၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ထန်တလန်နှင့်မင်းတပ်မြို့နယ်အတွင်းရှိ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF)ထိန်းချုပ်နယ်မြေများတွင် ကျင်းပခဲ့ကြောင်း အဆိုပါမြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။
ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်)တွင်ကျရောက်သော ၇၄နှစ်မြောက် ချင်းအမျိုးသားနေ့ကို အကြမ်းဖက်စစ်ကောင်စီဦးစီးကျင်းပမူလက်မခံဘဲ ချင်းဒေသခံကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့်နေရာများတွင် လူထုကကျင်းပခဲ့ခြင်းဖြစ်သည်။

“ဘိုးဘေးများထံမှ သမိုင်းအမွေကိုဆက်ခံပြီး ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်ကာ အာဏာရှင်စနစ်ကို အမြစ်ဖြတ်၍ ဖက်ဒရယ်နိုင်ငံ ထူထောင်ကြပါစို့။” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်ရှိဒေသ ၉ ခုအနက်ထန်တလန်မြို့မှအပ ကျန်မြို့နယ် ၈ ခုတွင်ချင်းအမျိုးသားနေ့ကို ဦးစီးကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထန်တလန်မြို့သည် အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားခြင်းကြောင့်ဖြစ်သည်။

Public Service Announcement

ဒေသခံကာကွယ်ရေးတပ်များကလည်း စစ်ကောင်စီဘက်မှ ဦးစီးကျင်းပသည့် ချင်းအမျိုးသားနေ့ကို ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် တိုက်တွန်းထားသည်။ထိုနောက် ချင်းဒေသကာကွယ်ရေးတပ်များ ၊ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)တို့က ၎င်းတို့ထိန်းချုပ်ထားရာဒေသများတွင် ကိုယ်ပိုင်အစီအစဥ်ဖြင့်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ချင်းအမျိုးသားနေ့ကို အမျိုးသားညီညွတ်ရေအစိုးရ(NUG) သဝဏ်လွှာပေးပို့ခဲ့ပြီး ချင်းလူမျိုးများသည် ခေတ်အဆက်ဆက် ပြည်ထောင်စုအရေးတွက် ကျရာကဏ္ဍတွင်တာဝန်ကျေခဲ့သူများဖြစ်သည်ဟုဖော်ပြထားသည်။ ထိုအပြင် အာဏာရှင်အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ချင်းပြည်လွတ်လပ်ရေးအတွက် ချင်းလူမျိုးထုကို လေးစားဂုဏ်ပြုကြောင်းလဲဆိုထားသည်။

ထိုအပြင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်တွင်ပြဌာန်းပြီးဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန် CRPH ၊ NUG ၊ NUCC၊ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားနေ့တွင်ထုတ်ပြန်သည်။
ချင်းအမျိုးသားနေ့ကို CDFထိန်းချုပ်နယ်မြေတွင်ကျင်းပရာ၌ KNU၊ ABSDF ၊ PPST ၊ KNDF၊ ပအို့ဝ်အမျိုးသားဖက်ဒရယ်ကောင်စီစသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊အဖွဲ့အစည်းများးက သဝဏ်လွှာများအသီးသီပေးပို့ခဲ့သည်။


















































