ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲတွင်မဲရုံဗုံးခွဲခဲ့သဖြင့်ထောင်ကျပြီး ပြန်လွတ်လာသောပျူစောထီးနှင့် နယ်ထိန်းရဲတစ်ဦးတို့ကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)က ယနေ့ သုတ်သင် ရှင်းလင်းခဲ့ကြောင်းထုတ်ပြန်သည်။

သဘော့ဆိပ်ရွာပျူစောထီးခေါင်းဆောင် ဦးလေးလေး၏ တပည့်ဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲတွင် ပြင်ကြီးရွာမဲရုံ အမှတ် (၄)ကို ဗုံးခွဲမူကြောင့် ဖမ်းဆီးခံခဲ့ရသော်လည်း စစ်အုပ်စုကအာဏာသိမ်းပြီးနောက် ပြန်လည်လွတ်မြောက်လာကာပျူစောထီးလုပ်နေသော နေမင်းထွန်း(ခ) ကပ္ပလီကို လောင်းလုံဒေသခံကာကွယ်ရေးတပ်က ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲ၁၂ နာရီခွဲခန့်က သဘော့ဆိပ်ရွာဘုန်းကြီးကျောင်းအနီး၌ ရှင်းလင်းသုတ်သင်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
နေမင်းထွန်းသည် မဘသ အဖွဲ့ဝင် ၊ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက အသွင်ပြောင်းဖွဲ့စည်းပေးထားသောပျူစောထီးတစ်ဦးလည်းဖြစ်သည်။ နေမင်းထွန်းအသတ်ခံရပြီးနောက် ၎င်း၏ အလောင်းကို ထားဝယ်တပ်နယ် ဆေးရုံကို သယ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။


ထိုအပြင် ယနေ့ ညနေ ၅နာရီခွဲခန့်တွင် လောင်းလုံးမြို့နယ်၊မောင်းမကန်ရဲစခန်းနယ်ထိန်းတစ်ဦးကိုလည်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DGRF)နှင့် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့က ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့သည်ဟုလည်းထုတ်ပြန်ထားသည်။
နယ်ထိန်း စိုးနိုင်ဦး ဆိုသူကို မောင်းမကန်တောင်ဆင်း ရှုခင်းသာလမ်းကွေ့ တွင်သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်းဖော်ပြထားသည်။
သုတ်သင်ပြီးနောက်လက်ထိပ်၊တံဆိပ်တုံး၊ဆက်သွယ်ရေးဖုန်း(၂)လုံးအပါဝင်အမှုတွဲဖိုင်တချို့ကိုလည်း ဒေသခံကာကွယ်ရေးတပ်များက သိမ်းဆည်းခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။
