Connect with us

Hi, what are you looking for?

News

ICJ ၌ နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ခံပေးရန် NUGတောင်းဆို

NUG ၏ အထက်ပါသဘောထားမှုကြောင့် တရားရုံးသည် လာမည့်ကြားနာစစ်ဆေးမှုကို ဖျက်သိမ်းပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသော စစ်တပ်အား တဖက်သတ်အသိအမှတ် ပြုရာရောက်မည်မဟုတ်ပေ။

ဓာတ်ပုံ - ICJ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်းကို နိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ် လက်ခံပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့(ဖေဖော်ဝါရီ ၁ ရက်) ထုတ်ပြန်တောင်းဆိုသည်။

မြန်မာနိုင်ငံ၏ တရားရုံးဆိုင်ရာ ကိုယ်စားလှယ်(agent) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်ခွဲကိုယ်စားလှယ်(alternate agent)တို့ကို စစ်တပ်က တရားဥပဒေနှင့် မညီဘဲ ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာကိုယ်စားပြုဆောင်ရွက်နိုင်သည့်ကိုယ်စားလှယ်(acting alternate agent)ဖြစ်ကြောင်း ICJကို NUG က အသိပေးထားသည်ဟု ဆိုသည်။

ထို့အပြင် NUG သည် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှတဆင့် မြန်မာနိုင်ငံအနေဖြင့် ကနဦးကန့်ကွက်ချက် (preliminary objection)အား ပြန်လည်ရုတ်သိမ်းပြီး တရားရုံး၏ တရားစီရင်မှု အခွင့်အာဏာကို လက်ခံကြောင်း တရားရုံးသို့ အကြောင်းပြန်ခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်သည်။

အဆိုပါ ကန့်ကွက်ချက်များသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များသာဖြစ်ပြီး အမှု၏ အကြောင်းအရာနှင့် သက်ဆိုင်မှုရှိသည်ဟု မဆိုနိုင်ကြောင်း NUG က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

NUG ၏ အထက်ပါသဘောထားမှုကြောင့် တရားရုံးသည် လာမည့်ကြားနာစစ်ဆေးမှုကို ဖျက်သိမ်းပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်နေသော စစ်တပ်အား တဖက်သတ်အသိအမှတ် ပြုရာရောက်မည်မဟုတ်ပေ။

ICJ အနေဖြင့် အကြမ်းဖက်စစ်တပ်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် လက်ခံမည်ဆိုပါက ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ရပ်တည်ချက်သဘောထားများနှင့် ညီညွတ်မှုမရှိဘဲ အန္တရာယ်ရှိသော အစဉ်အလာ တစ်ရပ်ကို ချမှတ်ပေးသကဲ့သို့ ဖြစ်နိုင်ကြောင်း NUG က ထောက်ပြ သည်။

ဗျူရိုကရေစီယန္တရား၏ မဖြစ်သင့်သော လွဲမှားဆောင်ရွက်မှုကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးသည် စစ်တပ်ကထိန်းချုပ်ထားသော တရားမဝင်သည့် ဘရပ်ဆယ်လ်မြို့ရှိ သံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟုလည်း NUG က ဆိုသည်။

ယင်းသို့ပြုမှုဆောင်ရွက်ခြင်းကြောင့် နိုင်ငံတကာရာဇဝတ်မှု ဆိုင်ရာ တာဝန်ခံမှုအတွက် ကြိုးပမ်းအားထုတ်မှုများကိုလည်း နှောင့်နှေးကြန့်ကြာစေမည်ကို စိုးရိမ်မိပြီး ထိုသို့ဖြစ်လာမည်ဆိုပါက မြန်မာပြည်သူအားလုံးနှင့် လက်ရှိ တရားစီရင်မှုနှင့် သက်ဆိုင်သူအားလုံး၏ အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ကြောင်း NUG က သတိပေးသည်။

ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တားမြစ်ချက်များကို ချိုးဖောက်သည်ဆိုကာတရားစွဲဆိုထားသော အမှုနှင့်ပတ်သက်၍ လာမည့်​ ဖေဖော်ဝါရီ ၂၁ မှ ၂၈ အထိ နှုတ်ဖြင့် ဒုတိယအကြိမ်ကြားနာမှုများ ပြုလုပ်မည်ဟု ICJ က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားသည်။

သတင်း

မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားကို ဗဟိုမပြုသော မည်သည့်ဖြေရှင်းနည်းလမ်းမဆို အကောင်းဆုံးအဖြစ် ခဏတာကုစားမှုကိုသာရရှိနိုင်ပြီး အဆိုးဆုံးအဖြစ် ရေရှည်ကျရှုံးမှုဆီ ဦးတည်သွားနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက သတိပေးပြောကြားသည်။

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။