Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းမှာ စစ်မှန်သည့် ပြည်ထောင်စုတည်ဆောက်ရန် အခွင့် အလမ်းကောင်းဟု KIOပြော

စစ်အာဏာရှင်အစိုးရ အဆက်ဆက် ဖက်ဒရယ်မူကို ခွဲထွက်ရေး ဖြစ်သည်၊ နိုင်ငံပြိုကွဲစေသည့် မူဖြစ်သည် ဆိုပြီး နိုင်ငံရေးအာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ အကာအကွယ်ယူခဲ့ကြကြောင်း ၎င်းက ဆိုသည်။

▪️ပင်လုံကတိကဝတ်ဖော်ဆောင်နိုင်ရေး NUGကဦးဆောင်ရမည်ဖြစ်ပြီး တိုင်းရင်းသားများပူးပေါင်းရန်အရေးကြီးဟုဆို

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် မြန်မာ့တပ်မတော်၏ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ထွန်းလာသည့် နိုင်ငံရေးအခင်းအကျင်းသည် သမိုင်းတစ်ပတ်လည်ကာ စစ်မှန်သည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူနိုင်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၂ရက်) ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပရာ KIA စစ်ဦးစီးချုပ်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီ ကိုယ်စား မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“တောင်တန်းဒေသနဲ့ တိုင်းရင်းသားလူမျိုးများသာ မက မြေပြန့်နေ လူဦးရေ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသား လူမျိုးများကလည်း အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေး ကြိုးပမ်းဆောင်ရွက်နေတာကို မြင်တွေ့ရ ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးမျှော်မှန်းနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် လမ်းပွင့်နေပြီလို့ ယုံကြည်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်အစိုးရ အဆက်ဆက် ဖက်ဒရယ်မူကို ခွဲထွက်ရေး ဖြစ်သည်၊ နိုင်ငံပြိုကွဲစေသည့် မူဖြစ်သည် ဆိုပြီး နိုင်ငံရေးအာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ အကာအကွယ်ယူခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“အခုအချိန်မှာ NUG အစိုးရနဲ့ NUCCက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း အတိ အလင်း ကြေညာခဲ့ပြီး ဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံချက် ရှိနေပြီဖြစ်သလို နိုင်ငံရေးဆွေးနွေးပွဲအတွက်လည်း လမ်းပွင့်သွားပြီလို့ မှတ်ယူနိုင်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။

အစိုးရအဆက်ဆက်သည် ပင်လုံစာချုပ် ပင်လုံကတိက ဝတ်၏ အနှစ်သာရကို ဖုန်းကွယ်ထားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေးဆိုသည့် ဦးတည်ချက်နှင့် အယောင်အဆောင် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း၊ တောင်တန်းနှင့်တိုင်းရင်းသားများကို ကိုလိုနီကျွန်အဖြစ် သတ်မှတ်ပြုမူ ခြင်းလည်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောသည်။

“ဒါပေမဲ့ ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရ ဦးစီးကျင်းပတဲ့ အခမ်းအနားမှာတော့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရများဖြစ်တဲ့ ဒီမိုကရေစီရေး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များကို ရှင်သန်ရေးမူများကို ရည်သန်ပြီး ကျင်းပပြုလုပ်တဲ့အတွက် ဒီကနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ကိုက်ညီနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပင်လုံစာချုပ်ရဲ့အနှစ်သာရကိုသာမက ပြည်ထောင်စု အဖြစ် ပေါင်းစည်းကြရန် ခေါင်းဆောင်များအကြား အပြန်အလှန် ကတိကဝတ် ပြုခဲ့ကြတဲ့ ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့အကောင်အထည် ဖော်ဆောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့အမှန်တကယ် ဖော်ဆောင်သွားနိုင်ရန်အတွက်လည်း အမျိုးသားညီညွတ်ရေးအစိုးရက ဦးဆောင်ဦးရွက်ပြု တာဝန်ယူရမည်ဖြစ်သည်ဟု ပြောသည်။

“တောင်တန်းဒေသနဲ့ တိုင်းရင်းသားအင်အားစုများကလည်း ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်” ဟု KIA စစ်ဦးစီးချုပ်က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မျန်းချက်ပန်းတိုင် ချမှတ်ထားကာ ကြိုးပမ်းနေကြသည့် အစုအဖွဲ့များ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထပ်လောင်း အသိပေးသည်။

“အမှန်တကယ်လည်း ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ဆောင် ရွက်ရပါမယ်။ တူညီတဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ တော်လှန်ရေး အောင်မြင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားညီညွတ် ရေးအစိုးရ အနေဖြင့် နိုင်ငံရေးရည်မှန်းချက်တူညီတဲ့ တော်လှန်ရေးအင်အားစုများ ပူးပေါင်းလာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်ထားရှိဖို့လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။

အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ကာလကြာရှည်နေပြီးဖြစ်သည့် ပြည်တွင်းစစ်ကို ချုပ်ငြိမ်းသွားစေမည့်နိုင်ငံရေးဖြေရှင်းရေးကို ဖော်ဆောင်ကြရန် အရေးတကြီး လိုအပ်နေကြောင်းလည်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံကို မတူကွဲပြားတဲ့အစုအဖွဲ့များ နယ်မြေများဖြင့် စုစည်းပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ဖက်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ရာမှာ ပြည်ထောင်စုမှာ ပါဝင်ကြတဲ့ ဖက်ဒရယ်ယူနစ်များရဲ့ အခွင့်အရေးကို သတ်သတ်မှတ်မှတ်ပြဌာန်းပေးဖို့ လိုအပ်မှာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။

ယခုအချိန်တွင် လူမျိုးပျောက်ကွယ်သွားရန် နည်းလမ်းပေါင်းစုံဖြင့် အာဏာရှင်အစိုးရအဆက်ဆက်၏ ဖိနှိပ်ခြင်း ခံခဲ့ရသည့် လူနည်းစု တိုင်းရင်းသားများအတွက် နိုင်ငံရေးအာမခံချက်ရှိပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးအတွက် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်ကိုက် ဖြစ်နေပြီဟု KIA စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။