ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ဝှါရီဆူးပလိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ ၆နာရီကြာတိုက်ပွဲဖြစ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃) ဖယ်ခုံဇုန်က ထုတ်ပြန်သည်။
မတ်လ ၁၀ရက် နံနက် ၈နာရီမှ နေ့လယ်၂နာရီအထိ ကြာမြင့်ခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အကျအဆုံးရှိသော်လည်း အရေအတွက် အတည်မပြုနိုင်ဟု ဆိုသည်။

ထို့ပြင်စစ်ကောင်စီကားတစ်စီးကိုလည်း KNDF မှ မိုင်းဆွဲတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲတွင် KNDF ရဲဘော်များမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို KNDF တပ်ရင်း(၃)၊ တပ်ရင်း(၇)၊ တပ်ရင်း(၁၁) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရက်ပေါင်း ၂၅ ရက် ကြာမြင့်နေပြီဖြစ်သော ရှမ်း-ကယား ဒေသအစပ် မိုးဗြဲ ၊ဖယ်ခုံမှတစ်ဆင့် ဒီးမော့ဆိုမြို့နယ်ကို ထိန်းချုပ်ရေးအတွက် အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် နေ့စဥ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။
အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ အထိနာနေသဖြင့် စစ်ရှောင်နေရာများအထိပါ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေပြီး ပြည်သူအချို့ သေဆုံးမှုရှိနေသည်။


















































