်ဆီနဲ့ လက်နက်၊ ငွေကြေး အရင်းအမြစ်များကို ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာဟာ ကြားနေဆုံး ဖြတ်ချက်တစ်ခု မဟုတ်ဘဲ စစ်တပ်က အရပ်သားများကို ဆက်လက်ဗုံးကြဲ သတ်ဖြတ်ဖို့ တက်ကြွစွာ ခွင့်ပြုပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပင် ဖြစ်ကြောင်းလည်း KHRW က ထုတ်ပြန်ခဲ့ပါတယ်။

















































