CDM ဝန်ထမ်းများကို ဖိနှိပ်မှုများပြုလုပ်နေသော ကမ်းနားလမ်းရှိ AYA ဘဏ်ကို သတိပေးသည့် အနေဖြင့် ဗုံးဖောက်ရန် စီစဥ်ခဲ့သော်လည်း ပြည်သူများ၏ လုံခြုံရေးကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (B.F.R.A.F) အဖွဲ့ကသတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီခန့်တွင် အလုံမြို့နယ် ကမ်းနားလမ်းရှိ AYA ဘဏ်ကို ပေါက်ကွဲအား ပြင်းထန်သော ဗုံးထောင်၍ ဖောက်ခွဲရန် စီစဥ်ခဲ့သော်လည်း လူသွားလူလာ မပျက်သောကြောင့် မလုပ်ဆောင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါဘဏ်သည် CDM ပြုလုပ်နေသော ဝန်ထမ်းများ၏ ချေးငွေကိစ္စနှင့်ပတ်သက်၍ အတိုးနှုန်းများမြှင့်ခြင်း ၊ နောက်ကျကြေးများထည့်သွင်းခြင်း စသည့် နည်းအမျိုးမျိုးဖြင့် ဖိအားပေးလုပ်ဆောင်နေကြောင်း B.F.R.A.F ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းလုပ်ဆောင်ချက်များသည် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကို ထောက်ခံသည့်ပုံစံဖြစ်နေသောကြောင့် ၎င်းတို့သတိပေးသည့်ကြားမှ ဆက်လက်လုပ်ဆောင်နေပါက AYA ဘဏ်မှ တာဝန်ရှိသူများကို နာမည်ပျက်စာရင်းသွင်း၍ ၎င်းတို့ဘက်ကလည်း လူပ်ဆောင်စရာရှိသည်များကို ဆက်လုပ်မည်ဟု B.F.R.A.F ကသတိပေးသည်။
B.F.R.A.F အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်ကလည်း သာကေတမြို့အတွင်း၌ လမ်းဖွင့်ပွဲလာလုပ်သည့် စစ်ကောင်စီခန့် ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့ကို ဗုံးဖောက်၍တိုက်ခိုက် ရန်စီစဥ်ခဲ့သော်လည်း ပြည်သူများ၏ လုံခြုံရေးအရ နောက်ဆုတ်ပေးခဲ့ရသည်။

Public Service Announcement
